Wednesday 30 May 2007

ထန်းတောထဲက စာသင်ကျောင်း

ဒီခောတ်ကလေးတွေ နိုင်ငံရပ်ခြားမှာ ပညာသွားသင်ကြတော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က မလယ်မှာ ပညာသင်ခဲ့ရတဲ့အကြောင်းကို သွားသတိရမိတယ်။ ကိုဂျက်တို့ ကျောင်းဆိုတာ ရွာအနောက်ဘက် အပြင်ဘက်ဆုံးမှာ။ ရွာဆေးရုံထက်ဝေးသလို သင်းချိုင်နဲ့ကျတော့ ကျောချင်းကပ်။ ကျောင်းပုံစံက L ပုံစံ။အုတ်နဲ့ဆောက်ထားပြီး သွပ်မိုး မိုးထားတယ်။ ခန့်ခန့် ညားညားဘဲ။ မုန့်ဈေးတန်တော့ မရှိဘူး ။ထမင်းစားချိန်ဆိုရင် အိမ်ပြန်စားရတယ်။ ကျောင်းဝန်ကျင်မှာ ထန်းတော တော့ရှိတယ်။အဲ ကျောင်းအုပ်ကတော့ ဒေါက်တာ ယုကန်း ဘဲပေါ့ ။

ကိုဂျက်တို့ကျောင်းက အုတ်တိုက်နဲ့ဆိုတော့ အထင်ကြီးနေပြီလား။ ဟဲ .. ဟဲ .. အဲ့ဒါ အပြင်ပိုင်းကိုပြောတာ ။ စာသင်ခန်းတခန်း တခန်းကို black board နဲ့ကာထားတာ ။ hall ခန်းမှာ ၄ပေ black board လေးတွေထောင်ထားတာပေါ့။ black board ဆိုတာ သစ်သားချပ်ကြီးတွေကို တခုနဲ့တခုဆက်ပြီး ဘောင်ခတ်ထားတဲ့ဟာလေ ။ စာသင်ခုံတို့ ထိုင်ခုံတို့ဆိုတာမရှိ ။ တမံတလင်းလဲ မခင်းထားပါဘူး ။

ဒါဆိုဘယ်လို စာရေးမလဲလို့ မမေးနဲ့ ။ စာသင်ခန်းထဲက မြေနီနီပေါ်မှာ ပုဆစ်ဒူးတုပ်ပြီး သင်ရတာပေါ့ ။ဖတ်စာအုပ်ဆိုလည်း ကျောင်းသားတိုင်းမှာ မရှိဘူး ။ ဖတ်စာအုပ်တောင်မရှိတာ ရေးဖို့စာအုပ်…..ဟုတ်ဘူးမှားလို့ … စာအုပ်မဟုတ်ဘူး ကျောက်သင်ပုန်း နဲ့ ကျောက်တံတောင် အနိုင်နိုင် ။

ကျောင်းကပြန်လာရင် ကိုဂျက်တို့မောင်နှမ၀တ်လာတဲ့ အဖြူအစိမ်းက အနီရောင် ပြောင်းနေပြီ။ ဖင်လေးတွေဆို နီရဲနေတာဘဲ ။ အမေဆို ကိုဂျက်တို့မောင်နှမကို ကြည့်ပြီး ငိုပါလေရော ။ ကျောင်းကဘာသင်လဲ ပြဆိုရင် ဘာသွားပြရမှန်းတောင်မသိဘူး ။ ကျောက်သင်ပုန်းနဲ့ စာရေးတာဆိုတော့ တဘက်ပြည့်ရင် နောက်တဘက်ရေး ၊ ပြည့်ရင်တခါ ဟိုဘက်ကရေးထားတာကို တံတွေးနဲ့ဖျက်။ အဲ့ဒီလိုရေးရတာဆိုတော့ဘာသွားပြရမှာလည်း ။ ပြီးတော့ လျှာတွေလည်း မည်းတူးနေတာဘဲ ။ အမေက စာသင်တာ ၀ါသနာပါတော့ ကိုဂျက်တို့မောင်နှမကို စာသင်ပေးတယ် ။ နောက်တော့ ရွာက ကလေးတွေကို အင်္ဂလိပ်စာသင်ပေးတယ် ။

နောက်တော့ အမေက ကျောင်းကို စားပွဲတွေ ထိုင်ခုံတွေ လှူ ၊ ဆရာမတွေကို စာအုပ်တွေဝယ်ပေး ။ အဲ့ဒီမှာမှ ကျောင်းက တဖြည်းဖြည်းတိုးတက်လာတာ ။ ကိုဂျက်က ကျောင်းပျော်တက်တာဆိုတော့ သိပ်ပြသာနာ မရှိဘူး ။ အမကိုတော့ လားရှိုး ကိုပို့ပြီး ကျောင်းထားလိုက်တယ် ။

ဒီလိုနဲ့ ၁၉၈၈ ရောက်တော့ ကျောင်းတွေကပိတ် ။ ရွာက ဘုန်းကြီးတွေက ကျောင်းသားတွေ အားလုံးကိုခေါ်ပြီး ဇရပ်မှာ စာသင်ပေးတယ်။ ဘုန်းကြီးက ကြိမ်လုံးကြီးကိုင် ပြီး စာသင်တယ်။ ထုံးစံအတိုင်း စာသင်ရင် ဒူးတုပ်ပြီး သင်ရတယ် ။ ခေါင်းထောင်ရင် ဗျောတီးခံရတယ်။

မြန်မာကျောင်းတွေရဲ့ ထုံးစံအတိုင်း ကျောင်းတက်ခေါင်းလောင်းထိုးရင် ဘုရားရှစ်ခိုးရတယ် ။ ကိုဂျက်တို့က ဘာသာခြားလေ။ ဒါပေမဲ့ ဗမာဘုရားစာ အကုန်ရတယ် ။ ညဆိုရင် ကိုဂျက်တို့က သူများအိမ်မှာ ဗမာလိုဘုရားရှိခိုး ၊ ပြီးရင် အိမ်ပြန် ကိုယ့်ဘုရားကို ရှိခိုး ၊မိဘနှစ်ပါးကိုကတော့ ။ သူတို့kiss ပေးပြီးမှဘဲ အိပ်ရာဝင်တယ်။

မလယ်မှာ ပညာသင်ခဲ့ရတုန်းက မှတ်မိသလောက်ရေးထားတာ။ကျောက်သင်ပုန်း ၊ကျောက်တံတွေ ကိုင်ခဲ့ရတဲ့ လက်ဟာ ခုတော့ keyboard ပေါ်မှာ ပြေးဆော့နေပြီ။ ရက်ကို လစား ၊လကို နှစ်စား ပြီး အချိန်တွေ အတိတ်မှာ ကျန်ခဲ့ပေမဲ့ ဒါတွေဟာ မနေ့တနေ့ ကလိုပါဘဲ ။ ပြန်လည်စဉ်းစားမိလိုက်တိုင်း ရင်ထဲမှာ တခုခု ခံစာနေရဆဲပါ…….

အကျယ်ဖတ်ရန်...

