Tuesday 13 November 2007

အလွမ်းနေ့ရက်

လွမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နေခဲ့တဲ့ မလယ်ရွာ လေးကို လွမ်းလိုက်တာ။ ကလေးဘ၀တုန်းက သောင်းကျန်းခဲ့သလို၊ ကျောင်သားဘ၀မှာလည်း စာတွေလုပ်၊ပြီးတော့ လုပ်ငန်းခွင်ရောက်တော့လည်း အလုပ်တွေနဲ့။ ဘ၀အမောတွေပြေစေဖို့ ကလေးဘ၀ ကို ခဏလေးပြန်လိုချင်နေမိတယ်။ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကို လက်တွေ့မှာ မရနိုင်တော့ပေမဲ့လည်း အတိတ်ကို လူတိုင်း ပြန်စဉ်းစားခွင့် လေးတော့ရှိတာပဲလေ။
ဒို့ရွာကလေးက ဧရာဝတီမြစ်အနောက်ဘက်ကမ်းဆိုတော့ မိုးတွင်း ရေကြီးတာ ဆန်းသလား နော်။ မဆန်းပါဘူး ။ ဒို့ရွာလေးက ရေကြီးရင် ရွာတခြမ်းပဲ မြှုပ်တာပါ။ မြစ်ကမ်းနဘေးကနေ ကိုက် ၄ ၊၅ ရာလောက်ထိ ရေတက်တယ်လေ။ ရေတက်ချိန်ဆို လူတိုင်းလန့်တတ်ကြတယ်။ စောစောစီး ရေမတက်ခင်ပြောင်းချင်ပြောင်း မပြောင်းရင် အိပ်နေရင်းနဲ့ ရေစိမ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။ ရေတက်ပြီဆိုရင် ရေချိုးဆိပ်တွေလည်း ပြောင်းရတယ် ၊ လူတွေချိုးတဲ့ဆိပ်က မချိုးနိုင်တော့ ဘုန်းဘုန်းတွေချိုးတဲ့ဆိပ်ကို ပြောင်ချိုး။ ဟော ဘုန်းဘုန်းတွေက တကာမ တွေ ဘောစီးတာတွေ့မှာဆိုးလို့ အထက်ကိုတက်ချိုးနဲ့ ရေချိုးဆိပ်တွေလည်း ပြောင်းကုန်ပီ။ ဪ ဘောစီးတာ ကို ပြောရအုန်းမယ် ။ ဒို့ရွာမှာက ဘုန်းကြီးတွေချိုးတဲ့ရေချိုးဆိပ်ရယ် ယောက်ျားတွေချိုးတဲ့ဆိပ်ရယ်၊မိန်းမတွေချိုးတဲ့ဆိပ်ရယ်ဆိုပြီးရှိတယ်။ ယောက်ျားတွေက ရေချိုးရင် ရေငုပ်၊ပုဇွန်နှိုက် ၊မြစ်လယ်ထိကူးတတ်ကြတယ်။ မိန်းမတွေကတော့ ထမိန် ရင်ရှားနဲ့ ရေချိုးဆင်းတာများတယ်။ တချို့က ထမိန်တထည် ၊ အပြန်ရေသယ်ဖို့ ရေအိုးပါလာတတ်တယ်။ ရေလဲထမိန်တော့ပါဘူး။ သူတို့ကချိုးရင် ထမိန်ကို မပြီးရေထဲဆင်း ။ နောက် ထမိန်ကိုမလာလိုက်တာ ရင်ခေါင်းရောက်တော့ ထမိန်ကို ကမ်းပေါ်ပစ်တင်လိုက်တတ်ကြတယ်။ တချို့ကရေလဲ ထမိန်ပါတော့ ရေလယ်ခေါင်လောက်မှာ ထမိန်အောက်ကနေ လေတွေသွင်းပီး ဘောစီးကြတယ်။ ကမ်းပေါ်ကကြည့်ရင်တော့ ဘောစီးတာ အတော်လှတယ်။ ရေအောက်ကနေကြည့်ရင်တော့ အင်းးးးးး။ ဒါကြောင့် ရေချိုးဆိပ်ကို ၃ ပိုင်းထားတာ။ ဘုန်းဘုန်းတွေက မြစ်အပေါ်၊ ယောက်ျားတွေက မြစ်လယ်၊ မိန်းမတွေကတော့ မြစ်အောက်ပိုင်းပေါ့။ ဒို့ရွာက မြစ်နားမှာဆိုတော့ ပုဇွန်တွေ၊ ငါးတွေ ပေါမှပေါပဲ။ပှုဇွန်တွေဆို မီးဖိုထဲပစ်ထည့်ပီး ကင်စားတယ်။ မြစ်ထဲမှာ တခါတလေ လင်းပိုင်တွေလည်းတွေ့ရတယ်။ နောက်ပြီးရေကြီးတဲ့ အချိန်ဆို လောင်းလှေစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သမ္ဗန်တို့.၊ ငှက်တို့မစီးရဘူး။လောင်းလှေက သစ်ပင်စည်တခုလုံးကို ထွင်းထားတော့ သေးတယ်၊ ခရီးအရောက်မြန်တယ်လေ။ လောင်းလှေစီးရင်း ရေထဲကို လက်ချပြီးဆော့ရတာ အရမ်းပျော်ဖို့ ကောင်းတယ်။ တခါတလေ ဗေဒါတို့ ၊ဒိုက်တို့ နဲ့တိုးရင် ဗေဒါပန်းလည်းခူးလို့ရသေးတယ်။တခါတလေတော့လည်း ခုတလော တီဗီထဲက မြစ်ထဲ အိမ်သာမဆောက်ရ ပညာပေး ဇတ်လမ်းလို အတုံးလိုက်မျောပါ လာတတ်သေးတယ်။ တခါတလေတော့လည်း လူသေကောင်တွေပေါ့။ ခုလိုဆောင်းတွင်းရောက်လာရင်တော့ မြစ်ရေတွေကျပြီး ရေလယ်ခေါင်မှာ သောင်ထွန်းတတ်တယ်။ သဘောင်္တွေလည်းသောင်တင်တတ်တယ်လေ။ ဒီလိုသောင်ထွန်းရင် ရွာကလူတွေ သောင်ပြင်မှာ စိုက်ပျိုးရေးလုပ်ဖို့ နေရာလုကြပြီ။သောင်တွေ ဘယ်လောက်ကျယ်လည်းဆိုရင် မျက်စိတဆုံးပဲ၊အကျယ်ကြီး။ ဦးရာလူ စိုက်ကြတာ။ ဒီလိုသောင်ထွန်းရင် ကိုဂျက်တို့ အဲ့ဒီပေါ်ကို ပျော်ပွဲစားမျိုးသွားကြတာ။ စားစာရာ ထမင်း၊ဟင်းတွေကို ချိုင့်တွေနဲ့ထည့် မော်တော် စီးပြီးသွား၊ သောင်ပေါ်မှာ ဆော့။ တချို့က ဖရဲသီးစိုက်တော့ ခူးပြီး စားလို့ရတယ်။ ဖရဲသီးတွေဆို သေးသေးလေးကနေ အကြီးကြီးတွေထိ ချိုတယ်။ ဖရဲသီးရာသီဆိုရင်လေ အိမ်က မီးဖိုဆောင်မှာ ခြေချစရာ နေရာမရှိအောင် တရွာလုံးက ဖရဲသီးတွေ လက်ဆောင်လာပေးတတ်ကြတယ်။ မနက်တစ်လုံး ညတစ်လုံး ကုန်အောင်စားရတာ။ တလုံးလျော့မယ်မကြံနဲ့ နောက် ၄၊၅ လုံးရောက်လာပြီ။ ပေးလို့လည်းမကုန် စားလို့လည်းမကုန်အောင်နိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုတော့ ကလေးပေါ့၊ကလေးဘ၀ ကသောင်းကျန်းခဲ့တာလေးတွေ ပြန်တွေးမိရင် ကိုယ်ဘာသာပြုံးနေမိတတ်တယ်။ သူငယ်ချင်းတွေကပြောတယ် မင်းဒီလိုသာပြုံးနေရင် လက်မှတ် (တံတားလေးလက်မှတ်) ရတော့မှာပဲတဲ့။

အကျယ်ဖတ်ရန်...

