Wednesday 5 December 2007

တစိမ့်စိမ့်

သူများနိုင်ငံတွေမှာ စကောလားရှစ်တို့ ၊ ပညာသင်ထောက်ပံ့ကြေး တ၀က်တို့ ၊ ဘာတို့ ညာတို့ ကြားဖူးနေကြတဲ့သူတွေက ဪ ဒို့ မြန်မာနိုင်ငံမှာလည်းရှိရင် ကောင်းမှာပဲလို့ တွေးမိကြမှာပဲ။ တွေးမနေနဲ့ တကယ်ရှိခဲ့တယ်။ ဟုတ်တာမှ ဟုတ်ဟုတ် နဲ့တောင်နေသေး။ ဒါပေမဲ့ ဒီခောတ်တော့မဟုတ်ဘူး။ ဟိုးလွန်လေပီးသော အချိန်ကာလက။

မြန်မာနိုင်ငံက လွတ်လပ်ရေးရပီးတော့ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးတွေ အရမ်းထောင်တက်လာတာ အာရှမှ ခြင်္သေ့တကောင်လို မင်းမူခဲ့တာ ၊ ဗိုလ်နေ၀င်း အစိုးရမတက်ခင် အချိန်ထိလေ။ အုပ်ချုပ်မင်းလုပ်တဲ့ သူတွေကလည်း ပညာတတ် ဘိလပ်ပြန်၊ ဘုရားနဲ့တရားနဲ့နေတဲ့သူတွေဆိုတော့ တိုင်းသူပြည်သားတွေ ကောင်းရောင်းကောင်းဝယ်လုပ်မစားရင် ဆင်းရဲကြတယ်။ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုတဲ့သူတွေက ကောင်းစားကြတယ်။ တိုင်ပြည်တိုးတက်မဲ့ အပြုအမူတွေကို လွတ်လွတ်လပ်လပ် ရေးသားပြောဆို ၊ ငြင်းခုန်ကြတယ်။ ဒီတော့ အဲ့ဒီတိုင်းပြည်မှ မတိုးတက်ရင် ဘယ်တိုင်းပြည်က တိုးတက်မှာလည်း။ ကုမ္ပဏီတွေက တက္ကသိုလ်ကျောင်းတွေမှာ ဘယ်သူတွေတော်လည်းလိုက်ရှာ၊ အလုပ်ခန့်။ ပညာတော်ရက်နဲ့ တက္ကသိုလ်မတက်နိုင်တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးရအောင် အမျိုးမျိုးကြံဆောင်။ ဟော အစိုးရကလည်း ပညာတော်တဲ့ကျောင်းသား ကျောင်းသူတွေကို နိုင်ငံအသီးသီးကို လွှတ်ပီးပညာသင်ခိုင်း၊ ပြည်တွင်းမှာရှိတဲ့ ကျောင်းသားတွေကိုလည်း အမျိုးမျိုး ချီးမြင့်မြှောက်စား ၊ နေရာပေးကြတယ်။ နောက်ပီး ကျောင်းသားတွေ ယာဉ်စီးခကလည်း အများပြည်သူတွေနဲ့ယှဉ်ရင် တ၀က်ပဲ။ မြန်မာတနိုင်ငံလုံး ဘယ်ကိုပဲ သွားသွား ပြည်သူတွေက တက္ကသိုလ်ကျောင်းသားဆိုတာနဲ့ နတ်ပြည်က နတ်သား နတ်သမီးတွေထက် ပိုစိတ်ဝင်စားကြတယ်၊ လေးစားတယ် ၊ အားကျ အတုယူကြတယ်။ ဟော တိုင်းပြည်တိုးတက်ရေးအတွက် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ နယ်ကို ဆင်းပီး လုပ်အားပေးဆရာ၊ဆရာမလုပ်တော့လည်း