Sunday 27 May 2007

တချို့ အပျိုလေးတွေဆို

မလယ် ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျေးရွာဆေးရုံဖွင့်နိုင်ခဲ့တယ် ။ ဖွင့်ပွဲဆိုတော့ ရွာထုံးစံအတိုင်း ၀တ်ကောင်းစားလှတွေနဲ့ ပွဲတော်ကြီးပေါ့ ။ ရွာမှာ အင်္ဂလိပ်ဆရာဝန်ရောက်လာပြီဆိုတော့ ၊ မြန်မာ ဆရာဝန် (ဒေါက်တာ ယုကန်း ) မျက်ခုံး ခတ်လှုပ်လှုပ်နဲ့ အခြေအနေစောင့်ကြည့်နေတယ်လေ ။ အောင်မယ် သူ့ကိုလည်း အထင်မသေးနဲ့။သူက ကျောင်းအုပ်ကြီး ၊ ဆေးထိုးအပ်လည်းကိုင်တယ် ။ သူကအိမ်သုံး ဆေးဝါးစာအုပ်ကို ဆောင် ထားတော့ ဟုတ်လှပြီထင်နေတာ ။ နောက်ပြီးခေါင်ကိုက်ရင် ဒီဆေး ၊ဗိုက်နာရင် ဒါသောက် ။ ပုံသေနည်း အတိုင်းဘဲ ။ အနာနဲ့ဆေးတဲ့လိုသက်သာရင် သူနာမယ်ကြီးတယ်လေ ။ မသက်သာရင် အင်္ဂလိပ် ဆရာဝန် ဆီရောက်လာပြီ။အဖေက နေ့တိုင်း ဆေးရုံသွား ၊ အမေက အိမ်မှာ ဆေးခန်းဖွင့် ။ အိမ်မှာဖွင့်တာဆိုတော့ သူတို့ကြိုက်တဲ့ အချိန်လာတယ် ။
ရွာမှာဆိုတော့ အိမ်သာတွေက သိတော်မူကြတဲ့အတိုင်း လုံခြုံမှုကမရှိ ။ တံခါးကို ပီနံအိတ်ခွံနဲ့ အဖွင့်အပိတ်လုပ်ထားတယ် ။
အိမ်သာထဲကို ၀င်လိုက်ရင် အိမ်သာကျင်းထဲ မကျအောင် သတိထားရတယ် ။ ဘာလို့ဆိုတော့ အိမ်သာကျင်းပေါ်မှာ ၀ါးလေး၂တန်း တန်းပြီး ဆောက်ထားလို့ပါ။ အဲ့ဒီတော့ ကိစ္စပြီးလို့ ဆေးစရာ ရေအိုးလည်းမထားနိုင် ။ ပတ်ပတ်လည်မှာတော့ ၀ါးထရံကာထားတယ် ။ ထရံကာထားလို့ လုံခြုံတယ် မထင်နဲ့ ။ ဆေးစရာ ရေမရှိတော့ ကိစ္စပြီးရင် ထရံက ၀ါးတွေချိုးပြီး မိမိကိစ္စကို အဆုံးသတ်ကြတယ်လေ ။ အဲ့ဒီတော့ အိမ်သာက လေ၀င်လေထွက်တယ်ကောင်း။ ဒီတော့ဘာဖြစ်လဲ ...့ ဘာဖြစ်ရမှာလည်း ၀ါးတွေက ဖင်တွေရှပြီး ချုပ်ရတဲ့ လူတွေရှိသလို ၊ တချို့ အပျိုလေးတွေဆို မတော်ရာ ထိုးမိလို့ ရောက်လာသူတွေမနည်း ။
အဲ ကိုဂျက်မှတ်မိတာ ၁ခုရှိသေးတယ် ။ ရွာရောက်ရောက်ခြင်းနေရတဲ့ အိမ်ကနေ နောက်တအိမ် ထပ်ပြောင်းရတော့ အိမ်ကနည်းနည်းသေးပြီး အတွင်း မှာထပ်ခိုးရှိတယ် ။ ထပ်ခိုးမရှိတဲ့ အခြမ်းမှာ ဆေးခန်းဖွင့်ထားတယ် ။ ထပ်ခိုးကကြည့်ရင် ဆေးခန်းကိုအပေါ်စီးကနေ တွေ့ရတယ်။ အိမ်ရှေ့မှာတော့ ရွာလယ်ဘုန်ကြီးကျောင်းရှိတယ် ။ တနေ့တော့ ဆေးခန်းကို လင်မယား ၂ယောက်ရောက်လာကြတယ် ။ သူ့မိန်းမရဲ့ နို့မှာ ပြည်တည်ပြီး အနာဖြစ်တာလာပြတာ ။ ကိုဂျက်တို့ကလည်းစပ်စုတယ်လေ။ ဘာလဲပေါ့။ဘာဖြစ်တာလဲပေါ့ ။ ခွဲမယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားသွားတယ် ။ အမေကတော့ ကိုဂျက်တို့မောင်နှမတွေကို နှင်လွှတ်ရင်းခွဲဖို့ပြင်နေတယ် ။ ကိုဂျက်တို့က မကြည့်နဲ့ဆိုတော့ အိမ်ပေါ် ထပ်ခိုးပေါ်တက်ပြီး ချောင်းတာပေါ့ ။ ဘယ်လိုခွဲမယ်ဆိုတာကို သိပ်သိချင်နေတော့ လည်း စောင့်နေတာပေါ့။ အမေက သူ့ယောက်ျားကို သတ္တိရှိလား ၊သူ့မိန်းမကိုမလှုပ်အောင်ကိုင်ပေးထားဆိုပြီး သတိပေးနေတယ် ။ သူ့ယောက်ျားကလည်း သတ္တိရှိတယ် ၊ ဆရာမကောင်းသလိုလုပ်ပါတဲ့ ၊အမက ခွဲစိတ်ဒါးလေးကိုင်ပြီး အနာပေါ်မှာ တချက်ဖိဆွဲလိုက်တယ် ။ ပြည်တွေပန်းထွက်လာတယ် ။ အမကပြည်ကုန်အောင်နည်းနည်း ညှစ်လိုက်တဲ့အချိန်မှာ ၀ုန်းဆိုတဲ့ အသံကိုကြားလိုက်ရတယ် ။ ကိုကို သတ္တိခဲ သွေးပြည်တွေတွေ့ရင်း မူးလဲသွားတာပါ။ အစိမ်းခွဲတဲ့ လူနာက ဘာမှမဖြစ်ဘဲ လူနာစောင့် က ရှောခ် ဖြစ်သွားတယ်။ နောက်တော့ ဒီလူနာလည်း ကျန်းမာရေးပြန်ကောင်းလာပြီး အမေ့ကိုကျေးဇူးတင်မဆုံးပေါ့။

အကျယ်ဖတ်ရန်...

လုံးဝ… လုံးဝ (အပိုင်း ၂ )

