Wednesday 25 July 2007

Biruma No Tategoto

၅ တန်းကျောင်းသားဘ၀က အနှစ်သက်ဆုံး ၀တ္ထု ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးတပုဒ်ကို ဆရာမက ရေးခိုင်း ဖူးတယ်။ဒီတုန်းက ၀တ္ထုဆိုတာဘာမှန်းတောင်သိတာ မဟုတ်ဘူး။ ကာတွန်းတွေပဲဖတ်တာ။ ဒီတော့ ဒုတ်ခနဲ့ လှလှ တွေ့ပါလေရော။ ၀တ္ထုတွေအကုန်လုံး လိုက်ဖတ်လို့လည်း အချိန်ကမရ။ အဖေနဲ့ အမေကလည်း ၀တ္ထုဆိုလုံးဝမဖတ်။နောက်ဆုံးတော့ ကိုယ်နဲ့သိတဲ့ မြန်မာစာဋ္ဌာနက ဆရာမတယောက်ကို သွားမေးတော့ သူက ဂျာနယ်ကျော်မမလေးရဲ့ သွေး ကိုညွှန်းတယ်။ ဇတ်လမ်းလေးကို အတိုချုံ့ ပြောပြတော့ ပိုစိတ်ဝင်စားတယ်။ ဖတ်ကြည့်တော့လည်း ကြိုက် တယ် ။ ဒီတုန်းက ဖတ်လို့ကောင်းလို့ ကြိုက်တာကတမျိုး ၊ အဖွားလေးရဲ့ ဂျပန်ခောတ် ကိုယ်တွေ့ တွေကိုကြားဖူးထားလို့ ကြိုက်တယ်ဆိုတာထက်မပိုဘူး။ ဒီတုန်းကသာမန် ၀တ္ထုတခု လိုပဲ သဘောထားခဲ့တယ် ။ ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ သွေးဝတ္ထုကို နောက် ၇ နှစ် ၈ နှစ်ကြာပြီးမှ တခါပြန်ဖတ်ရတဲ့အခါ ဆရာမကြီးရဲ့စေတနာကို နားလည်လာပါတယ်။