Wednesday 7 November 2007

လှူပါရစေ

ဒီနေ့ ၆.၁၁.၂၀၀၇ မှာ ဖြစ်ချင်နေတဲ့ ဆန္ဒတခုကို အကောင်အထည်ဖော်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက အမှတ်တရအဖြစ်လုပ်ချင်နေခဲ့တာ။ မအောင်မြင်လိုက်ဘူးလေ။
ဘာလို့လည်းဆိုတော့ လေးဖက်နာဆေးသောက်နေရတာကိုး။ ဒီနှစ်တော့ အောင်မြင်သွားပီ။မွေးရက် ၁၀ ရက်နေ့မတိုင်မီ အောင်အောင်မြင်မြင်သွေးလှူလိုက်နိုင်ပါပြီ။ မနှစ်ကတည်းကလှူချင်နေတဲ့သွေး ခှုမှပဲ လှူနိုင်တော့တယ်။ ဒီနှစ်ထဲမှာ မရ ၊ ရအောင်သွေးလှူမယ်ဆိုပြီး အနေအထိုင် အစားအသောက်ကို ပိုဂရုစိုက်တယ်။ လှူမဲ့နေ့မတိုင်မီ ၁ လလောက်ကတည်းက ဆေးကို ကြိုဖြတ်ထားလိုက်တယ်။ ၅ ရက်နေ့ မှာတော့ အိပ်ရေးဝအောင်အိပ်၊ ၆ ရက်နေ့မှာတော့ ရေများများသောက်ဖြစ်တယ်။ နေ့လည်ထမင်းစားပြီးတော့ ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ အမျိုးသားသွေးလှူဘဏ်ရောက်တော့ လှူလို့ရမရ စစ်တယ်။ သွေးဖြူဥ ၊ သွေးနီဥတွေစစ်၊ပီးတော့ မေးခွန်းတွေ တသီကြီးဖြေ။ အလှူခံရှိလို့လာလှူတာလားလို့လည်း သူတို့က မေးသေးတယ်။ စေတနာ အလျှောက် လှူတာပါဆိုတော့ ပြုံးနေကြပါတယ်။ မေးခွန်းတွေဖြေပြီးတော့ အခန်းနံပ္ပါတ် ၂ မှာ သွေးပေါင်ချိန်ရတယ်။ နောက် ကိုဂျက်က B သွေးဆိုတော့ ဆရာဝန်မလေးပျော်သွားတယ်။ B သွေးအများကြီးလိုတယ်လို့လည်းပြောပြတယ်။ B သွေးလိုနေတဲ့ လူရဲ့ စာရွက်ကို ကိုဂျက်ကိုပေးပြီး အခန်းနံပ္ပါတ် ၃ မှာ သွေးလှူရှင်မှတ်ပုံတင်ရတယ်။အဲံဒီကမှ သွေးလှူဖို့လိုအပ်တဲ့ ပစ္စည်းလေးတွေ ထည့်ထားတဲ့ခြင်းးလေးကို ပေးပြီး သွေးလှူခန်းမှာ သွားလှူရတယ်။ ကိုဂျက်လှူပေးရတဲ့လူက ကိုဂျက်ထက် ၄ နှစ်ငယ်တယ်။ ၂၂နှစ်ပဲရှိသေးတယ်။ ဘာရောဂါလည်းတော့ သေချာမသိလိုက်ပါဘူး။ သူနာပြုဆရာဝန်မကြီးက ကိုဂျက်ညာလက်မောင်းကို အရက်ပြန်၊သင်နာတွေနဲ့သေချာဆေး၊ပီးတော့ အပ်ကြီးကြီးကို