အသက် ၈၀ ကျော်အဖွားကြီးက အသက် ၅၀ ကျော်သူ့သားကို လူကြီးတယောက် လို့မြင် ပါ့မလား ။ သားကြီးတော့ အဖအရာ ၊ သမီးကြီးတော့ အမိအရာ ။ ဒါဆို အဖေမရှိတော့တဲ့ မိသားစု ၊ အဖေမရှိတော့တဲ့ မိသားစု ၊ မိဘနှစ်ပါးစလုံးမရှိတော့ မိသားစုဆိုရင် အကြီးဆုံး သားသမီးတွေက အလိုလို မိဘနေရာ ရောက်သွားကြတာဘဲ။ သူတို့ဟာ အရွယ်မရောက်သေး တဲ့ သူတွေဖြစ်ရင်ဖြစ်မယ် ၊ အရွယ်ရောက်ပြီးတဲ့သူ ဖြစ်ရင်ဖြစ်မယ် ။ အရွယ်မရောက်သေးတဲ့ သူတွေဆိုရင် မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်မှဖြစ်မယ် ။ သူဟာ မိဘနေရာ လည်းယူထားမယ် အလုပ်လည်း လုပ်နေမယ် ၊ ဒီလိုဆိုရင် ကိုဂျက်တို့က သူတို့ကိုကလေးလို့ ခေါ်မလား ၊ အသက် ၁၈နှစ်အောက်ကို ကလေးလို့ သတ်မှတ်တဲ့ ဒီကနေ့မှာ သာမန်လူကြီးတ ယောက် မရင်ဆိုင်ရဲတဲ့ လောကဓံကို သူတို့လေးတွေက ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြပြီ။ ဘယ်သူမှ အတင်းအကြပ် ဒီကလေးတွေကို အလုပ်လုပ်ပါလို့ မပြောကြဘူး ။ သူတို့အသိစိတ်ဓတ်နဲ့ သူတို့ လုပ်ပြီး ၀င်ငွေရအောင်ကြိုးစားနေကြတာ ။ ကိုဂျက်ပြောတာ လက်တွေ့မှ မဟုတ်တာ ဆိုရင် ကို့မိသားစုကို ဘဲ သာဓကထားပြောပြမယ် ။ ကိုဂျက်အဖေမှာ မောင်နှမ ၈ ယောက် ရှိတယ်။ သူတို့ကတော်တော်လေးဆင်းရဲတယ် ၊ သူတို့ အဖေလုပ်စာတခုထဲနဲ့ စားမလောက် တော့ အကြီးဆုံးဖြစ်တဲ့ ညီအကို ၃ယောက်က တာဝန်သိတတ်စွာနဲ့ အလုပ်စလုပ်ပါတယ်။ အဖေရယ် ၊အဖေ့အကိုကြီးရယ် ၊ အဖေ့တတိယညီရယ်ပေါ့ ။ အရွယ်က အကြီးဆုံးမှ ၁၅ နှစ် ။ လုပ်ရတဲ့ အလုပ်က မီးရထားကုန်တွဲတွေပေါ် ကြံတွေတင်တဲ့ အလုပ် ၊ ရေတွင်းတူးတဲ့အလုပ် စတဲ့ ပင်ပင်ပန်းပန်း အလုပတွေကိုလုပ်ရတယ် ။ ဒီလိုကလေးတွေအလုပ်လုပ်လို ဘယ်လူကြီး မှ ကလေးအလုပ်သမားလို့မခေါ်ဘူး။ သူတို့တတ်နိုင်သလောက် ကိုယ့်မိဘကိုထောက်ပံ့တာ ဖြစ်လို့ လူကြီးတယောက်လို့ဘဲ ဆက်စံသင့်တယ်။ အတင်းအဓမစေခိုင်းတာ ထက်စာရင် ကိုယ့်အသိစိတ်ဓတ်နဲ့ ကိုယ်လုပ်တဲ့ ကလေးတွေကို အလုပ်သမားလို့ အတင်းခေါ်နေကြ မဲ့အစား ကျောင်းနေအရွယ်မှာ အေးချမ်းစွာ ပညာသင်နိုင်အောင် ၊ သူတို့ရဲ့အနာဂတ်တွေလှပ လာအောင် ၀ိုင်းဝန်းကူညီ ကြမယ်ဆိုရင် …. ကလေးတွေကတော့အလုပ်လုပ်နေကြဦးမှာဘဲ ။ ဒီလိုအလုပ်လုပ်တဲ့ကလေးတွေကို နာမည် လှလှလေးပေး နိုင်ကြပါစေ။

အကျယ်ဖတ်ရန်...

Saturday 26 May 2007

လုံးဝ… လုံးဝ

မန်မာနိုင်ငံမှာ ကလေးအလုပ်သမား လုံးဝ… လုံးဝ မရှိပါ ။ အငြင်းမစောနဲ့နော်.. ကျွန်တော် တွေးမိတာကိုပြောမယ်…. မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားရှိတယ်ဆိုပြီး လွန်ခဲ့တဲ့၎..၅ နှစ် ကစပြီး ကြားကြားနေရတယ် …ဒါနဲံ့ ကိုဂျက်လည်း ဟုတ်မဟုတ် သိရအောင်ဆိုပြီး လက်လှမ်း မှီသလောက် လဘက်ရည်ဆိုင် ၊ ဂ၀ံကျောက်ကို ထုခွဲပြီး လမ်းပြင်နေတဲ့ကလေး ၊ တောင်းစား နေတဲ့ကလေး စတဲ့ ကလေးပေါင်းစုံကို လေ့လာကြည့်မိတယ် ။ အစတော့ ကလေးအလုပ် သမားဆိုတာဟုတ်သလိုလိုဘဲ ။ သေချာတွေးကြည့်တော့ အပိုင်း ၂ ပိုင်း တွေ့ရတယ် ။ သေချာတာကတော့ အဲ့ဒါ ကလေးအလုပ်သမား မဟုတ်ဘူးဆိုတာဘဲ ။ ကိုဂျက်က ဘယ်သူ့ဘက်မှမပါဘူးနော် ။ ကလေးတွေဆိုတာက ကိုယ့်မိဘကို ကူညီချင်ကြတယ် ။ သူတို့ကျောက်ခဲ တလုံးသယ်နိုင်ရင် ကူသယ်ပေးချင်တယ်လေ ။ အဲ သူ့မိဘတွေကလည်း ပညာကလည်းမတတ် ၊ ဦးပုည စကားနဲ့ပြောရရင် ဖွတ်တောင် အကို လို့ ခေါ်ရလောက် အောင်မွဲ ၊ တို့လို့ တွဲလောင်း ကလေးတွေက ဘောတသင်းစာ ။ ဒီလို အချိန်မျိုးမှာ ၅နှစ် ၊ ၁၀နှစ်အရွယ် သားသမီးတွေက မိဘတွေကို ကူညီရင် ဘယ်မိဘ ငြင်းရက်မှာလည်း ။ အော် ငါ့ သား သမီးတွေက လိမ်မာလိုက်တာ ၊ ကြည့်စမ်း ဟိုလူကြီးသား သမီးတွေ ဇိမ်ခံကားကြီးနဲ့ အင်္ဂလိပ်ကျောင်း တက်နေတဲ့အချိန်မှာ ငါ့သား သမီးတွေက ထမင်းကြမ်းခဲကြီးစားပြီး နေပူထဲမှာ ချွေးဒီးဒီးကျနေတာနေတာတောင် အပြုံးမပျက် မိဘကို ကူညီနေလိုက်ကြတာ ။ တော်လိုက်တဲ့ သားသမီး တွေလို့ နှုတ်ကပြောပြီး ရင်ထဲမှာ သောကမီးတွေတောက် လောင်နေတဲ့ မိဘတွေကို မြင်ရောင်လိုက်စမ်းပါ ။ သားသမီးတယောက် အလုပ်လုပ်ရင် မိဘတွေလည်း အသက်ရှုချောင်တယ်လေ ။ ကျောင်းမတက်နိုင်ဘဲ လေနေမဲ့အစား မိဘကိုကူလုပ်နေတဲ့ ကလေးတွေကို ကလေးအလုပ်သမားလို့ခေါ်ရင် သူ့မိဘတွေ ရင်နာလိမ့်မယ် ။ ဘာမှမတတ်နိုင်တော့တဲ့ ဘ၀မှာ ဖြစ်သလို ဘ၀ကို ရဲရဲ ရင်ဆိုင်ရဲတဲ့ သူတို့တွေနေရာမှာ ကျွန်တော်တို့ရော အဲ့ဒီလိုခေါ်ခံရ ၊ ရင်ဆိုင်ရဲတဲ့သတ္တိရောရှိပါ့မလား……….

( အပိုင်း ၂ မှာ ဆက်လက် ငြင်းခုံပါမည် )

အကျယ်ဖတ်ရန်...