ဒီဝတ္ထုက မြန်မာပြည်မှာ ကျော်ကြားရုံမက ဂျပန်မှာပါအောင်မြင်ခဲ့ပါတယ်။ ဂျပန်လူမျိုး တွေသိတဲ့ မြန်မာပြည်ဆိုတာ သွေးဝတ္ထုကစတယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ စာပေ အနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါအောင်မြင်ခဲ့တဲ့ဝတ္ထု တပုဒ်ရှိပါသေးတယ်။ ဒီစာအုပ်က စာရေးဆရာကြီး ထာကဲရာမမိကျိအိုး ရဲ့ ဘိရုမာနို့ထတဲ ခေါ်တဲ့ မြန်မာ့စောင်း ပါ ခင်ဗျာ။ ဒီစာအုပ်နဲ့ ရုပ်ရှင်ကြောင့် မြန်မာပြည်ကို ပိုသိ ပိုချစ်လာခဲ့ပြီး ဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ ၀တ္ထု မှာတော့ အသဲစွဲခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့စောင်း က လည်းဖြစ်ရပ်မှန် မဟုတ်ပါဘူး။ဒီဝတ္ထုထဲမှာပါတဲ့ ဂီတ၀ါသနာပါတဲ့ တပ်စိတ်ကလေးကတော့ တကယ်ရှိခဲ့ပါ တယ်။သူတို့ပြောပြတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးခဲ့လို့ထင်တယ် အတော် လေးဖတ်လို့ကောင်းတယ်။သနားစရာလည်းကောင်းပါတယ်။ဝမ်းလည်းနည်းရပါတယ်။ဒီဝတ္ထုရဲ့ အဓိကဇတ်ကောင်ကတော့ မီဇူရှီးမားဆိုတဲ့ စစ်သားလေးပါ။
ဂျပန်တပ်စိတ်မှုး ဗိုလ်ကြီးက ဂီတကျောင်းကနေ အောင်ခါစ လူငယ်ပညာတတ်၊ ဒီတော့ သူ့တပ်သားတွေအကုန်လုံကို သီချင်းဆိုလေ့ကျင့်ခိုင်းတယ်။ သီချင်းဆိုရင်လည်း အဆင့်နိမ့်တဲ့ သီချင်းတွေမဆိုကြဘူး။တကယ့်ကိုခက်ရာခက်ဆစ် သီချင်းတွေကိုပဲ လေ့ကျင့် သီဆိုကြတယ်။သူတို့တွေက စိတ်ညစ်တဲ့အခါ ၊ဘယ်တိုက်ပွဲမှာ သေမယ်မှန်း မသိတဲ့အခါတွေ မှာ ရင်ထဲမှာရှိတဲ့ သီချင်းတွေကို အားရပါးရဆိုကြတယ်။ ဗိုလ်ကြီးရဲ့ အားအကိုးရဆုံး ကတော့ တပ်ကြပ်ကလေး မီဇူရှီမား။သူက တပ်ထဲရောက်မှ ဂီတကို စထိတွေ့ဖူးပေမဲ့ ဂီတအထုံရှိတော့ အတော်လေးပေါက်မြောက်တယ် ။
သူတို့တပ်သားတွေအကုန်လုံး တူရိယာ ပစ္စည်းတွေကို တွေ့ရာ ၀ါး ၊ လက်နက်တွေနဲ့ လုပ်တယ်။ ဒီထဲမှာ မြန်မာ့စောင်းကို အတုခိုးပြီးလုပ်ထားတဲ့ မီဇူရှီမား ပိုင် စောင်းတလက်ရှိ တယ်။ သူတို့က မြန်မာပြည်ကနေ ပြန်ဆုတ်နေရတဲ့အချိန်ဆိုတော့ အရှေ့ဘက်မှာရှိတဲ့ ယိုးဒယားကို ပြေးတယ်။ လမ်းမှာကင်းထောက်စရာရှိရင် မီဇူရှီမား ကို ရှေ့ပြေးလွှတ်တယ်။မီဇူရှီမားက ဂျပန်လူမျိုးဆိုပေမဲ့ အသားကညိုတယ်၊ နေလောင်ထားတော့ပိုဆိုး ၊မျက်နှာပုံစံ ၊အရပ်အမောင်းအားလုံးဗမာနဲ့ တပုံစံထဲ။ဗမာ အ၀တ်အစားဝတ်လိုက်ရင် ခွဲလို့မရအောင်တူတယ်။ စောင်းတီးလည်းကျွမ်းတော့ စောင်းသမား သတောင်းစားဟန်ဆောင်ပြီး ကင်းထောက်တယ်။ သူ့ရဲဘော်တွေက မင်းမြန်မာပြည်မှာနေခဲ့ ရင် မြန်မာလူမျိုးတွေအကုန်လုံးဝိုင်းချစ်ကြလိမ့်မယ်ပြောတော့ သူက “ကျွန်တော်ဟာ မီယန်မာ လူမျော၊ မီယန်မာဟာ တိတ်ကောင်းတဲ့တိုင်းပြည်”လို့ အမြဲပြောနေကြ။
တနေ့မှာ သူတို့တတွေဟာ ဂျပန်ပြည် လက်နက်ချလိုက်ပြီဆိုတဲ့ စာတွေကို လေယာဉ်ပျံနဲ့ ကျဲချတဲ့အခါ ရရှိခဲ့ကြတယ်။ နောက်ဆုံးမှာ ရန်သူအ၀ိုင်းခံရပြီး အပစ်အခတ်မရှိလက်နက်ချခဲ့ကြတယ်။ ဒါပေမဲ့ တခြားတနေရာမှာရှိတဲ့ ဂျပန်တပ်တတပ်က စစ်ပြီးပေမဲ့ အသေခံချနေလို့ မီဇူရှီမားရဲ့ ဗိုလ်ကြီးက သူ့ကို သံတမန်လုပ်ခိုင်းပြီး လက်နက်ချဖို့သွားပြောခိုင်းတယ်။ တာာဝန်ပြီးရင်တော့ မုဒုံ သုံ့ပန်းစခန်းကို ၃ လ အတွင်း ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။
အချိန်တွေသာကုန်သွားတယ် မီဇူရှီမား ကတော့ မလာတော့ပါဘူး ။သူ့အစား ပခုံးမှာ ကြက်တူရွေးတင်ထားတဲ့ မြန်မာ ဘုန်းတော်ကြီးတပါး ကိုပဲတွေ့ရတယ်။ မီဇူရှီမား သူရဲကောင်းပြီသစွာ ကျဆုံးခဲ့ပြီလို့ ထင်ထားတဲ့အချိန်မှာ သူနဲ့ချွတ်စွတ်တူတဲ့ မြန်မာဘုန်းကြီးလေးကိုတွေတဲ့အချိန်မှာ သူတို့တွေ ဟာ သံသရ၀င်လာပြီး စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံး ဂျပန်တပ်တွေ အမိမြေပြန်တော့မယ့် အချိန်မှာ သူတို့ သိပ်ချစ်တဲ့ မီဇူရှီမား ကို ရှာတွေ့ခဲ့ကြတယ်။ဟန်မဆောင်နိုင်တော့ တဲ့ ဘုန်းကြီးတဖြစ်လည်း မီဇူရှီမား ဟာ သူ့တပ်သားတွေ ကို စောင်းနဲ့ အားရစွာ သီဆိုပြီး သူတို့နဲ့ဝေးရာကို ထွက်သွားပါတော့တယ်။
မီဇူရှီမား ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိချင်ရင်တော့ ဆရာရဲမြင့်လွင်ရေးတဲ့ မြန်မာ့စောင်း ၀တ္ထုကိုသာ ၀ယ်ဖတ်ကြပါ။ ကိုဂျက်ပြောရင်အရသာပေါ့မှာစိုးလို့မပြောတာ့ဘူး ။
လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်လောက်က ကျောင်းသားတွေစုပြီး တောင်ကြီး၊အင်းလေး၊ ပင်းတယ ခရီးထွက်ခဲ့ကြတယ်။အပြန်ကျတော့ အချိန်ပိုတာ နဲ့ မန္တလေး မ၀င်ပဲ မိတ္ထီလာထင်တယ်၊ အဲ့ဒီကိုဝင်တယ်။ ဘယ်ကိုရောက်လည်းဆိုတော့ ဂျပန်၊မြန်မာ ကမ္ဘာအေး နဂါးရုံမဟာဗောဓိ စေတီတော်ကြီး ကိုရောက်တယ်၊ ဒီစေတီမှာ နဂိုက ဂျပန်စစ်သားတယောက် ဘုန်းကြီးဝတ်ပြီး သီတင်းသုံခဲ့တယ်၊ မွေးရပ်မပြန်ဘူး ။ သူ့မိခင်တပ်ကလည်း ကျဆုံးစရင်းထည့်ထားတယ်။ တကယ်တော့ သူက အကြောင်းအမျိုးမျိုး ကြောင့် ဘုန်းကြီးဝတ်ပြီးနေခဲ့တယ် ။ ဘယ်သူမှလည်းသူ့ကို ဂျပန်မှန်းမသိဘူး။ သူပျံ လွန်ပြီးတော့ သူ့မွေးရပ်မှာရှိတဲ့ အမျိုးတွေကို အိမ်မက်ပေးတယ်။ သူ့အမျိုးတွေ မြန်မာပြည်ကို လိုက်လာပြီး သူအိမ်မက်ပေးတဲ့ နေရာကို ရှာတော့ အခုပြောတဲ့ နေရာကိုတွေ့ရှိခဲ့ကြတယ်။ နောက်တော့ ချစ်ကြည်ရေးစေတီတည်ပြီး ၁ နှစ် ၁ ခါလာလည်တယ်လို့ပြောတယ်။ အဲ့ဒီမှာ သူ့ရဲ့ဓာတ်ပုံတွေ ၊ သူကိုင်ခဲ့တဲ့ ဓါးတွေ သေနတ်တွေ၊တင့်ကားတွေကို ပြသထားပါတယ်။ လမ်းကြုံရင်သွား ကြည့်ကြပေါ့။ အသေးစိတ်သိတဲ့လူတွေများရှိရင် ရေးပေးကြပါ။
ဆရာ ရဲမြင့်လွင်ရေးတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး သတိရတာလေးပြောပြလိုက်တာ။ အဓိက ကတော့ ဂျပန်တွေ မြန်မာကို နှိပ်စက်ခဲ့ကြပေမဲ့ မြန်မာတွေက သူတို့ကို အခင်မပျက်သလို သူတိုက ချစ်မြဲချစ်လျှက်ပဲဆိုတာရယ်၊ စနစ်မကောင်းလို့ ဂျပန်တွေ ဒုတ်ခ ရောက်ခဲ့ကြတာကို သတိရစေဖို့ရယ်၊ ဂျပန်မြန်မာ ချစ်ကြည်ရေးမြဲဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးလိုက်တာပါဗျာ။

အကျယ်ဖတ်ရန်...

