Saturday 4 August 2007

မလွန်ပါဘူးနော်

၈၈၈၈ ရောက်တော့မယ်ဆိုပြီး တချို့ကထင်ကြေးအမျိုးမျိုးနဲ့ မျှော်လင့်နေကြတယ်။ သိကြားမင်းကပဲ ဆင်းလာပြီး ကယ်တော့မလိုလို ၊ဘာလိုလိုနဲ့။ တချို့ ကလည်း အတိတ်က အဖြစ်အပျက်တွေကို မတွေးချင်ကြတော့ဘူး ။ ပြန်တွေးကြည့်လိုက်ရင် နှလုံးသားကို အရှင်လတ်လတ် ဒါးနဲ့ခွဲ ဆားနဲ့ ပက်ပြီး ရှားမီးမှာကင်တာထက် ပိုပြီးနာကျင်ကြတယ်။

တချို့တွေက ၈၈၈၈ မှာ ညမြင်နေ့ပျောက် ၊ တချို့ က သတင်းအစရှာမရ ၊ သေကွဲ ၊ရှင်ကွဲ ၊ မိသားစုတွေ ဖရိုဖရဲ ၊ အိမ်ရှိတာတောင် မပြန်နိုင်တော့တဲ့ဘ၀ ။ ဘာတွေကောင်းလို့ ဒါတွေပြန်တွေးရမှာလည်း။ မတွေးချင်တော့ဘူး ။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ သဲပွင့်ထက်များတဲ့ သင်ခန်းစာတွေကို လည်းရပြီးပြီ ၊ မတွေးချင်တော့ဘူး ။ ဒါပေမဲ့ ဒီသင်ခန်းစာတွေက ယူတတ်သူတွေရခဲ့ပြီး တချို့တွေက မယူခဲ့ကြသလို ၊တချို့ က ပါးစပ်ရာဇ၀င်လို သဘောထားကြတယ် ။ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ဒီရတဲ့ အချိန်လေး မှာ ကိုယ်တွေ့လေးတွေ ရေးသားထားကြမှ ကျွန်တော်တို့ရဲ့ ပခုံးပေါ်တင်ထားတဲ့ တာဝန်တွေ ပေါ့သွားမှာဖြစ်သလို ယူတတ်သူတွေလည်း အကျိုးရှိမှာပါ။
အရေးအခင်းဖြစ်ပြီဆိုတာနဲ့ ကျွန်တော်တို့ မလယ်က ကျောင်းလေး အလိုလို ပိတ်သွား ပြီ။ ကလေးဆိုတော့ ကျောင်းပိတ်ရင်ပျော်တာပေါ့ ။အချိန်အခါမဟုတ် ကျောင်းကပိတ်သွားပြီ ။ လူကြီးတွေကို ဘာလို့ကျောင်းပိတ်သလည်း မေးကြည့်တော့ ဒီမိုကရေစီ ရဖို့ ကျောင်းတွေ ခဏပိတ်တာတဲ့ ။ ဒါနဲ့ ထပ်ပြီး ဒီမိုကရေစီဆိုတာ ဘာလည်းလို့မေးတော့ သားကချိုချဉ် ၁ လုံးစားချင်ရင် ၂ လုံးတောင်းလို့ရတယ်တဲ့ ။ အဲ့ဒီ ဒီမိုကရေစီကို ခဏထားအုန်း ။
သပိတ်စမှောက်ပြီဆိုတာနဲ့ တပြိုင်နက် မလည်နဲ့ မဝေးတဲ့ ကန့်ဘလူမှာ လူတွေသတ်နေကြပြီ။ ဒီတုန်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က လူသတ်တာ မြန်မာပြည်မှာ နာမည်ကြီးပဲ။ ကျွန်တော်တို့ ရွာကတော့ ဘုန်းကြီးကအစ ခွေးကအဆုံး တရွာလုံး ကြွေးကြော်သံတွေနဲ့ ညံနေပြီ ။ရွာလုံခြုံရေးမရှိသေးဘူး ။ ရဲရယ်ပြည်သူ တွေရယ်ပေါင်းပြီး နေ့တိုင်း စီတန်လှည့် လည်ပြီး ဆန္ဒပြ ။ ကန့်ဘလူ ဘက်က လူတွေ သတ်နေပြီ ၊ ရန်ကုန်က အခြေအနေလည်း ဆိုးနေပြီဆိုတာနဲ့ ရွာကို တံခါးပိတ်လိုက်တယ်။ အိမ်တိုင်း ဆောင်ဒါးတို့ ဒုတ်တို့ ဘာတို့က အရင်ကတည်းက ရှိပြီသား ၊ လက်နဲ့မဲ့ ဘုန်းကြီးတွေကလည်း ရွာလုံခြုံရေး ကိုတတ်နိုင်သမျှ ၀ိုင်းထိန်း ။ နေ့တိုင်း ကျီးလန့်စာစားနေရတယ်။