Tuesday 22 May 2007

ရန်ကုန်တက္ကသိုလ်

မီးအကြောင်းပြောတော့ ရန်ကုန်တက္ကသိုလ် မီးလောင်တဲ့ အကြောင်း သတိရမိတယ်။ ၂၀၀၂-၂၀၀၃ လို့ထင်တာပဲ ။ ဒီတုန်းက ကျွန်တော်တို့က 4th year EC ။ ဒဂုံတက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ်ကို ကူးချည် သန်းချည် သွားပြီး စာသင်နေရသော ကာလဖြစ်သည်။ ရှင်းရှင်းပြောရရင် သစ်ပုတ်ပင်ကြီး ထောင်မကျသေးဘူး ။ အဲ ရန်ကုန်တက္ကသိုလ် မီးလောင် တယ်ဆိုတော့ တခုလုံး လောင်တယ်လို့ မထင်လိုက်နဲ့ ။ chemistry ဌာနက lab အခန်းတခန်းပါ။ ကျွန်တော်တို့က physic department ။ အရင်ကလည်း physic department က မီးလောင်တယ်လို့ နာမည်ကြီးဘူးတယ်။ တကယ်တော့ lab ခန်းထဲက capacitor ပေါက်ပြီး မီးခိုးထွက်လာတာ။

အရင်က ရန်ကုန်တက္ကသိုလ် ဆိုတာ ကျောင်းသားတွေ၊ချစ်သူတွေ အတွက် ပျော်စရာ နေရာတခုပါ။ အခုတော့ အရပ်ဝတ်စစ်တပ်က အရာရှိတွေက ကျောင်းသားပုံစံနဲ့ တပ်ဖျောက်တာတမျိုး ၊ ထောက်လှမ်းရေးတွေက တမျိုး ၊ အမျိုးမျိုးနဲ့ ပျော်စရာ မကောင်း တော့ဘူး။ မလွတ်လပ် တော့ဘူး။ အဲအဲ chemistry ဌာနက lab အခန်းတခန်း မီးလောင်တာ သိပ်မထူးဆန်းဘူး ။ ထုံးစံအတိုင်း မီးသတ်ကားတွေ အများကြီး ရောက်လာတယ်။ တကျောင်းလုံးစာသင်တာရပ်ပြီး အကုန် အိမ်ပြန်ခိုင်းတယ်။ ကျောင်းသားတွေကမပြန်ဘဲ မီးလောင်ရာဝန်းကျင်မှာ စောင့်ကြည့်နေကြတယ်။ တခန်း နှစ်ခန်းလောက်ပဲ ဆိုတော့ အားလုံးကသိပ်စိတ်မပူကြဘူး။ မီးသတ်လည်းရှိတယ်ဆိုတော့ အေးအေးဆေးဆေးဘဲ။ ခက်တာက မီးသတ်ကားကနေ လောင်တဲ့အခန်းထိ ပိုက်မမှီဘူးဖြစ်နေတယ်။ သူနာတင်ကား ကလည်း အဆင်သင့် ။ တာဝန်ရှိသူတွေက အားလုံးလိုလေ သေ့မရှိ စီစဉ်ပေးသည့်အပြင်၊ လက်ဆောင်တခုပါ ထည့်ပေးလိုက်သေးတယ်။ တခြားမဟုတ်ပါဘူး။ နံပါတ်တုတ်ကိုင် စစ်သားတွေနဲ့ လက်နက်ကိုင် တွေကို စစ်ကား ၂ စီး လောက်နဲ့ ထည့်ပေးလိုတယ်။

သူတို့ရောက်လာမှဘဲ ငြိမ်နေတဲ့ကျောင်းသားတွေဆူလာတော့တယ်။ မီးလောင်တာ မီးသတ်နဲ့ဘဲဆိုင်တယ် ။လုံထိန်းနဲ့မဆိုင်ဘူး။ ဒို့လည်းဆူတာမဟုတ်ဘူး။ ဒီကောင် တွေမလိုဘူးဆို ပြီး မအေ၊ နှမကိုင်ဆဲပါလေရော။ အေးအေးနေ နေတဲ့ကျောင်းသား တွေကတော့ ခပ်ဝေးဝေးမှာ အခြေအနေ ကိုစောင့်ကြည်နေကြတယ်။ အခြေအနေကို ရိပ်မိတဲ့ ဆရာတွေက ကျောင်းသားတွေကြားထဲဝင်ပြီး အိမ်ပြန်ဖို့ အတင်းပြောနေကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေက ဒဂုံတက္ကသိုလ်မှာ သွားသွားတက်ရတာဆိုတော့ ကျောင်းသား တွေရဲ့ ကားတိုင်းမှာ သံတုတ်တို့၊ဘာတို့ အမြဲပါတယ်။ ကိုယ့်ဘာသာကာကွယ်ဖို့ပါ။ ဒါတွေကို သိတဲ့ဆရာတွေက အိမ်ကိုအတင်းပြန်ခိုင်းတယ်။ လူစုတွေခွဲပေးတယ် ။ ကျောင်းသားတွေက လည်းဆရာတွေနားထောင်ပြီး နေလို့သာ ။ နို့မဟုတ်ရင်တော့ ။ မီးလောင်တယ်ကြားတိုင်း သတိရမိတဲ့ အဖြစ်အပျက်တခုပါ။ သတင်းစာတွေထဲမှာ ဒီသတင်းကို နှမ်းဖြူးရုံ ထည့်ပေးထားပါသေးတယ်။

အကျယ်ဖတ်ရန်...

မလယ်မီး

မီးဗျို့….မီး .. မီး .. …။ ဆရာမရေ ကျွန်တော်တို့ ရေသယ်မယ်နော် ဆရာမ ။ လူတွေအိပ်ကောင်းတုန်း မနက် ၂နာရီ ခွဲ ၃ နာရီလောက်တွင် ကမ္ဘာပျက်မတတ် အသံဆိုးကြီး နှင့်အတူ အမေ့ကို ခွင့်တောင်းသံပါကြားလိုက်ရသည်။

အမေက ကျွန်တော်တို့ ကလေးသုံးယောက်ကို လက်ဆွဲပြီး အိမ်ပေါ်မှပြေးဆင်းကာ အိမ်ရှေ့ကွင်းပြင်မှာထားခဲ့သည်။အမေနှင့်အတူ အမေ့မွေးစားသမီးတို့က အိမ်ပေါ်အိမ် အောက်မှ ပစ္စည်းများကို ကွင်းပြင်ထဲဆွဲထုတ်ကြသည်။ တလမ်းကျော် အိမ်မှ မီးလောင်နေခြင်းဖြစ်သည်။ကျွန်တော်က ၃နှစ်သား ၊ မီးလောင်တာ တခါမှ မတွေ့ဘူးလို့ ငေးကြည့်နေမိသည်။အငယ်မလေးကတော့ ငိုနေလေရဲ့။

ရွာသားများက အိမ်ရှိ ရေကန်မှ ရေများကို ၁ဗုံးပြီး၁ဗုံးခတ်ရင်း မီးငြိမ်းနေသလို လှေပိုင်၊ မော်တော် အပိုင်ရှိသူများက တဘက်ကမ်းကို ပြေးဖို့ ရေဆိပ်ကို ဆင်းနေကြ သည်။တရွာလုံး ရှုတ်ရှက်ခတ်နေသည်။ ဒီဘက်ကမ်းက မီးထိန်ထိန် လင်းနေတော့ ဟိုတဘက်ကမ်းကလူတွေလည်း ဒီဘက်ကမ်းကို ကူးလာကြသည်။ မီးကိုလူနိုင်တော့ မိနစ် ၂၀ ကြာတော့ ငြိမ်းသွားသည်။

အိမ်ရှေ့ကွင်းပြင်မှာလည်း သေတ္တာတွေ ၊ အိပ်ရာလိပ်တွေ စုပုံနေသည်။ အမေက ဇောနဲ့ ဆွဲချလာတော့ ပစ္စည်းတွေပြန်မထားနိုင်။မောနေသည်။ အဖေကလည်း ခရီးထွက် နေတော့ အားကိုးစရာမရှိ။ရွာကလူတွေ ကူလုပ်ပေးမှဘဲ ပြန်ရွှေ့နိုင်တော့သည်။ ဟိုဘက်ကမ်းကလူတွေလည်း ဒီရောက်ပြီးမှ မီးငြိမ်းသွားတော့ အားမလိုအားမရ ဖြစ်ကာပြန်သွားကြသည်။