လိုလေသေ့မရှိ။ လယ်ထဲဆင်းပီး ထွန်းရေးပြ ၊ ကောက်စိုက်တော့လည်း ဪ ကျောင်းသားတွေလည်း ဒီလို အပင်ပန်းဆင်းရဲခံနိုင်ပါလားဆို ပီး လေးစားကြ၊ကြည်ညိုကြတာပဲ။ ဒီကျောင်းသားတွေ တိုင်းပြည်ရဲ့ တဒေါင့်တနေရာက ပါဝင်နိုင်ရင် သူတို့ပြည်သူတွေဘ၀ အေးချမ်းပီ လို့တွေးကြတာပဲ။ ဒါက တိုင်းပြည်ကို မင်းကောင်းမင်းမြတ်တွေ အုပ်ချုပ်နေတုန်း ဘုရားတို့၊နတ်တို့ က စောင်မကြည့်ရှုနေတုန်း လူတော်၊လူကောင်း တိုင်းသိ၊ ပြည်သိ ပညာရှင်တွေ ပေါ်ထွန်းနေတဲ့ကာလ။ ရှင်းရှင်ပြောရင် မီးခဲပြာဖုံး ၊ ရွက်ပုံးသီး ပညာရှင် မရှိသေးတဲ့ အချိန်ပေါ့။ ဒါဆို တွေးမိလောက်ရောပေါ့။ ဟိုးတုန်းက ဒို့မြန်မားပြည် ဘယ်လောက် တိုးတက်တယ်ဆိုတာကိုလေ။ မယုံရင်တော့ ပုံပြင်တခုလိုပဲ။ အဲ့ဒီတုန်းကများ နိုင်ငံတကာမှာ မြန်မာပြည်သားတိုင်း ခေါင်းကော့ ရင်မော့ပီး သွားနိုင်ကြတယ်၊ ပြောချင်ဆိုချင်သူတွေများတယ်။

ဒီခောတ် ကို ပြန်ကြည့်တော့ ဟိုးတုန်းက မြန်မာပြည်တိုးတက်တာရဲ့ ပြောင်းပြန်တွေကိုပဲတွေ့ရတယ်။ ဒီ နည်းပညာခောတ်ကြီးမှာ မြန်မာပြည် ဘယ်လောက်တိုးတက်တယ်ပြောပြော ဒါက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပဲ။ ရုပ်ပိုင်ပဲပြောင်းလဲသွားတာ။ ၈၈ တုန်းက တက္ကသိုလ် ဘယ်လောက်ပဲရှိတယ် ၊ ခုဘယ်လောက်တိုးတက်လာပီ။ ဟိုးတုန်းက ဒါကြီးမရှိဘူး၊ အခုရှိပီ ။ ဒါကအလကား။ ကျောင်းတွေ တော့ပေါလာပါရဲ့ သင်တဲ့သူက တကယ်ရောတတ်ရဲ့လား၊ သူ့ရဲ့ပညာကို အားကိုးလေးစားလို့ရမလား။ သမားဂုဏ်ရောရှိရဲ့လား။ ဟုတ်ပီ သင်ပေးတဲ့သူ က အရမ်းတော်နေတတ်နေတယ်ထား၊ သူကရေအိုင်ထဲက ဖားသူငယ်ဆိုရင်အလကားပဲ။ တကယ်ပဲသူက သူ့ရဲ့ပညာမှာ တော်တယ်၊တတ်တယ်၊ လူအများလေးစားတယ် ထားအုန်း သူပညာရင်နို့ သောက်မဲ့ ကျောင်းသားတွေက အာဝါဒါးတွေ ဆိုရင် ၊ သင်သူလည်း စိတ်ပျက် ၊ အသင်ခံရတဲ့ သူတွေကလည်း ချီးပေါ၊သေးပေါ တက္ကသိုလ်ကျောင်းသားဖြစ်လာသူတွေဆိုရင် တော့ ဘာမှရသွားမှာမဟုတ်ဘူး။ ဒါကျက် ဒါဖြေ အသေမှတ်ပီးရင် အချိန်တန်တော့ ဘွဲ့ ရသွားမှပဲ။ သူတို့ကို ဘယ်သူမှလည်းလေးစားမှာမဟုတ်သလို