Tuesday 24 July 2007

အချစ်တွေတည်ဆောက်ကြမယ်

ချစ်ခြင်းမေတ္တာတရာဆိုတာ ဘ၀ကိုယ်စီကို အလှဆင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်တယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာကို ကျင့်ကြံသူတိုင်း ဘ၀မှာ ဆုံးရှုံးမှုတွေနဲ့ မရင်ဆိုင်ရဘူး၊ဘ၀နစ်နာမှုမရှိစေရဘူုး။ဘာလို့လည်းဆိုတော့ ကမ္ဘာလောက ကြီးမှာ ချစ်ခြင်းမေတ္တာတစ်ခုတည်းကသာလျှင် ပြည့်ဝဆုံလင်တဲ့ဘ၀ရောက်ဖို့အတွက် အမြဲ တွန်းအားပေးနေတယ်။

အပြစ်ကြောင့် ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေအားလုံးကို ကုသပေးတယ် ။ လောဘ၊ဒေါသ၊မောဟ၊မာန တွေကြောင့် ပူလောင်နေတဲ့ နှလုံးသားတိုင်းကို ပြန်လည်အေးမြစေတယ်။ဖြေသိမ့်လို့မရနိုင်တဲ့ ၀မ်းနည်းပူဆွေးမှုတွေအားလုံးကို ဖြေသိမ့်မှု တွေပေးတယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး၊ အထီးကျန်တဲ့ လူသားတိုင်းကို မျှော်လင့်ခြင်းရောင် ခြည်တွေ၊ ဘ၀ရဲ့ပြည့်စုံချင်းတွေ ပြန်လည်ပေးတယ်။ဒါကြောင့်လူသားတိုင်း ချစ်တတ်တဲ့ လူတစ်ယောက် ဖြစ်အောင် နေ့စဉ်နေ့တိုင်း ကြိုးစားပြီးကျင့်ကြံကြရမယ်။ချစ်တတ်တဲ့ လူသားတိုင်း ပိုပြီးချစ်တတ်လာပြီး ၊ ပိုချစ်နိုင်တဲ့ လူသားတိုင်း ပိုမိုပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင် ကြလိမ့်မယ်။ လွတ်လွတ်လပ်လပ် ချစ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ အချုပ်အနှောင် ၊ အတားအဆီး တွေထဲက လွတ်မြောက်နေသလို ခံစားကြရတယ်။ ဘာလို့လည်းဆိုရင် ချစ်ခြင်းမေတ္တာ တရားရဲ့ ထူးခြားထက်မြက်တဲ့ အရည်အချင်းက ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားတွေကို အနိုင်ယူလို့ပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် အယူအဆတွေအားလုံးကို ပြောင်းလဲပေးပြီး၊ ဘ၀ရဲ့ထောင်ချောက်တွေထဲက ကယ်တင်ပေးတယ်။ နောက်ဆုံး ဘ၀ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေကို ပြန်ပေးတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာတရားကို လက်တွေ့ ကျင့်ကြံပြီး ချစ်ခြင်းမေတ္တာ၌ အသက်ရှင်နေတဲ့ လူတယောက်ရဲ့ ပျော်ရွှင်မှုဟာ လောကမှာ အဆုံးစွန်၊ အထွဋ်အထိပ်၊ အမြင့်မြတ်ဆုံးသော ပျော်ရွှင်ခြင်းသာဖြစ်တော့တယ်။

ဖာသာရ်ခရစ္စတိုဖာ လိန်ထန်းရေးတဲ့ ဘုရားအချစ် ၊ လူ့အချစ်သီအိုရီများထဲက ကူးထားတာပါခင်ဗျာ။ချစ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်နဲ့ နီးစပ်တဲ့လူတွေကို မိမိကိုယ်ကိုချစ် သကဲ့သို့ချစ်တတ်ရပါမယ်။ ကိုယ့်ရဲ့ ရန်သူတွေ၊ကိုယ့် ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူတွေ ၊ သူတို့တွေကိုလည်းချစ်တတ်ရပါမယ်။ချစ်ခြင်းမေတ္တာတည်ဆောက်ဖို့ဆိုတာ အင်မတန်မလွယ် ပါဘူး။ ဒါကြောင့် ချစ်တတ်ဖို့အတွက် ကျင့်ကြံရပါတယ်။ တကယ် ခွင့်လွှတ် ချစ်တတ်တဲ့ လူတွေဟာ သူတိုပရဲ့ဘ၀မှာ ပျော်ရွှင်ဧမြနေတတ်ကြတယ်။ ချစ်ခြင်းမေတ္တာကြောင့် ခွင့်လွှတ်လာနိုင်ပြီဆိုရင် ဘုရားသခင်ရဲ့နိုင်ငံတော်၊ ဒါမှမဟုတ် နတ်ပြည်ဟာ ကိုယ့်အတွက်ပဲ ဖြစ်တယ်။ နတ်ပြည်တို့ ၊ဘုရားရဲ့နိုင်ငံတော်တို့ကို အဝေးမှာရှာစရာမလိုဘူး။သင်တို့ရဲ့ နှလုံးသားထဲမှာပဲရှိပါတယ်။

အကျယ်ဖတ်ရန်...

Tuesday 17 July 2007

၁၉-၇-၁၉၄၇

ကမ္ဘာ့ရာဇ၀င် မှတ်တမ်းတင်ရသော ဗမာပြည် ခေါင်းဆောင်များ မသမာယုတ်မာသော သူတို့ လက်နက်ဖြင့်သေရခြင်း။

၁၉-၇-၄၇ နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဗိုလ်ချုပ်၏ခန်းတွင် ၀န်ကြီးများစည်းဝေး နေစဉ် ၊ စပတ်လမ်းမှ အတွင်းဝန်ရုံးသို့ ဂျစ်ကားလေးနှင့် ခြင်္သေ့အမှတ်နံပါတ် ၁၂ တပ်ယူနီ ဖောင်း အပြည့်အစုံဝတ်ဆင်ထားသူ ၄ယောက်ဝင်ရောက်လာကြပြီး ၀န်ကြီးအစည်းအဝေးလုပ် နေသည့်ရုံးခန်းအောက်တွင် ထိုးရပ်၍ တယောက်ကား ၊ ကားထဲတွင် စောင့်နေခဲ့လေ၏။ ကျန်သုံးယောက်တို့သည် စတင်းဂန်းနှင့် တော်မီဂန်းများကို ကိုင်ဆောင်ခါ အိနြေ္ဒရရ လှေခါးမှတက်လာကြပြီး ၀န်ကြီးများ အစည်းအဝေးလုပ်နေသော အခန်းဝသို့ ရောက်သောအ ခါ အစောင့်မင်းစေကလေးက အတွင်း၌ ၀န်ကြီးများအစည်းအဝေးရှိနေသဖြင့် မ၀င်ရန်တား မြစ်လေသည်။ထိုသူငယ်အားတွန်းထိုး၍ တံခါးကို ဖွင့်လိုက်ပြီး သေနတ်များကို ၂ ချက်ဆွဲ လိုက်လေသည်။ ဗိုလ်ချုပ် ၊ သခင်တင်မြ ၊ ဦးဘချို ၊ မန်းဘခိုင် ၊ မစ္စတာရာဇတ် ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးအုန်းမောင် ၊ အိုင်စီကက်(စ်)တို့မှာ အတုံးအရုံးလဲနေကြလေသည်။