ဒီလိုနဲ့မိုးလင်းတော့ သတင်းစုံကြားရသည်။ ပဲပြုပ်သည်အိမ်မှ ပဲပြုပ်ရင်း မီးလောင်ခြင်းဖြစ်သည်။ အိမ်ကလည်း ၀ါးထရံကာဆိုတော့ လောင်အားကောင်းသည်။ လူညီတော့ မီးကတအိမ်ပဲလောင်သည်။ အဲဘယ်လောက်ညီသလဲဆိုရင် အဲ့ဒီအိမ်ကို တရက်ထဲနဲ့ ပြန်ဆောက်ပေးကြသည်။ဝါးခုတ်သူက လှည်းနဲ့ ၀ါးသွားတိုက်၊ သက်ငယ်ရက်သူကရက် ၊ အိမ်တိုင်ထောင်သူကထောင် ၊ ထမင်းဟင်းပို့သူကပို့နှင့် ပျော်စရာကောင်းသည်။

အိမ်မှာက ခေါင်းခဲစရာ တခုရှိနေသည်။ သစ်သားတီဗီကြီး ဘယ်နားထားမိမှန်း မသိဖြစ်နေသည်။ ရွာသားတွေက လှည်း၃ စီးနဲ့ရေတိုက်ပြီး အိမ်ကကန်ထဲ လာထည့်ပေးတော့မှဘဲ သစ်သားတီဗီ ကိုပြန်တွေ့တော့တယ်။ တော်တော်လေးသောတီဗီကို အမေတယောက်ထဲဘယ်လို မသွားသည်မသိ၊ သူလည်းပြန်မသယ်နိုင်။

ရွာရောက်ပြီး ၂လအကြာ ပထမဆုံးကြုံရသောအတွေ့အကြုံဖြစ်သည်။ ဒ်ီရွာလေးမှာ ၁၉၈၄ မှ ၁၉၈၈ အထိ အတွေ့အကြုံများကို မှတ်မိသမျှ ရေးသွားပါအုံးမည်။

အကျယ်ဖတ်ရန်...

Saturday 19 May 2007

မလယ်ရွာ

မလယ်ရွာ ...နာမည်လေးက စိတ်ဝင်စားစရာကောင်းသလို ၊ သူ့ရာဇ၀င်ကလည်းမသေး။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူ မြို့နယ်မှာ မလယ်ဆိုတဲ့ရွာတရွာရှိပါတယ်။ဇီးကုန်းမြို့ကို ရွာကနေ လှည်းနဲ့သွားလို့ရသလို ၊ သပိတ်ကျင်းကနေ မော်တော်နဲ့သွားလို့ရပါတယ်။သြော် ... ဒီရွာကလေးက ဧရာဝတီမြစ်အနောက်ဘက် ကမ်းမှာပါ။ မန္တလေးကနေဆိုရင် သပိတ်ကျင်းကိုသွား၊အဲ့ဒီကနေ မော်တော်နဲ့ကူးလာရင်ရောက်ပြီ။သူ့ရာဇ၀င်လား………..... ဒီရွာကလေးက ရာဇ၀င်မင်းသား ပျူစောထီး မွေးရပ်လေ။ ဟိုး ဘုရင်ခောတ်က ဒီနေရာလေးက ဘယ်လိုရှိမယ်မသိပေမဲ့ ကျွန်တော်တို့စရောက်ခဲ့ တဲ့ ၁၉၈၄ ထိ ရှေးအယူဝါဒတွေနဲ့ထုံမွှန် နေပါတယ်။ အိမ်ထောင်ဦးစီးလည်းဖြစ်၊ ကျေးရွာဆရာဝန်ကြီး လည်းဖြစ်တဲ့ အဖေရင်ထဲမှာ အဲ့ဒီအချိန်က ဘာတွေခံစားနေရ သလဲဆိုတာ မသိရပေမဲ့ မိန်းမသားဖြစ်တဲ့ အမေကတော့ မျက်ရည်တွေနဲ့ ။ မိဝေး ၊ ဘဝေး ယောက်ျားကို အားကိုးပြီး လိုက်လာခဲ့တဲ့ ဆရာဝန်မလေး အမေ့ရင်ထဲမှာ သားသမီးတွေရဲ့ နောင်ရေး ၊မိသားစုရဲ့ရှေ့ရေး၊ စတာတွေးရင်း မျက်ရည်တွေကို အဖော်ပြုနေလေရဲ့။ ကျွန်တော်တို့ မောင်နှမသုံယောက် ကတော့ နယ်မြေအသစ်ဆိုတော့ ပျော်နေ တယ်။တောင်ပေါ်မှာ နေတုန်းက ကားစီးခဲ့ရပေမဲ့ ဧရာဝတီမြစ်ကိုဖြတ်တဲ့အခါ မော်တော်ကို ပထမဆုံးစီးရတော့ ပျော်တာပေါ့။ ရွာကိုရောက်တော့ ရွာကလူကြီးတွေရယ်၊ ကာလသားတချို့ရယ်၊ စပ်စုတတ်တဲ့ မိန်းမ တချို့ ရယ် ၊ အရွယ်စုံကလေးဘုစုခရုတွေရယ် ၊ ပေါင်းလိုက်ရင် ရွာတ၀က်လောက် လာကြိုကြ တယ်။သူတို့ကျေးရွာရဲ့ ပထမဆုံးသော ဆရာဝန်ကြီးဆိုတာဘယ်လိုပုံစံ နဲ့ဆိုတာတွေ့လိုက် တဲ့ အချိန်မှာ အံ့အားသင့်တဲ့ အသံတသံကြားလိုက်ရတယ်။ ဆရာဝန်ကြီးသာဆို တယ်ငယ်ငယ်လေးပဲတဲ့။ ဟိုစပ်စုတတ်တဲ့ မိန်းမအုပ်စုထဲကပဲပေါ့။ကျွန်တော်တို့ကို ပေးထား တဲ့အိမ်က ၂ထပ်တိုက် ၊ မြစ်ဆိပ်နဲ့နီးတယ်။ မြစ်ဆိပ်ကနေ လှေကားအတိုင်းတက်လာရင် အိမ်ကိုရောက်ပြီ၊ကျွန်တော်တို့ရွာကိုရောက်ပြီး ၁ လလောက်အထိ ကိုယ်တိုင်ချက်စားစရာ မလိုဘူး။ဟိုအိမ်ကဖိတ်ကျွေးလိုက် ၊ ဒီအိမ်ကဖိတ် ကျွေးလိုက်နဲ့။အဖေကတော့ ဆေးရုံအသစ် ဖွင့်ဖို့အတွက် လုံးပန်းနေတယ်။အိမ်က ရွာတောင်ပိုင်းမှာ ဆေးရုံက ရွာအပြင်အနောက် ပိုင်းမှာ။တော်တော်ဝေးတယ်။ရဲစခန်းက ရွာလမ်းမကြီးအဆုံးရွာ ရှေ့ပိုင်းမှာ။သူ့ညာဘက်မှာ ဘုန်းကြီးကျောင်းတကျောင်းရှိတယ်။ဘုန်းကြီးကျောင်းရဲ့ရှေ့ ရဲစခန်းရဲ့ ဘယ်ဘက် မှာ ကွင်းပြင်ကြီးခြားပြီး စေတီပျက်ကြီး ရှိတယ်။စေတီပျက်ကြီးက သူ့ခောတ်သူ့ခါက ထွန်းတောက်ခဲ့ပေမဲ့ ဒီအချိန်မှာမှေးမှိန်နေပါပြီ ။နောက်ပြီးလျှို့ဝက်ချက်တွေ၊ အံ့အားသင့်စရာ တွေအများကြီးဘဲ။ ဧရာဝတီမြစ်ကိုမျက်နှာမူထားတဲ့ စေတီပျက်ကြီးရဲ့ ဟာမြစ်ကမ်း နဖူးပေါ်မှာပါ မေးတင်ထားတယ်။မြစ်ထဲက လှမ်းကြည့် လိုက်ရင် တောင်ထိပ်မှာတည်ထားတဲ့ ဘုရားစေတီလိုဘဲ။ စေတီခြေရင်းမှာ လှိုင်ဂူ ၁ ခုရှိပြီး ဧရာဝတီမြစ်ရေ အမြဲဝင်နေပါတယ်။ လှိုင်ဂူရှေ့မှာတော့ လူစားတဲ့ကတော့ပုံ စုပ်ဝဲတခုရှိတယ်။ဒီစေတီနဲ့ မနီးမဝေးနေရာမှာ နန်းတော်ရာပုံစံအုတ်မြစ်တွေရှိတယ်။(နောက်မှဘဲဆက်ပြောတော့မယ် ရိုက်ရတာညောင်း လာလို. ရွာပုံစံလေး ကို မှတ်ထားနော်..)