အကြော ထဲထိုးထဲ့လိုက်တယ်။ ကိုဂျက်တို့က ဒါမျိုးနပ်ပြီးသား။ ကိုယ့်သွေးကို ကိုယ်ပြန်မကြည့်ဘူး။ အခန့်မသင့်ရင် မူးတတ်လို့။ သတ္တိရှိတာ မရှိတာနဲ့မဆိုင်ဘူး၊ လူတိုင်း သွေးမြင်ရင် အနည်းနဲ့ အများတော့ မူးတတ်တယ်လေ။ သွေးအထွက်ကောင်းအောင်လို့ လက်ကို ဖြန့်လိုက်ဆုပ်လိုက်နဲ့ နေ နေလိုက်တာ သိပ်မကြာပါဘူး သူတို့လိုအပ်တဲ့ သွေးကိုရတော့ အပ်ကို ဖြုတ်လိုက်တယ်။ ခုတင်ပေါ်မှာခဏလှည်းနေပြီးတော့ မုန့်စားဖို့ထွက်လာတယ်။ ကြက်ဥပြုတ်ရယ်၊ ကော်ဖီရယ်၊မုန့်တခုရယ်ကျွေးတယ်။ ကိုဂျက် သွေးလှူတယ် သာပြောတယ် မူးတာ၊နာတာ၊အားမရှိတာ လုံးဝမဖြစ်လိုက်ဘူး။ သွေးတောင် ထုတ်ရဲ့လားလို့ ထင်မိသေးတယ်။ ပျော်တယ်။ ဖြစ်ချင်နေတဲ့ အိမ်မက်တခုကို အကောင်အထည်ဖော်ခွင့်ရလို့လေ။ နောက်တခါလည်း လှူအုန်းမယ် သူတို့သတ်မှတ်ပေးတဲ့ရက်က နောက်လေးလကြာရင်လှူလို့ရတယ်တဲ့။ တကယ်လို့ ဒီကြားထဲ blogger မောင်နှမတွေ စုပြီးသွေးလှူဖြစ်ကြမယ်ဆိုရင်တော့ အတိုင်းမရှိ ပျော်ရွှင်ရလိမ့်မယ်လို့လည်းထင်ပါတယ်ဗျား။

အကျယ်ဖတ်ရန်...

ကူညီကြပါ

နိုဝင်ဘာ ၂ ရက်နေ့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်း ၀တ်ပြုဆုတောင်းပွဲလေ၊သေလွန် ပြီး ငရဲငယ်မှာ ကျခံနေရတဲ့ ၀ိညာဉ်တွေကို ဆုတောင်းပေးကြတာပါ။ ဒီနှစ်လည်း ကိုဂျက် တခေါက်ရောက်ခဲ့ပြန်ပီ။
ထာဝရဘုရားသခင်ဆီမှာ အိပ်ပျော်သွားကြတဲ့ အဘိုးတွေ ၊ အဘွားတွေ ၊ အကိုတွေ အတွက်ရယ် နောက်ပီး တခြားဝိညာဉ်တွေ အတွက်လည်း အထူးဆုတောင်းပေးခဲ့ပါတယ်။ ခါတိုင်းနှစ်တွေလိုပဲ ကိုဂျက်တို့ အမျိုး တွေစုပြီး မနက်အစောကြီးထပြီးသွားကြတယ်။ သင်္ချိုင်းရောက်တော့ တခါးကို ပိတ်ထားလို့ ကားကိုအပြင်မှာရပ်၊ ကားထဲက နှင်းဆီ၊စပယ်၊ဖယောင်းတိုင် ထုပ်တွေကို သယ်ပြီး အဘွားအုတ်ဂူကိုသွားကြတယ်။ သင်္ချိုင်း တံခါးပတ်ဝန်းကျင်မှာတော့ ပန်းရောင်းမယ့်သူတွေက ဈေးဆိုင်တွေပြင် ၊ သူတောင်းစားတချို့က တောင်းရမ်းဖို့ နေရာကောင်းတွေ ရွေးနေကြပါတယ်။ သူတို့ကိုကျော်ပြီးမှ သင်္ချိုင်းထဲရောက်တော့တယ်။ အထဲလည်း ရောက်ရော “ကိုယ်လည်း တနေ့ဒီနေရာရောက်မှာပါလား” ဆိုတဲ့ စိတ်ကလေးက မခေါ်ပဲနဲ့ အတင်း ၀င်လာတယ်။ အုတ်ဂူပေါင်းများစွာက မျက်စိတဆုံးပဲ ၊ အုတ်တံတိုင်းနဲ့ကတ်နေတဲ့ အုတ်ဂူလေးတွေကတော့ ရေနစ်နေလေရဲ့ ၊ ပြုပြင်ပေးမဲ့သူမရှိ ၊ ဂရုစိုက်မဲ့သူမရှိတဲ့ ဒီအုတ်ဂူုလေးတွေရဲ့ပိုင်ရှင် ၀ိညာဉ်တွေကတော့ ဘယ်လိုနေရှာမလည်းမသိ။ သင်္ချိုင်းလမ်းကြောင်းလေးအတိုင်းလျှောက်လာရင်း အဘွားဆုံးပြီး ၁ လအကြာ က အဖြစ်အပျက်လေးကို သတိရမိသေးတယ်။ ဒီတုန်းက အဘွားကို ကြံတော သင်္ချိုင်းမှာ သင်းဂျိုထားတာ၊ ကြံတောက အစိုးရသိမ်းတဲ့ထဲပါပြီး ရေဝေးကို ပို့ရတယ်။ ဒီတုန်းက ရေဝေးက စတည်ကာစဆိုတော့ ဘယ်စနစ်ကျမှာလည်း၊ ပိုင်ရှင်မဲ့အလောင်းတွေကိုကားနဲ့တင်လာပြီး ချစရာကျင်းမရှိသေးတော့ နေပူကျဲတဲ ကာထဲမှာ အလောင်းတွေထပ်ထားတော့ အပုတ်နံ့တွေ လှိုင်ထနေတာပဲ။ အဲ့နေ့ကဆို ကိုဂျက် ထမင်းစားလို့မရဘူး ၊လူသေကောင်က ထွက်လာတဲ့ အရိရွဲတွေ ၊ လောက်တွေနဲ့ အရိုးဖြူဖြူပေါ်နေတဲ့ အလောင်းတွေကို ခုထိ မျက်စိထဲက မထွက်ဘူး။ အဘွားအုတ်ဂုနားရောက်မှပဲ လွင့်ဝဲနေတဲ့စိတ်တွေ ရပ်နားသွားတော့တယ်။ အမေတို့က အုတ်ဂူဖြူဖြူလေးပေါ်မှာ ရောင်စုံပန်းပွင့်တွေကို ခင်းကျင်းနေတယ်။ နောက်အပေါ်ကနေ အဘွားကြိုက်တဲ့ စပယ်ပန်းလေးကို ဖြန့်ခင်းလိုက်တယ်၊နောက်ဆုံးတော့ အုတ်ဂူုပတ် ပတ်လည်ကို ဖယောင်းတိုင်း ၀တုတ်တုတ်လေးတွေကို လိုက်စိုက်ပြီး မီးထွန်းလိုက်တယ်။ ရုတ်တရက် လေအဝှေ့မှာ ပန်းရနံ့လေးတွေက လူကိုလန်းဆန်းသွားစေတယ်။ အားလုံးပြင်ဆင်ပြီးပီဆိုမှ ဦးလေးအငယ်ဆုံး ရောက်လာတယ်။ သူတို့လင်မယားနောက်မှာ မိန်းမကြီးတယောက်ပါလာတော့ သူတို့ အိမ်ဖော်လို့ထင်နေတာ။ နောက်တော့ ကိုဂျက်တို့နားထိလိုက်မလာပဲ အုတ်ဂူတခုပေါ်မှာ ထိုင်နေတော့မှပဲ သူတောင်းစားမှန်း သိလိုက်ရတယ်။ကိုဂျက်တို့လည်း ပုတီးစိတ်၊သေသူတွေရဲ့ ၀ိညာဉ်တွေကို ဆုတောင်းနဲ့ အတော်လေးကို ကြာသွားပါတယ်။ သင်္ချိုင်းစောင့်တွေက တချို့အုတ်ဂူတွေနားက မြက်တွေရှင်း ၊ ရေကျဲကျဲနဲ့ အရောင်ရောထားတဲ့အရည်တွေကို အုတ်ဂူမှာသုတ်ရင်း ကိုဂျက်တို့ကို ချောင်းချောင်းကြည့်နေတယ်။ သူတို့ကြည့်တာတော့ သိတယ်၊ ဒါပေမဲ့ အမှတ်တမဲ့ပေါ့။ ကိုဂျက်တို့ဆုတောင်းပွဲပြီးတော့ အဘွားကို ကန်တော့ ၊ မေတ္တာရေဖြန်းပြီး ပြန်ဖို့ပြင်ကြတယ်။ ဦးလေးအငယ်ဆုံးကတော့ အုတ်ဂူကို ပိုက်ဆံပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းပေမဲ့ မလုပ်တဲ့ သင်္ချိုင်းစောင့်တွေကို ကျိန်ဆဲရင်း သူ့မိန်းမ အမျိုးတွေရဲ့ အုတ်ဂူတွေဖက်ကို ထွက်သွားလိုက်တယ်။ ခုဏက သူတို့နောက်ကလိုက်လာတဲ့ အဘွားကြီးက အမဲကိုတွေ့တဲ့ ခြင်္သေ့တကောင်လို မြန်ဆန်လှတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ ကိုဂျက်တို့ကို ပိုက်ဆံတောင်းပါလေရော၊ ကိုဂျက်တို့သားအမိက လက်မြန်တယ်။ သူများမတောင်းခင်ကတည်းက ပိုက်ဆံအိတ်နှိက်ပီးသား၊ လက်မဖြန့်ခင်ကတည်းက ပေးပြီးသား၊ ပေးပြီးတော့လည်း သေသူအတွက် ကုသိုလ်လို့ ပြိုင်တူပြောတာပဲ။ ကိုဂျက်တို့လည်း ဆုတောင်းချင်းပီးတော့ အိမ်ပြန်ဖို့ ကားဆီထွက်လာခဲ့တယ်လေ။ သင်္ချိုင်းတံခါးအပြင်ရောက်တော့ အာလာလား၊ နည်းတဲ့သူတောင်းစာအုပ်ကြီး၊ ဘုစုခရုကနေ အဘွားကြီးတွေအထိပဲ။ ပန်းဆိုင်တွေကလည်း အများကြီးပဲ။ သူတို့ကိုကျော်ခွပြီး ကားကိုမောင်းထွက်လာတယ်။ သူတို့ကိုရှောင်ရတာမျိုး ၊ အင်းမတန် စောက်နက်တဲ့ ကျင်းခွက်ကြီးတွေကို ရှောင်ရတာတမျိုး၊ နောက်ဆုံး သချို င်္းကထွက်တော့ အတော်မူးနေပီ။