ဆေးရုံသို့ပို့ခြင်း

သူနာပြုကားများဖြင့် အလောင်းများနှင့် လူနာများကို တင်ဆောင်ယူသွားသည်။ ဆေးရုံတွင် မိုင်းပွန်စော်ဘွားမှတပါး အားလုံးသောဝန်ကြီးများမှာ သေနေတော့၏။ စော်ဘွားကြီးမှာ နောက်တရက်ညနေတွင် သေလေသည်။ အတွင်းဝန် ဦးအုန်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ။

ရန်ကုန်တမြို့လုံး ချောက်ချားခြင်း၊ ဗိုလ်ချုပ်တို့ကို သေနတ်နှင့် ပစ်သည်ဟု ကြားသည် နှင့်တပြိုင်နက် အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားတော့၏ ။ရုပ်ရှင်ရုံများ ၊ ဆိုင်များတို့လည်း ပိတ်ထားကြ၏၊ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း လောလောဆယ်ထုတ်ထားလိုက်လေသည်။

ဗိုလ်ချုပ်အလောင်းကို မြို့လှည့်ပြခြင်း၊ ၂၀-၇-၄၇ ညနေ ၂ နာရီအချိန် ဗိုလ်ချုပ် အလောင်းကို ကန်တော်ကြီးနေအိမ်မှ ဆူးလေဘုရားလမ်း ၊ ဖရေဇာလမ်း ၊ ဘုရားလမ်း မှ ဂျူဘလီဟော သို့ ယူဆောင်သွားရာ လူထုကြီးမှာ လွန်စွာစည်ကား၏။

အသက်ချမ်းသာရသောဝန်ကြီးများ

၁. ပျော်ဘွယ်ဦးမြ ၊ စိုက်ပျိုးရေးဝန်ကြီး။

၂. ဦးဘဂျမ်း ၊ ပြန်လည်ထူထောင်ရေးဝန်ကြီး။

၃. ဦးအောင်ဇံဝေ ၊ ပေါင်းသင်းဆက်ဆံရေးဝန်ကြီး။

ရရှိသောဒဏ်ရာ

လူသတ်သမားတို့ လက်ချက်ကြောင့် ကျဆုံးသွားကြသော နိုင်ငံခေါင်းဆောင်ကြီးများ ရရှိသည့် ဒဏ်ရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁. ဗိုလ်ချုပ်အောင်ဆန်း ၁၃ ချက်

၂. မန်းဘခိုင် ၁၅ ချက်

၃. ဦးဘ၀င်း ချက်

၎. ဦးရာဇတ် ချက်

၅. ဦးဘချို ချက်

၆. ဦးအုန်းမောင် ချက်

ရ. သခင်မြ ချက်

၈. မိုင်းပွန်စော်ဘွားကြီး ချက်

၉. ကိုထွေး ချက်

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်ထဲက ကောက်နှုတ်ဖော်ပြတာ။ တင်ပြသူကတော့ မောင်ကျော်ရင်ပါ။ အဲ့ဒီခောတ်က အသုံးအနှုန်းတွေ သိစေချင်လို့ ၊နောက်ပြီး လှုပ်ရှားမှုပုံရိပ်တွေကို မြင်သာအောင်လို့ ဒီအတိုင်း ဖော်ပြလိုက်တာ၊ ဒီရက်ပိုင်းမှာ နိုင်ငံခေါင်းဆောင် အကြောင်းတွေကို ၁၉-၇-၂၀၀၇ မတိုင်ခင်ထိ ရှားဖွေဖော်ထုတ် တင်ပြမယ်လို့ တွေးထားမိလို့ပါ ။ မသိသေးတဲ့ သူတွေအတွက် တွေ့ရှိတာလေးတွေတင်ပေးရင်း သမိုင်းကြောင်းတွေပြန်ဖော်ထုတ်ကြရအောင်…….

အကျယ်ဖတ်ရန်...

Saturday 14 July 2007

ကာလသား၊ကာလသမီးများ

ကာလသာရောဂါ ( Sexually transmitted Infection) ဆိုတာက လိင်ဆက်ဆံတာကတဆင့် တစ်ယောက်ကိုတယောက် ကူးစက်နိုင်တဲ့ ရောဂါတွေကို ခေါ်တာပါ။ ဒီရောဂါမှာ တခြားရောဂါ တွေလည်း ရှိသေးတယ် ။ အဖြစ်များတာကတော့ ဆီးပူညောင်ကျ လို့ခေါ်တဲ့ ဂနို ရောဂါ ၊ ရှန်ကရွိုက် ၊ ဆစ်ဖလစ် ၊ လိင်အင်္ဂါရေယုန် ရောဂါ တွေပဲ ။

ဟိုးတုန်းက လူငယ်တွေမှာ ဒီရောဂါအဖြစ်များလို့ ကာလသားရောဂါ လို့ခေါ်ကြတာ ။ ကာလသားရောဂါပိုးအားလုံးဟာ ကူးစက်တတ်တဲ့ ရောဂါပိုးမို့ ဒီရောဂါ ပိုးတမျိုးမျိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရင် ကိုယ့်ကိုပါ ရောဂါကူးစက်နိုင်တယ်။ ကာလသားတွေမှ ဒီရောဂါ ဖြစ်တာမဟုတ်ဘူး ပျိုပျို အိုအို ရောဂါရှိတဲ့ လူနဲ့ဆက်ဆံရင်ကူးမှပဲ။ မိန်းကလေးတွေမှာ လည်းဖြစ်နိုင်တာပဲ။

အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေက

၁. လိင်အင်္ဂါတ၀ိုက်မှာ အနာဖြစ်တာ

၂. ဆီးလမ်းကြောင်းကနေ အရည်တွေဆင်းတာ (ပြည် တို့၊ သွေးတို့ ပေါ့ )