အကျယ်ဖတ်ရန်...

Monday 14 May 2007

မမေ့နိုင်သောနေ့တနေ့

အချိန်က ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးည တည ။ နီရွန်မီးရောင်အောက်က ရန်ကုန်မြို့ရဲ့ အ လှက ရှုမငြီးလှပနေသည် ။ အင်းယားကန်ဘောင် ၊ မြကျွန်းသာ ပန်းခြံတွေထဲမှာ လူတွေကလည်း ကြက်ပျံမ ကျ စည်ကားနေသည် ။ အားအား မနေတတ်တဲ့ ကျွန်တော်တယောက် ၊ စာပွဲပေါ်တင်ထားတဲ့ ကားသော့ကို ဆတ်ခနဲ ကောက်ယူလိုက်ပါတယ်။ ကျွန်တော့် အသက်ကလည်း ၂၀ ၊ရန်ကုန်တက္ကသိုလ်မှာလည်း တက်နေ တာဆိုတော့ ဘ၀င်ကလည်း ခပ်မြင့်မြင့်နဲ့ပေါ့ ။ငါဟဲ့ တက္ကသိုလ်ကျောင်းသား ၊ဘယ်သူ့စကားမှ နားထောင်စရာ မလိုဘူးလို့ထင်နေတဲ့အရွယ်ပေါ့။ ကားသော့စကိုင်ကတည်း သတိထားအမြဲပေးတတ်တဲ့ အမေ ဒီတခါတော့ ကျွန်တော် ကားသော့ကို ယူပြီးလစ်သွားတာကို သတိမထားမိလိုက်ဘူး။ကားသော့ကိုဖွင့်ပြီးလီဘာကို၂ချက်လောက်စောင့်နင်း လိုက် တယ်။ဒါကကျွန်တော့်အကျင့်။ပြီးမှတလိမ့်ခြင်းလှိမ့်ထွက်လိုက်တယ်။ သတိထားလိုက်မိတဲ့ အမေက ထုံးစံအ တိုင်း ဖြည်းဖြည်းမောင်းဖို့ လှမ်းအော်ပြီးပြောလေရဲ့ ....
ဒါပေမဲ့ ကျွန်တော့်စိတ်က တရုတ်နှစ်သစ်ကူးညမှာ ကားရှောက်မောင်းဖို့ပဲ စိတ်စောနေတော့ အမေလှမ်းအော်ပြီး ပြောတာလည်း မကြားတချက် ၊ကြားတချက်ရယ် ။ ကမ်ဘာအေး ဘုရားလမ်း အတိုင်း မြို့ထဲဘက်ကို အရှိန် မြင့်ပြီးမောင်းလိုက် အရှိန်လျော့မောင်းလိုက်နဲ့ပေါ့ ။ သိပ်အဝေးကြီးလည်း မမောင်းရဲသေးတာ့ ဆီဒိုနားကို ဗဟိုထားပြီး ပတ်မောင်းနေလိုက်သည် ။ ဒီနားပတ်ဝန်းကျင်က စည်ကားတော့ နည်းနည်းသတိထား မောင်းနေ မိသည်။ ဆီဒိုနား မီးပွိုင်ရောက်တော့ ရန်ကင်းပြန်ဖို့အတွက် ဘယ်ကွေ့ရန် အချက်ပြမီးကိုဖွင့်ထားလိုက်သည်။မီးပွိုင့်လည်း ၀ါသွားတော့ ဘရိတ်နင်းလိုက်ပြီး ဆီဒိုနား အလှ၊ မြကျွန်းသာ အလှကိုခံစားနေမိသည်။ နောက်ကား မီးကြီးထိုးမှပဲ မီးပွိုင့်စိမ်းမှန်း သတိရလိုက်သည်။ လမ်းမှန်ကားတွေ ဦးစားပေးပြီး ဘယ်ဘက်ဆွဲကွေ့လိုက်သည်။ ဒီအချိန်မှာ အုန်းဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ကို တယောက် ယောက်က နား ပန်ကျင်းလိုက်သလို ခံစား လိုက်ရပြီး ကားလည်းလာရာလမ်းကို ဦးတည်ပြီး ရပ်သွားတယ် ။ မျက်စိထဲမှာလည်း ကြယ်တွေလင်းလက်သွားသလိုဘဲ။ ကောင်းကောင်းပြန်မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော့်ကား ဆူပါဆလွန်း လေး ဘောနပ်ကခေါက်လျက်နဲ့ အသက်ကင်းမဲ့နေပါပြီ ။ ဒီတော့မှ ကျွန်တော် ဘာဖြစ်သွား တယ်ဆိုတာ နားလည်သွားတယ်။ ပထမဆုံးပြေးမြင်မိတာ အဖေ့မျက်နှာပါ။ အဖေဆူမှာကိုစိုးရိမ်မိတဲ့ ကျွန်တော် တော်တော် လေးအားငယ်မိပါတယ် ။ ဒုတိယပြေးမြင်မိတာ အမေ့မျက်နှာပါ ။ ကွေ့ကားဖြစ်တဲ့ ကျွန်တော်ကား ဆူပါဆလွန်းနဲ့ မီးပွိုင့်လွတ်အောင် အရှိန်ပြင်းစွာမောင်းလာတဲ့ လမ်းမှန်ကား ဖင်ကောက်ကား တို့ ဆီဒိုနားမီးပွိုင့်မှာအားရပါးရ နမ်းမိသွားပါတယ်။ ဒီအဖြစ် အပျက်ကရှောင်လို့ မရတော့ အဖေ့ကိုပြေးပြော ရတော့တာပေါ့ ။ ငယ်တုန်းကလို မိဘရင်ခွင်မှာ ၀င်ခွေ့လိုက်ရင် ပျောက်သွားမယ့် အပြစ်တွေမဟုတ်တော့ ပေးသမျှအပြစ်ခံ မယ်လို့ရင်ဝယ်ပိုက်ပြီး အဖေ့ကိုဝင်တွေ့လိုက်တယ်။ အဖေ့ကိုရှင်းပြလိုက်တော့ ကျွန်တော့်ကို တော်တော် စိတ်ပူသွားတယ် ။ ကံကောင်းခြင်တော့ ကျွန်တော် ဒဏ်ရာ တချက်မှမရလိုက်လို့ အဖေက ကားတိုက်မှန်း မသိလိုက်တာပါ ။ အဖေက ကျွန်တော့် ကိုလုံးဝမဆူတဲ့အပြင် မသေကောင်း မပျောက်ကောင်း လို့ ပြန်တွေ့ရတာ ၊ အဖေ ရှင်းပေးပါ့ မယ်ဆိုပြီး ကျွန်တော် နဲ့လိုက်ခဲ့ပါတယ်။ ည ၇း၃၀ မှာ ကားတိုက်ပြီး အ မှုဖြစ်တာ နောက်နေ့မနက် ၃း၀၀ မှ အိမ်ပြန်ရတယ်။ ဟိုဘက်ကလည်း သောက်ပြီးမောင်းလာတာက တ ကြောင်း၊ ယဉ်မောင်းလိုင်စင် ချက်ချင်းမပေးနိုင်တာတကြောင်း ။ ကောင်မလေးတွေက အိမ်ကကားကိုထားပြီး ကောင်လေး တွေနဲ့လိုက်လာတာတကြောင်း၊ကျိုးပဲ့ ဒဏ်ရာမရတာ တွေကြောင့် အမှူက သိပ်မကြီးကျယ်လိုက် ဘူး။အမေ ကကျွန်တော့်ကိုဆူချင်နေပေမဲ့ အဖေ့ကြောင့် မဆူတော့ပါဘူး။ မိဘတွေရဲ့မေတ္တာက သိပ်ကြီးမား ပါတယ် ။ ကျွန်တော့်ကိုမဆူတဲ့အပြင် ဒဏ်ရာရမှာကိုတောင် စိတ်ပူနေကြပါသေးတယ် ။ လူမသေ ငွေမရှားဘူး လို့ အဖေက ပြောပြီး ကားသော့ကို ကျွန်တော့ကိုပြန်ပေးလိုက်ပါတယ်။ ကျွန်တော်ကာားတော့မကြောက်ဘူး ။ ဒါပေမဲ့ မောင်းချင်တဲ့စိတ်ကတော့ မရှိတော့ဘူး ။နောက်ပြီး မိဘကိုလည်း အားနာတယ် ။ ကျွန်တော့် ကြောင့်လည်း ငွေတော်တော်ကုန်သွားတယ်။ ဒီကားတိုက်မှုမှာ ကျွန်တော် ယုံကြည်မိတာ ၂ခုရှိတယ်။ ၁ ခုက မိဘမေတ္တာဟာ အတိုင်းအဆမရှိ ကြီးမားတယ် ။ ခွင့်လွှတ်နိုင်မှုစွမ်းအားကလည်း ကြီးမားတယ်။ မေတ္တာဆိုတာ ရေစုန် ၊ရေဆန် ရှိတယ် ၊ အရေးကြီးရင် သွေးနီးတယ် ဆိုတာဘဲ ။ နောက် ၁ ချက်က မြန်မာနိုင်ငံမှာနေရင် ဒေသအလိုက် ယုံကြည်ကြတဲ့ နတ်တွေ ၊ အစောင့်တွေ တကယ် ရှိ တယ် ဆိုတာ ကိုဘဲ ၊၊ ယုံချင်ယုံ မယုံချင်လည်း ကျွန်တော့် ကိုယ်တွေ့ကိုပြောပြလိုက်မယ်။ ကျွန်တော်ကားတိုက်တာ ည ၇း၃၀ ။ အဲ့ဒီနေ့မှာဘဲ မနက်ကတည်း ကျွန်တော် ကားတိုက်တဲ့ ည ၇း၃၀ အထိ ယာဉ်တိုက်မှု ၅ မှု ။ ဆီဒိုနားရှေ့မှာ ကျွန်တော့်ကိုစစ်နေတုန်း ကား၂စီး သီသီ လေးထပ်လွတ်သွားသေးတယ်။ ကျွန်တော်ပြီး နောက် ၁ မှု က လူသေပါတယ်။ ဒီယဉ်တိုက်မှုအားလုံးဟာ တပုံ စံထဲပါ ။ ဘုရားမလို့ ကျွန်တော် ကခေါင်း ချင်း ဆိုင် တိုက်ပြီး အသက်ဘေးကလွတ်လာတာပါ။ ဒဏ်ရာတောင်မရ ပါဘူး။ ကား ကညာ မောင်းဆိုတော့ တိုက်ရင် သူ့ကား ခေါင်းနဲ့တည့်နေပါတယ် ။ ခါင်းချင်းဆိုင်တိုက်လိုက်လို့ သာလွတ်လာတာပါ။ နောက်နေ့မှာ အဲ့ဒီနေရာကို ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တယ်လို့ကြားပါတယ်။ ဒါဟာတကယ့်အဖြစ်အပျက်ပါ။ ကျွန်တော့်ရေး တာ လေးကို ကြည့်ပြီးသင်ခန်းစာယူနိုင်ကြပါစေ ။ ဒီကိစ္စပြီးတော့ ကျွန်တော်စီစဉ်ထားတဲ့ နိုင်ငံခြားထွက်ဖို့ကို ဖျက် ပစ်လိုက် ပါတယ်။ ဘာလို့ဆိုတော့ မေတ္တာဆိုတာ ရေစုန် ၊ ရေဆန် ရှိတယ်လို့ယုံကြည်လိုပါ.....