သူတောင်းစားတွေများလာလိုက်တာ တနေ့ထက်တနေ့ များများလာတယ်။ ခန္ဓာကိုယ် အကောင်းပကတိ သန်သန်မာမာကြီးတွေကလည်းတောင်းရမ်းနေတာပဲ၊ ကလေးတွေက ကလေးတွေချီပီး တောင်းရမ်းနေတာ မမြင်ချင်မှအဆုံး၊ သူတို့ဒီလိုတောင်းနေတာတွေ့တော့ ဘ၀ကို အနိုင်မခံ အရှုံးမပေးပဲတိုက်ပွဲဝင်နေတဲ့ ခြေနှစ်ဖက်မရှိလို့ ဘီးတပ်ကလားထိုင်လေးမှာ စပယ်ပန်းရောင်းတဲ့ ဒုက္ခတိ၊ လေဖြတ်နေပေမယ့် ပန်းလိုက်ရောင်းနေတဲ့ သူတွေကို ပိုလေးစားမိတယ်။ တောင်းစားတဲ့ အလုပ်က ဒီခောတ်ကြီးမှာ ပိုတွင်ကျယ်လာတယ်။ အလွယ်တကူရတယ်လေ။ နောက်ပီး ကလေးတွေ မီးပွိင့်တွေကြားမှာ တောင်းနေတာ အရမ်းအန္တရယ်များတယ်။ဘယ်မီးပွိုင့်မဆို သူတို့ချည်းပဲ။ တိုင်းပြည်ဆင်းရဲလို့ သူတောင်းစားတွေ များလာတယ်လို့ ကိုဂျက်မြင်တယ်။ သူတောင်းစားတွေ အချင်းချင်း သတင်းဖြန့်ဝေမှုက အရမ်းမြန်တယ်လို့ ကိုဂျက်ထင်တယ်၊ ဘာလို့ဆို ရန်ကုန်မြို့တွင်း ဘယ်နေရာမှာ အလှူရှိတယ်၊ပွဲရှိတယ်ဆိုတာနဲ့ တမြို့လုံးက သူတောင်းစားတွေ အဲ့ဒီနေရာရောက်ကုန်တာပဲ။ အဲ့ဒီလိုနေ့မျိုးဆို မြို့ထဲမှာ သူတောင်းစား သိပ်မတွေ့ရတော့ဘူး။ သင်္ချိုင်းကပြန်လာပြီးတော့ သိပ်မကြာဘူး၊ ဦးလေးအငယ်ဆီက ဖုန်းဝင်လာတယ်။ သင်္ချိုင်းမှာ သူ့မိန်းမအမျိုးတွေလိုက်ဆုတောင်းပြီးတော့ အဘွားအုတ်ဂူဆီကို ပြန်သွားတယ်တဲ့။ အဲ့ဒီမှာ လွန်ခဲ့တဲ့ ၁၅ မိနစ်က ထားခဲ့တဲ့ပန်းတွေ ၊ ဖယောင်းတိုင်တွေ အားလုံး ၊ဘာမှမကျန်အောင်ကို ပျောက်သွားတယ်တဲ့ဗျာ။ သေသူအတွက်ထားပေးတဲ့ ပစ္စည်းတွေကို လျှင်တဲ့သူတွေက ယူရောင်းတယ်ဆိုတာသိပေမဲ့ စိတ်ထဲတော့ အတော်မကောင်းဘူးပေါ့။ တိုင်းပြည်ကဆင်းရဲလို့ ဒီလိုဖြစ်ရတာဆိုတဲ့စိတ်ကလေးနဲ့ပဲ ခွင့်လွတ်လိုက်ရတယ်။ ဒါကြောင့် ကိုယ့်ဘ၀ကို မနည်းရုန်းကန်နေရတဲ့ ဒီခောတ်ကြီးထဲမှာ မရှိတဲ့အထဲက တတ်နိုင်သလောက် မရှိဆင်းရဲတဲ့ သူတွေကိုကူညီရအောင်လားဗျာ။

အကျယ်ဖတ်ရန်...

Powered By Blogger