၃. ဆီးပူ၊ဆီးကျင်၊ဆီးသွားရတာခက်တာ

၎. ပေါင်ခြံ အကြိတ်တွေ ရောင်တာ ဖြစ်နိုင်တယ်။

အမျိုးသမီးတွေ အဖြစ်များတာက

၁. လိင်အင်္ဂါတ၀ိုက်မှာ အနာဖြစ်တာ

၂.မွေးလမ်းကြောင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းတာ

၃. ဆီးပူ၊ဆီးကျင်၊ဆီးသွားရတာခက်တာ

၎.၀မ်းဗိုက်အောက်ပိုင်းနာကျင်တာ

၅. ပေါင်ခြံ အကြိတ်တွေ ရောင်တာ ဖြစ်နိုင်တယ်။

ဒီရောဂါရဲ့ဆိုးကျိုးတွေကတော့

၁. အမျိုးသားတွေမှာ မျိုးပွားအင်္ဂါ လမ်းကြောင်တလျှောက် ရောင်ရမ်းတာ၊ ဆီးပြွန်ကျဉ်းမြောင်း ပိတ်ဆို့တာ၊ ကလေးမရနိုင်တာ ။

၂. အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းတလျှောက် ရောင်ရမ်းတာ ၊သန္ဓေတည်မှုနေရာလွဲတာ၊ ကိုယ်ဝန်ပျက်ကျတာ ၊ ကလေးအသေမွေးတာ တွေဖြစ်နိုင်သလို နောက်ဆုံး ကလေးမရဘဲ မြုံတယ်ဆိုတဲ့ အထိဖြစ်နိုင်ပါတယ်။

တချို့အမျိုးသမီးတွေ ကာလသားရောဂါရှိတယ်ဆိုပေမဲ့ တခါတလေ ဘာရောဂါ လက္ခဏာမှ မပြပဲရှိနေတတ်တယ် ။ ရောဂါ လက္ခဏာတွေမှ မပြပေမယ့်လို့ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ရဲ့လိင်ဆက်ဆံဖက်မှာ ရောဂါကူးစက်နိုင်တဲ့ အန္တရယ်ရှိတယ်လို့ထင်ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေတိုင်ပင်သင့်တယ်။

အမျိုးသမီး တွေမှာ မွေးလမ်းကြောင်းကနေ အဖြူတွေဆင်းတိုင် ကာလသားရောဂါလို့ ပြောလို့ မရဘူး ။ အဖြူနည်းနည်းဆင်းတာ ပုံမှန်သဘာဝ တစ်ခုပါ။ အဖြုဆင်းတာများတာ၊ အနံ့နံတာ ၊ မလိုင်ဖတ်လို အဖြူဖတ်တွေ ဆင်းတာ ၊ အရောင်ရှိတဲ့ အရည်တွေဆင်းတာ ၊ ပြည်တွေဆင်းတာ၊ယားယံတာတွေ ဆိုရင်တော့ ဆရာဝန်တွေနဲ့ ပြသသင့်တယ် ။ ဒါတွေဖြစ် တိုင်းလည်း ကာလသားရောဂါလို့ ပြောလို့မရပြန်ဘူး ။ မှိုရောဂါ ဒါမှမဟုတ် ရောဂါပိုးတခုခု ကြောင့်လည်း ဖြစ်နိုင်တာဘဲ။

ဂနိုရောဂါ ၊ လိင်အင်္ဂါအနာရောဂါ ၊အမျိုးသမီးတွေ ဆီးစပ်နာကျင်ကိုကခဲတဲ့ရောဂါ ၊ အဖြူဆင်းတဲ့ရောဂါ စတဲ့ကာလသားရောဂါတွေကတော့ ဆေးကုသရင်ပျောက်ကင်းနိုင်တယ် ။ တချို့ လိင်အင်္ဂါရေယုန်တို့ လိင်အင်္ဂါကြွက်နို့ရောဂါတွေကတော့ ပျောက်ဖို့ခက်တယ် ။ အသဲ ရောင်အသားဝါ ဘီ နဲ့ စီ ၊ AIDS ရောဂါ တို့ကတော့ မပျောက်နိုင်ဘူး။

ကာလသားရောဂါဆိုတာ လိင်ဆက်ဆံတာကတဆင့် အဓိကကူးဆက်တာ။ အတွင်းခံ အ၀တ်အစား တွေလဲလှယ်ဝတ်ဆင်လို့ ကူးဆက်တာ အင်မတန်နည်းပါတယ်။ တချို့ ကာလသားရောဂါ မဟုတ်တဲ့ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါဖြစ်တယ်ဆိုတာက ဆီးလမ်းကြောင်း ၊ မျိုးပွားလမ်းကြောင်းတွေထဲကို ရောဂါပိုးတွေ တနည်းနည်းနဲ့ ၀င်ရောက်သွားလို့ပါ။ သုံးရေမသန့်ရှင်းတာတို့ ၊ အတွင်းခံ အ၀တ်တွေ မသန့်ရှင်းလို့ ကူးတာကများတယ်။

လိင်အင်္ဂါ ၊ မျိုးပွား အင်္ဂါ ဆိုင်ရာပြဿနာ ဖြစ်တိုင်း ကာလသားရောဂါလို့တော့ ပြော လို့မရသလို ၊ရောဂါလက္ခဏာမပြတိုင်းလည်း ကာလသားရောဂါရှင်းတယ်လို့ မပြောနိုင်ပြန်ဘူး။ ကိုယ်နဲ့ ကိုယ်ရဲ့လိင်ဆက်ဆံဖက်မှာ လိင်ဆက်ဖက်များတာ၊ကွန်ဒုံးမသုံးတာတွေကို ထည့် စဉ်းစားပြီး ရောဂါကူးစက်နိုင်မှုကို သုံးသပ်နိုင်ပါတယ် ။ တကယ်လို့ ကူးစက်နိုင်တယ်လို့ထင် ရင်တော့ ဆရာဝန်၊ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။

ကာလသားရောဂါ ဖြစ်မဖြစ်ဆိုတာ ကိုယ်ရဲ့အကျင့် သိက္ခာနဲ့ မဆိုင်ပါဘူး။ လိင်ဆက်ဆံဖက် တစ်ဦးတည်းရှိတဲ့ လူတွေမှာလည်း ရောဂါကူးစက်နိုင်ပါသေးတယ်။ မိန်းမကောင်းမို့ ကာလသားရောဂါမရှိနိုင်ဘူး ၊ ပွေရှုပ်တဲ့သူတွေမှသာ ရောဂါဖြစ်နိုင်တယ်ဆို တာ မဟုတ်ဘူး။ လိင်ဆက်ဆံမှုရှိပြီဆိုတာနဲ့ ရောဂါတွေမကူးစက်နိုင်အောင် လိုအပ်ရင် ကွန်ဒုံးသုံးဖို့ သိရှိနားလည်ရပါမယ်။