အကျယ်ဖတ်ရန်...

Sunday 13 May 2007

ကျေးဇူးတင်လိုက်တာ

ကျေးဇူးတင်လိုက်တာ........ ကျွန်တော့ ညီမလေး ဇူးဇင်ကို ကျေးဇူးတင်လိုက်တာ ။ သူ့ကြောင့် ကျွန်တော် လုပ်ခြင်နေတဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်လို့ရသွားတယ် ။ Blog တွေ ကိုလည်း သူ့ကြောင့် သေချာ လေ့လာဖြစ်တယ်။ မသိတာလည်း ပြောပြပေးတယ် ။ သူ့ကြောင့် ဘဲ ကိုမောင်လှ ၊ ကိုနေကြီး အစရှိတဲ့ ကျွန့်တော့် ဆရာတွေကို သိလာရတယ် ။ သင်ဆရာ ကြားဆရာ များဖြစ်တဲ့ အင်တာနက်ထဲမှာရှိတဲ့ Blogger များ blog website များနဲ့ ကျွန့်တော့် ညီမငယ် ဇူးဇင် တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ် ။ ဆက်လက်ပြီး လမ်းပြကူညီ အကြံဥာဏ်ပေးကြပါအုံး.....ထာဝရ ကျေးဇူး အထူးတင်ရှိလျှက်.......

အကျယ်ဖတ်ရန်...