မိဘတွေက အိမ်မှာ နေပြီး စောင့်ကြ ၊ကလေးတွေ အကုန်လုံးက ရွာလည် ဘုန်းကြီးကျောင်းမှာ အိပ်၊ ကိုရင်တွေ ၊ဦးဇင်းကြီးတွေ ၊ဘုန်းဘုန်းတွေက ဘုန်းကြီးကျောင်းထဲ ၊ ရွာထဲ ကင်းလှည့် ၊ရွာသားတွေက ရွာတံခါးတွေကို စောင့် ၊သံသယရှိတဲ့ လူစိမ်းမှန်သမျှ ရွားနားကိုအကပ်မခံ ။ ဒီလို တိုင်းပြည်ပျက်တုန်း တောကြောင်တွေကို လည်းကြောက်ရသေး တယ်။ အဓိက ဘုန်းကြီးတွေနဲ့ ရွာသားတွေ ၀ိုင်းစောင့်ရှောက်ပေးတဲ့ အိမ်က ကျွန်တော်တို့ အိမ်ပါ။ ဒီအချိန်မျိုးမှာ ကျွန်တော်တို့ဆီ လာပြီး ဒါးပြတိုက်ရင်တောင် ပေးစရာမရှိတော့ပါ။
အဖေက ရွာမှာနေတာဆိုတော့ အစိုးရ လခကို လတိုင်းမထုတ်နိုင်ဘူး ။ ၃-၄ -၅ လ ကြာမှ ဆေးထုတ်ရင်း လခတခါတည်းထုတ်ရတာ။ နောက်ဆုံးတခေါက် မြို့တက်ပြီး လခထုတ်ပြီး ရွာရောက်ရုံရှိသေးတယ် ပိုက်ဆန်တွေ အကုန်လုံးကို အစိုးရက သိမ်းတယ်။ ထုတ်လာတာလည်း ၇၅ ကျပ် နဲ့ ၂၅ ကျပ် အကုန်ကုန်ရော ။ စုထားတာတွေလည်း အကုန် ကုန်ရော။ တရွာလုံး ငိုသံမစဲခဲ့ကြပါဘူး။ ဘယ်သူကိုတိုင်လို့တိုင်ရမှန်းလည်းမသိ ။ ဘုရားလည်း ဆင်းပြီးမကယ်နိုင်။ဒါကြောင့် ဒါးပြတိုက်ရင် ပေးစရာမရှိဘူးလို့ပြောတာ။ ဒီပိုက်ဆန်တွေ အလကားတော့မဖြစ်ဘူး။ပိုက်ဆန်ရှိတဲ့ သူဌေးတွေတောင်မလုပ်နိုင်တဲ့ အလုပ်တွေကို ကျွန်တော်တို့ ရွာသားတွေ လုပ်နိုင်ခဲ့တယ်။ ဘာလည်းဆိုတော့ ဒီပိုက်ဆန်တွေစုပြီး သီတင်းကျွတ်မှာ မီးပုံးပျံ အကြီးကြီး လုပ်နိုင်ခဲ့တယ် ။ပိုက်ဆန် မီးပုံးပျံပေါ့ဗျာ။
ဒီလို အခြေအနေဆိုးနေတဲ့ ကြားက အဖေက လားရှိုးကိုပြောင်းဖို့ စာတင်တော့ လားရှိုးနဲ့ ကပ်ရက် မိုင်းမှု မန်ဆန် ကို ရွှေ့ပေးတယ် ။အစိုးရဘယ်လောက် ချစ်ဖို့ကောင်းလည်း ဆိုတော့ သူပုန်တွေမအေးတဲ့ အညိုရောင်နယ်မြေထဲကို ပို့လိုက်တယ်။ ဒါနဲ့ အဲ့ဒီကို ရောက်ပြီး အချိန်သိပ်မကြာခင်မှာပဲ ရန်ကုန်က အရေးအခင်းခွေတွေကြည့်လိုက်ရတယ်။
အတော် ကြောက်ဖို့ကောင်းတာဘဲ ။ လူတွေကို သတ်ထားလိုက်တာ သွေးတွေ ချောင်းစီးနေတာပဲ။ ဒါးကြီးကိုင်ထားပြီး ဘယ်သူသေရဲလည်း လို့ခေါ်နေတဲ့ လူတွေ။ သွေးဆာ နေတဲ့လူတွေ ။အလောင်းတွေ တောင်လိုပုံနေတဲ့ နေရာတွေ ။တပ်က လိုက် လို့ ခွေးပြေး၊ ၀က်ပြေး ပြေးတဲ့လူတွေ။ ကျွန်တော်ဆက်မကြည့်နိုင်တော့ဘူး ။အသက်ရှုကျပ်လာတယ်။ ဒီတုန်းက အသက်က ၁၀ နှစ်မပြည့်သေးဘူး ။ဆိုးဝါးတဲ့ အခြေ အနေတွေကို မကြုံချင်ဘဲနဲ့ ကြုံလာရတယ်။
ပြောမယ်ဆိုရင် ပြောစရာတွေကျန်နေသေးတယ်။ တဖြည်းဖြည်းကြီးလာတော့ ထပ်သိလာရတဲ့ ၈၈၈၈ ပါးစပ်ရာဇ၀င်တွေ ၊ နောက်ခံသမိုင်းကြောင်းတွေ ၊ အများကြီး အများကြီးကျန်သေးတယ်။ အရွယ်ရောက်ပြီးသူးတွေအတွက်က ဒီအကြောင်းတွေက ရင်နာစရာ အကောင်းဆုံး နေ့ရက်တွေဖြစ်ခဲ့ပေမဲ့ ၊ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့ကတော့ မုန်တိုင်း အဖျားခတ်ခဲ့ပါတယ်။ ဒီလိုနေ့ထပ်မရောက်ဖို့ ဆုတောင်းပေမဲ့ ဆုတောင်းပြည့်ပ မလား။ ဒေါက်တာသန်းထွန်း ပြောသလို သမိုင်းကို မအ အောင်လို့ သင်တာ ဆိုရင် ၊ ၈၈ သမိုင်းကိုလည်း ဒီခောတ်ကလေးတွေ မအ အောင် သင်ကိုသင်ရပါမယ်လို့ပြောရင် ကိုဂျက်အတွေး လွန်မယ်မထင်…

အကျယ်ဖတ်ရန်...

Powered By Blogger