ဒီရောဂါဟာ လိင်ဆက်ဆံဖက်များတဲ့သူတွေမှာ အဖြစ်များတာဆိုတော့ သစ္စာမရှိတဲ့သူ ဖောက်ပြန်တဲ့ သူတွေလို့ လူအများကထင်နေကြတာ ။ ကိုယ်ကလိင်ဆက်ဆံဖက်တဦးတည်းရှိ တယ် လို့ပြောဦးး သူ့မှာ ဒီရောဂါတွေရှိရင် ကိုယ့်ကိုကူးစက်မှာပဲ။ ရောဂါအကြောင်နားလည်ရင် ကုသဖို့ မခက်ပါဘူး ။ ဒီရောဂါကြောင့် တသက်လုံးကလေးမရတော့မှာ ၊ လိင်မှုဆိုင်ရာ အိမ်ထောင်ရေး သုခတွေကို မရတော့မယ့် အခြေအနေတွေထိမရောက်ခင် ပျိုပျို အိုအို ကိုယ့်မှာရောဂါရှိတယ်လို့ သံသယ၀င်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်တယ်။

အမျိုးသားတွေ ရည်းစားများတာ ၊လိင်ဆက်ဆံဖက်များတာ ၊အိမ်ထောင်ဖက်များတာ ကို လူတွေက အပြစ်မတင်ကြဘူး။ အဲမိန်းကလေးဆိုရင်တော့ အပြစ်တင်လို့မဆုံးဘူး။ ၀ိုင်းပြီး ကဲ့ရဲ့တာ ကျဉ်တာတွေလုပ်တတ်ကြတယ်။ လိင်ဆက်ဆံဖက်များတာကို လူအများလက်ခံ သည်ဖြစ်စေ ၊ မလက်ခံသည်ဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် လိင်ဆက်ဆံဖက် များရင်တော့ ကာလ သားရောဂါ နဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံနိုင်တယ်။

မြန်မာ့ယဉ်ကျေးမှုအရကတော့ မိန်ကလေးတွေဟာ လိင်ကိစ္စမှာ အိနြေ္ဒသိက္ခာရှိဖို့ တော့လိုတယ် ။ဒါပေမဲ့သူများလုပ်တိုင် ခံဖို့မဟုတ်ဘူး။ လိင်ဆက်ဆံတဲ့ကိစ္စဟာ နောင်တချိန် မှာ ကိုယ်ရဲ့ကျန်းမာရေး ၊ လူမှုရေးကိစ္စတွေကို ကြီးမားစွာထိခိုက်နိုင်ပါတယ်။ ဒီတော့ လိင်ဆက်ဆံတော့မယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာ ( မလိုချင်ပဲ ကိုယ်ဝန်ရ တာ ၊ HIV/AIDS ၊ တခြားလူမှုရေးပြဿနာ) တွေကို စဉ်းစားပြီး လိုအပ်ရင် ငြင်ပယ်တာ ၊ ရှောင်ရှားတာ ၊ ကာကွယ်တာတွေကို လုပ်ရပါမယ် ။ လိင်ဆက်ဆံတယ်ဆိုတာက နှစ်ဦးသဘောတူမှ ရတာမို့ အားနာ ၊ ရှက်ရွံ့တာ ၊ ကြောက်လန့်တာတွေ မဖြစ်ပါနဲ့။

မိန်းကလေးတိုင်း လိင်အကြောင်း ပြောတာ၊နားထောင်တာ၊လေ့လာတာဆိုရင် ရှက်ဖို့ကောင်းတယ်လို့ ကိုယ့်ဟာကိုယ်ထင်နေကြတယ်။ လိင်ဆက်ဆံတယ်ဆိုတာ လူတိုင်း တနေ့ ကြုံတွေ့ရမှာမို့ လိင်ဆက်ဆံလို့ဖြစ်လာနိုင်တဲ့ အကျိုးအကြောင်းတွေ ၊ ကြိုတင်သိထား ၊ လေ့လာထားမှ တွေ့ကြုံလာတဲ့အခါ အန္တရာယ်တွေ၊ ဆိုးကျိုးတွေကိုရှောင်နိုင်မှာပါ။

ကိုယ်နဲ့ ကိုယ့်ရဲ့ လိင်ဆက်ဆံဖက်မှာ အရင်က အပြုအမူတွေကြောင့် ရောဂါရှိမှန်း မသိခဲ့ရင်တောင် ကွန်ဒုံးသုံးတဲ့အတွက်ကြောင့် ရောဂါမကူးနိုင်တော့ဘူး။ ကွန်ဒုံးသုံးတာဟာ ကိုယ်ရဲ့ ရည်းစား ၊အိမ်ထောင်ဖက်ရဲ့ ကျန်မာရေး ကိုရော ၊မိသားစုစီမံကိန်း ကိုရော ဂရုစိုက်ရာ ရောက်ပါတယ်။ ကွန်ဒုံးသုံးတာဟာ လိင်ဆက်ဆံတဲ့အခါ ခံစားမှု နည်းနည်းလေးလျော့သွားနိုင် ပါတယ်။ခံစားမှုနည်းနည်းလျော့သွားတော့ ဆန္ဒပြည့်ဝဖို့ (orgasm) ဖို့အချိန်နည်းနည်းပိုကြာ မယ်။

သူ့ကိုသုံးရင်တော့ တခြားချောဆီမလိုဘူး။ ထပ်ထည့်ရင် ကွန်ဒုံးပေါက်ပြဲနိုင်တယ်။ သူ့ကိုသုံးပြီးဆက်ဆံရာမှာ မိန်းကလေးက ပူတယ်၊နာတယ်ဆိုရင် ကွန်းဒုံးမှာ ချောဆီ ပါတာနည်းလို့ ၊ ခြောက်သွားလို့ ဖြစ်နိုင်တယ် ။ ကွန်းဒုံးအမျိုးအစားမကောင်းရင် ၊ နေပူထဲမှာထားရင်၊ ရက်လွန်နေတဲ့ ကွန်ဒုံးတွေဆိုရင်၊ ကွန်းဒုံးအိတ်ပေါက်ပြဲနေမယ်ဆိုရင် ချောဆီခန်းတာ ၊ မလုံလောက်တာတွေဖြစ်လို့ ပူတာ၊နာတာတွေဖြစ်နိုင်တယ်။

အပျိုတယောက်က ကွန်းဒုံးဝယ်ဖို့ ၊ဆောင်ထားဖို့ ခက်ပါတယ် ။ အဲ အပျိုလေးကလိင် ဆက်ဆံမှုရှိပြီဆိုရင် ကိုယ်မလိုချင်တဲ့ဆိုးကျိုးတွေရှိတယ် ဆိုတာကြိုတင်စဉ်းစားသင့်ပါတယ်။ အပျိုမို့ ကွန်းဒုံးဆောင်ဖို့ ၊သုံးဖို့၊ရှက်တယ်၊ခက်တယ်ဆိုရင် နောင်ဖြစ်လာမဲ့ဆိုးကျိုးတွေကို နှိုင်းဆပြီး ဆောင်ထားသင့်ပါတယ်။