Saturday 12 May 2007

အချစ်ဆိုသည်မှာ

အချစ်.....တော်တော်ဒုတ်ခပေးတဲ့ အချစ် ။ ကျွန်တော့ ကောင်မလေး အချစ် ကို ကြိမ်းနေတာ မဟုတ်ဘူး ..အချစ် ဆိုတဲ့ အရာ ကြောင်းပြောနေတာပါ...ဟုတ်တယ်၊ ဒီကောင် မျက်စိ အားကိုးနဲ့ ချောတဲ့ အရာ ၊ လှတဲ့အရာတိုင်းကို သဘောကျ ၊ တခါတလေ သံယောဇဉ်နဲ့တောင် အဖွဲ့ကျနေတတ်တယ် ။ ပြီးတော့ ဒီကောင်က ကျေးဇူး ကန်းတတ်သေးတယ်....၊အချစ်မှာ မျက်စိ မရှိဘူးတဲ့ ၊ ဒါ မျက်စိ ကို စော်ကားလိုက်တာလေ........ ပြီးတော့ ဒီကောင်က ပြောသေးတယ် ၊ သူ့မှာ အမွှာ ညီတကောင် ရှိသေးတယ်တဲ့ ... ၊ တော်တော်လာတဲ့ အချစ် စကားကြီး စကားကျယ်သိပ်ပြောတယ် ၊ သူနာမည်က ၅၂၈ တဲ့ အေးမြတဲ့အချစ်လို့ အဓိပ်ပါယ် ရတယ်တဲ့ ၊ သူ့ညီနာမည်က ၁၅၀၀ တဲ့ ပူပြင်းတဲ့အချစ်လို့ အဓိပ်ပါယ် ရတယ်တဲ့ ၊ သူ့ညီနဲ့ သူ့ကို လူတွေက တခုထဲ ထင်ပြီး အမြင်တွေလွဲနေကြတယ်တဲ့ ၊ အမွှာလို့သာပြောတာ ကမ်ဘာခြားတယ်တဲ့... ။ အတော်ဒုတ်ခပေးတဲ့ အချစ် ၊ ကျွန်တော့်ကို အမြဲရင် လာလာဖွင့်တယ် ...ကြာတော့ ဒီကောင့်အကြောင်း စဉ်းစားရပြီပေါ့ ။ တကယ်တော့ အချစ်ဆိုတာ သွေးမတော် သားမစပ်တဲ့ သူကိုချစ်မှဘဲ အချစ် လို့ခေါ်တာ မှ မဟုတ်တာ ၊ ကိုယ်နဲ့ နီးစပ်တဲ့သူ ၊ ကိုယ့်ရဲ့ ရန်သူကို ခွင့်လွှတ်တဲ့ စိတ်နဲ့ချစ်တဲ့သူတွေကိုလည်း အချစ်လို့ခေါ်တာပဲ မဟုတ်လား ၊ သည်းညီးခံ ခွင့်လွှတ်ပြီး ချစ်ခဲ့ကြတဲ့ ချစ်သူတွေ ၊ မိဘတွေ ၊သွေးချင်းညီအကိုတွေ ၊မိတ်ဆွေတွေ သူငယ်ချင်း တွေရဲ့အချစ်ကရော ...... ချစ်တတ်ရင် ပျော်စရာကောင်းတယ် ၊ လူတိုင်သဘောကျတယ် ။ ဒါပေမယ့် အချစ်နဲ့ မကစားသင့်ဘူး ။ မျက်နှာမများသင့်ဘူး ၊ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို အချစ် လို့မထင်သင့်ဘူး ။ သေချာ စဉ်စားပြီး အချစ်စစ်ဟုတ် ။မဟုတ် ဆုံးဖြတ်သင့်တယ် ။ အချစ်မပါတဲ့ တဏှာ ကိုလည်းရှောင်သင့်တယ်။ အချစ်ကြောင့် အရာရာမှာသတ္တိ ရှိလာပြီး မိုက်ရူးရဲဆန်တဲ့သူ ၊အသက်ပေးချစ်သွားကြတဲ့ချစ်သူ တွေအများကြီး ရှိတယ်။ ဒါပေမဲ့ အချစ်ဟာ ပြီးပြည့်စုံတဲ့ အရာမဟုတ်ဘူး ။ အချစ် တခုထဲနဲ့လည်း ဘ၀တည်ဆောက်လို့ မရဘူး ။ အချစ်အကြောင်းပြောရင်ဆုံးမှာ မဟုတ်ဘူး ။ ဒါ့ကြောင့်ပြောတာ အချစ်က တော်တော်ဒုတ်ခပေးတယ် လို့ ။ ချစ်တတ်ရင်ကောင်းတယ် ။ ခွင့်လွှတ်ပြီ ချစ်တတ်ရင် ပိုကောင်းတယ် ။ အချစ်ကိုရှာဖွေနေမယ့်အစား ကိုယ်နဲ့နီးစပ်တဲ့ သူတွေကို မေတ္တာရှေ့ထား ချစ်တတ်ရင် ပိုကောင်း လိမ့်မယ်လို့ .......

အကျယ်ဖတ်ရန်...

Friday 11 May 2007

ကလေးဘဝ

ကလေးဘ၀ ဆိုတာ အပူအပင်ကင်းတယ်၊ အဖြူရောင် လေးတဲ့။ တကယ်လည်း အပူအပင်ကင်းတယ်၊ စားချိန်မှာ ကျွေးတာစား၊ လိုခြင်တာ ပူဆာလို့ရတယ် ။ ကလေးဘ၀ ဆိုတာ နှစ်ခါမရတော့ ၊ရတဲ့ အခွင့် အရေးကိုအစွမ်းကုန် အသုံးပြုကြတယ်။ ကိုယ့်မိသားစု ဆင်ရဲတယ် ၊ ချမ်းသာတယ် ဆိုတာ သိပ်မသိ ကြသေးတော့ အပူအပင်ကင်းကြတယ် ။ ချမ်းသာတဲ့မိသားစု ၊ စားဝတ်နေရေးချောင်လည်တဲ့ မိသားစု ၊မိစုံ ဖစုံ ရှိတဲ့ မိသားစုတွေ မှာ ကလေးတွေရဲ့ အနာဂတ် က လှပပေမဲ့ ၊ အခြေအနေမလှပတဲ့ ကလေးတွေရဲ့ ဘ၀ကတော့ ဘယ်သူမှအာမ မခံရဲဘူး ။ ရွယ်တူကလေးတွေ အဖြူ အစိမ်းနဲ့ ကျောင်းတက် နေချိန်မှာ သူ့မိဘတွေက သူ့ကိုဘာလို့ သူ များလိုမထားနိုင်လဲ စဉ်းစားနေရင်း ၊ သူ့ဖြစ်ခြင်တဲ့အိမ်မက်တွေကို၊ ကိုရွှေကျွဲ ကျောပေါ်စီးရင်းတွေးနေမလား ။ အပျိုပေါက်ကလေးရဲ့ဘ၀ကရော.... ။ တောသားတွေက တို့လောက် နားမလည်ပါဘူးလို့ ထင်နေတဲ့ ကိုကိုရွှေ မြို့သားတွေရဲ့ လက်ကရော လွတ်ပါ့မလား ။ ဒါမှမဟုတ် လူမှောင်ခိုကူးသူတွေရဲ့ ဘေးကရော လွတ်ပါ့မလား။ အခြေအနေအရ ခန်ဓာကိုယ်ရောင်းစားတဲ့ ဘ၀ ရောက်မလား။ ဘယ်သူမှ ခန့်မှန်းလို့မရ တဲ့ ကလေးတွေရဲ့ ဘ၀ကို သင်တို့ ကျွန်တော်တို့ကတတ်နိုင်သမျှ တာဝန် ယူမယ်၊ ၀ိုင်းပီး ဆုတောင်းပေးမယ်ဆိုရင်.............မကြောက်မကျဘ၀မှာလူတန်းစေ့အောင် ထားပေးခဲ့ ကြတဲ့ မိဘတွေကို သူတို့အသက်ရှင်စဉ်မှာ ဆပ်လို့မကုန်တဲ့ ကျေးဇူးတွေနဲ့ ၊ စိတ်အေးချမ်းအောင် ထားနိုင်မယ်ဆိုရင်.............ဘ၀ ခြားနေပြီဖြစ်တဲ့မိဘတွေကို အပြစ်တင်မဲ့အစား၊ သူတို့ကြောင့် လူဖြစ်လာတဲ့ မွေးကျေးဇူး ၊ ကျွေးကျေးဇူးတွေကို သတိရမယ်ဆိုရင် ................ အပူအပင်ကင်းတဲ့ ကလေးဘ၀ကို မလိုခြင်တဲ့ သူရှိမလား ....... ...... ....... .......

အကျယ်ဖတ်ရန်...

Powered By Blogger