တချို့ရည်းစား၊အိမ်ထောင်ဖက်တွေက ကွန်ဒုံးသုံးရင် အထင်လွဲတတ်ကြတယ် ။ သံသယ၀င်ပြီး စကားများတတ်ကြတယ် ။ကိုယ်နဲ့ ကိုယ့် လိင်ဆက်ဆံဖက်ကို အပြန်အလှန် ရောဂါမကူးဖို့ ၊သာယာပျောရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးရဖို့ ၂ ဦး ၂ ဖက် ကွန်ဒုံးသုံးဖို့ နားလည်လက်ခံရပါမယ်။ကွန်းဒုံးဆောင်တာဟာ ပွေတတ်ရှုပ်တတ်သူတွေရဲ့ သက်သေခံမ ဟုတ်ပါဘူး။ သူ့ကိုမသုံးပဲပွေတဲ့သူတွေအများကြီးရှိပါသေးတယ်။အမျိုးသားသုံး ကွန်ဒုံးတွေကို အမျိုးသမီးတွေလည်းသိထားသင့်တယ် ။ အမျိုးသားက ကွန်ဒုံးသုံးဖို့မသိရင်၊ နားမလည်ရင်၊ အသုံးမချတတ်ရင်လည်း အမျိုးသမီးကကွန်ဒုံးသုံးဖို့ စည်းရုံးနိုင်သလို ၊ သုံးပုံသုံးနည်း ကိုလည်းပြသပေးနိုင်တယ်။ သူကမသုံးချင်ရင်တော့ ကိုယ်က အမျိုးသမီးသုံး ကွန်းဒုံးကို သုံး နိုင်ပါတယ်။

ကာလသားရောဂါအကြောင်းမသိသေးတဲ့သူတွေအတွက် မှီညမ်း ရေးသားထားတာပါ။

ဒီစာကိုဖတ်ပြီး အကျိုးရှိနိုင်ကြပါစေ။

အကျယ်ဖတ်ရန်...

Wednesday 11 July 2007

အထီးကြီးကျန်နေတယ်

အထီးကျန်တယ်။တယောက်ထဲနေရတာ တော်တော်အထီးကျန်တယ်။ ကိုဂျက်က အထီးကြီးမို့ အမဘယ် လိုကျန်မှာလည်းလို့ မမေးနဲ့။ ဒီဂျူလိုင်လ ၀င်ကတည်းက ညစ်နေတာ။ အမေက ၈ ရက်နေ့ သူ့သမီးတွေရှိတဲ့ စလုံးကိုသွား မယ်ဆိုပြီး ၀ယ်လိုက်တဲ့ ရိက္ခာ၊ ပို့လိုက်ရတဲ့ နေရာစုံ ။ အဲဒီကြားထဲ သောက်ဖော် ၊သောက်ဘက် ၊ ဆိုးတူ ၊ ကောင်းဘက် ရောင်းရင်းတယောက်ကလည်း ရုတ်တရက် စလုံးကို ၇ ရက်နေ့သွားမယ်ဆိုတော့ ကိုတတ် နိုင်တာလေးတွေလုပ်ပေးရနဲ့ ။ ဟော ၅ ရက်နေ့ကျတော့ ကန်တော်လေးမှာရှိတဲ့ ရောင်းရင်းတယောက် အမေဆုံးတော့ ညဖက်ကြီး သွားတွေ့ရသေးတယ် ။

ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ အချိန်သာကုန်သွားတယ် ။ blog လည်းမရေးရ ။ အချိန်ရတုန်းရေး မယ်ဆိုတော့လည်း ကိုနတ်ရှင်က ဒုက္ခပေးနေလို့ မရေးဖြစ် ။ ၈ ၇က်နေ့ကျတော့ မနက် ၇ နာရီလောက် အမေ့ကို လေဆိပ်လိုက်ပို့ ။ အိမ်နဲ့ လေဆိပ်နဲ့ က နာရီဝက်လောက်မောင်းရတယ် ။ သိတဲ့ အတိုင်း ကားကပြည်တွင်းဖြစ်ဆို တော့ မြှောက်ကြွမြှောက်ကြွ နဲ့ မို့ ဖြည်ဖြည်း မောင်းနေရတယ် ။ လေဆိပ်ရောက်တော့ အရင်နေရာဟောင်းမှာပဲ ၀င်ရမယ်ထင်နေတာ အသစ်ပြောင်းသွးပြီဆိုလို့ လိုက်ရှာရသေးတယ် ။ လေဆိပ် အသစ်ကတော့ နိုင်ငံတကာ အဆင့် မှီပဲ ။ မမှီတာကတော့ ၀င်ခွင့်လက်မှတ်နဲ့ လက်နက်ကိုင် အစောင့် ။ ကိုဂျက်က နိုင်ငံခြားစစ် ကားသာကြည့်တာ ။ လက်နက်ကိုင်ထားတွေ့ရင် ရင်ခုန်သံ နည်းနည်း မြန်တယ် ။

နယ်မှာရှိတဲ့ ဖခမည်းတော်က phone နဲ့ဆက်ပြီး မယ်တော်ဘုရားကို လေယာဉ်ထွက်တဲ့ အထိစောင့်ပါဆို လို့ စောင့်နေရသေးတယ် ။ အဲပြန်လို့ရပြီဆိုတော့မှပဲ ပြန်တော့တယ် ။ ဒါတောင် ကားပေါ်တက်တုန်းရှိသေးတယ်။ ဘဏ်ချလန်တောင်းလို့ ရှာပြီးပြန်လာပို့ပါဆိုလို့ အိမ်ပြန်ပြေး ၊ အဖဆီ သတင်းပို့ ၊ ဆိုင်ရာ ပိုင်ရာတွေရဲ့ အကြံဥာဏ် တွေကို ၁၅ မိနစ်အတွင်းတောင်း ၊ အိမ်မှာရှာပြီး လေယာဉ်ကွင်းပြန်ပြေး ၊ ဟိုရောက်တော့ ကားပါကင်ထိုးပြီး အဆင်း phone ၀င်လာတယ် ။ ချလန်မလိုတော့ဘူးတဲ့ ။ နာရီကြည့်လိုက်တော့ ၉ နာရီထိုးတော့မယ် ။ ဒါနဲ့ အလုပ်တိုက်ကို ပြန်ပြေး ၊ ဆိုင်ရောက်တော့ customer တွေလိုတာလိုက်လုပ်နေရင်းနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းက အချက်ပေးလာတယ် ။ နာရီကြည့်လိုက်တော့ ၁ နာရီ ထိုးတော့မယ် ။ အိမ်ပြန်ပြေးပြီး ထမင်းစား ၊ ပြီးတော့ အလုပ်တိုက်မှာ နေထိုင်စားသောက်ဖို့ ၁လစာ အ၀တ်အစား နဲ့ စားစရာ အခြောက်အခြမ်းတွေကို ထုပ်ပိုးပြီး အိမ်ပေါ်ကဆင်းလာတယ် ။ သွားပြီ ။ အမေ လည်း အိမ်မှာမရှိ ။ အဖေကလည်းနယ်မှာ အစိုးရတာဝန်နဲ့နေတာ ၁၀ နှစ်ကျော်ပြီ ၊ အမနဲ့ ညီမကလည်း စလုံးမှာ ။ ရန်ကုန်မှာရှိနေတဲ့ ကိုဂျက်တို့သားအမိကလည်း တယောက် တနေရာ ။ အမေက ရန်ကင်း ၊ သားက တာမွေမှာ။ မနက်ကိုဂျက်အလုပ်သွားရင် အမေက မနိုးသေး ၊ ညပြန်လာ တော့လည်း အမေက အိပ်နှင့်ပြီ ။ စောစော ပြန်လာတဲ့နေ့တွေကျတော့ ကိုဂျက်ထမင်းစားရင် ဘေးမှာ အမေက ထိုင်စောင့်ပေးနေကြ။ သူတို့တွေအခုမရှိတော့ ကိုဂျက်လည်း အလုပ်တိုက်ကိုပြောင်းနေပြီလေ။

တနေကုန် customer တွေစိတ်ကြေနပ်အောင် ဆက်ဆံရ။ ဂဂျီဂဂျောင် ကျတဲ့ customer တွေကို စိတ်ရှည်ရနဲ့ ၊ တချို့ customer တွေက ကလေးတွေလိုပဲ ။ အစအဆုံး လိုက်ပြီး ၀န်ဆောင်မှုပေးရနဲ့ ။ ဒီကြားထဲ သိထားတဲ့ ပညာလေးတွေကို ပြန်သင်ပေးရသေးတယ်။ ၁ ရက် ၂ ရက်ဆိုရင် ဒီလိုလုပ်ပေးရတာ ပင်ပန်းမှန်း မသိသာဘူး ။ နားရက်မရှိ တရက်တရက် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းပြီးရင် လူက မျှော့မျှော့ပဲ ကျန်တော့တယ် ။ လူကမနားရတော့ ၁ခါ ၁ခါ ဘာမဟုတ်တာလေးနဲ့လည်း စိတ်တိုတတ် ။ ထွက်ပေါက်တခုခု ရှာချင်သလိုဖြစ်လာတယ်။ ဒီကြားထဲ ညညဆို ထမင်းစားပြီး အစာကျေတဲ့အထိမစောင့်နိုင်လို့ အစာကျေ ဆေးစားပြီး အိပ်လိုက်လို့်ဗိုက်ကပူလာလိုက်သေးတယ် ။ တချို့ customer တွေက မှုန်ကုပ်နေတဲ့မျက်နှာ ၊ အသား မည်းမည်း ၊ ဗိုက်ပူပူ ၊ လူကောင်ကြီးကြီး၊ ရီလိုက်ရင် သွားသေးသေးလေးပဲမြင်ရတဲ့ ကိုဂျက်ကို ဒီကောင်ဘာ ကောင်လည်းဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်သွားကြသေးတယ် ။

ဟိုးတုန်ကဆိုရင် ကိုဂျက် စိတ်ညစ်ရင် အဖေက အရက်တိုက်နေကျ ။ ကိုဂျက် တဟားဟား ရီနေရင် ရေချိန်ကိုက်မှန်း အဖေကသိပြီ ။ ဒါဆို သွားအိပ်တော့ပဲ ။အဖေမရှိရင် ရောင်းရင်းတွေနဲ့ သွားသောက် ။ အဲ့လိုမှ မလုပ်ရင် စိတ်တွေက မကြည်မလင်ဖြစ်ပြီး customer ကိုဆက်ဆံရတာ အဆင်မပြေတော့ဘူး ၊တခါတခါ စိတ်ကို လွှတ်ပေးတဲ့သဘောပါ ။ ကိုက စီးပွားရေးလုပ်နေတာဆိုတော့ အနေအထိုင်ဆင်ခြင်၇တယ် ။ မဆင်ခြင်ရင် စီးပွားရေးကျဆင်းတတ်တယ် ။ ဘုရားတရားလည်းမြဲရတယ် ၊ တရားလည်းထိုင်ရတယ် ။ ဒါကြောင့် ကိုဂျက်တို့က သောက်ကားသောက်၏ ။ သို့သော် မဟုတ်တာ ဘာတခုမှမလုပ် ။

ဒီလို လုံးချာလည်နေတဲ့ ဘ၀ ကို မကြိုက်သော်လည်း လက်ထပ်ယူခဲ့ပြီးပြီ ။ မပျော် ပျော်အောင် နေခဲ့ပေမဲ့ ကိုဂျက် ရောင်းရင်းတွေအကုန် နိုင်ငံခြားရောက်ကုန်ပြီ ၊ ခုလည်း အမေက သွားပြန်ပြီ ၁လ ။ အဖေကလည်း အမေမရှိတော့ ပြန်မလာ။ အလုပ်လုပ်နေရရင် လူကဘာမှ မသိလိုက်ပေမဲ့ ထမင်းစားတဲ့အချိန် ၊ တနေ့တာနားတဲ့ အချိန် တွေမှာ သူတို့ကိုလွမ်းပြီး အထီးကျန်သလို ခံစားနေရတယ် ။ ကိုဂျက်ကလည်း လျှောက်မလည်တတ်တော့ ပိုဆိုး ၊ အလုပ်ကိုပစ်ထားပြီးဘယ်မှ မသွားနိုင်ဆိုတော့ တနေ့ တနေ့ ဒီအလုပ်ထဲမှာပဲ ။ သိပ်လည်းစိတ်ညစ်တယ် ။ ၁ ယောက်တည်း အထီးလည်းကျန်တယ် ။ လူတွေကို ဟန်ဆောင်ပြီး ပြုံးရီပြရတာကိုလည်း စိတ်ညစ်တယ် ။ ဆက်လည်းမညည်းတော့ပါဘူး ။ရင်ထဲက ညစ်တာတွေ ရေးလိုက်တော့ တ၀က်ပေါ့သွားပြီ ။ကျန်တဲ့တ၀က်ကို ဘာနဲ့ ဖြေရှင်းရင်ကောင်းမလဲ ..

အကျယ်ဖတ်ရန်...

Powered By Blogger