ဘယ်ကုမ္ပဏီမှ လည်း စိတ်ချ လက်ချ တာဝန်မပေးရဲပါဘူး။ ဒီခောတ်တက္ကသိုလ်တက်တယ်ဆိုတာ အချိန်နဲ့ ငွေကိုရင်ပီး ဘွဲ့တခုဝယ်တာထက်မပိုဘူး။ နောက်ပီး ရထားတဲ့ဘွဲ့နဲ့လည်း သူ့ဘ၀ အာမခံချက်မပေးဘူး။ ဒီတော့ ကျောင်းပီးတာနဲ့ ဟို သင်တန်းတက် ဒီသင်တန်းတက် ။သင်တန်းတွေ ဘယ်လောက်တက်သလဲဆိုရင် ပညာသင်နှစ်က လူ့သက်တန်း လေးပုံ တပုံ လောက်ကို ရင်းလိုက်ရတယ်။ မိဘက အတော်အသင့်ရှိမှ ထားပေးနိုင်မှာ။ ဒါတောင် သကောင့်သား အချိန်တန်လို အိမ်ထောင်ပြုလိုက်ရင် မိဘတွေရဲ့ ရည်မှန်းချက်လည်းပျက်၊ ငွေကုန် ၊အချိန်ကုန်ပီး မိဘဆီက လက်ဖြန့်တောင်းရတဲ့ ဘ၀ကလည်းလွတ်မှာမဟုတ်ဘူး။ အမြင်ကျယ်တဲ့ ကျောင်းသားတွေလောက်ပဲ အချိန်ကို အကျိုးရှိရှိ သုံးနေကြတာ။ သူတို့ကို အာမခံချက်ပေးနိုင်တဲ့ ပညာတွေကို ဘယ်လိုရှာမယ်ဆိုတာ ကြံစည်ပီးသားပါ။ ကျောင်းသားလူငယ်တွေ အကြောင်းပြောရင်ကုန်မှမဟုတ်ဘူး။ နောက်ပီး ဒီခောတ် ၊ မြန်မာနိုင်ငံ အခြေ အနေအရ မင်း ကောင်းရောင်းကောင်းဝယ်လုပ်စား၊သမာသမတ် နဲ့ ဥပဒေလေးစားလိုက်နာ နေရင် သေချာတာက ၊ မင်းဟာ လူဆိုး ၊သူခိုးပဲ။ အေး သူများကို ရုတ်မာမယ်၊ ပက်စက်မယ်၊ ရမ်းကားမယ်ဆိုရင် မင်းက ချမ်းသာမယ်၊။ မဟုတ်တာ အကုန်လုပ်လေ ချမ်းသာလေပဲ။ နှာစေးပြမယ်၊ အအေးမိပြမယ်ဆိုရင် မင်းစားလို့ သောက်လို့ ရရုံလောက်ပဲ။ မဟုတ်တာတွေလာမပြောနဲ့ ကိုဂျက်ရေဆိုရင် ၊ ကိုယ်တွေ့ကိုပြောပြမယ်။ ကိုယ့် ကိုယ်ပိုင်အခန်းနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတယ်၊ လူသိရှင်ကြာလည်း ပညာနဲ့လုပ်စားနေတဲ့ သူတွေဆီမှာ မသူတော် ၊လူယုတ်မာတွေမရှိနိုင်ဘူး။ ဒါက ခေွးက အစသိတယ်။ မကောင်းတာလုပ်တဲ့သူတွေက ပေါ်တင်မနေဘူး ၊ခိုးချောင်ခိုးဝှက်နေတယ်။ အေး အဲ့ဒီလိုပုံးအောင်းနေတဲ့နေရာ ကို ဘယ်သူမှ ၀င်ပီး ဧည့်စရင်းမစစ်ဘူး။ သူတို့သေမှာကြောက်လို့၊ နောက်ပီး ပိုက်ပိုက်လည်းမရဘူး။ ကောင်းကောင်းနေတဲ့သူတွေဆို သူတို့ရဲ့အမဲပဲ ။အာဏာပြပြပီး နှိပ်စက်နေကြတယ်။ ပိုက်ပိုက်မပေးလို့က တော့ ကိုယ့်အိမ်မှာကိုယ်နေလည်း သူခိုး၊ဒါပြဆိုပီး ထောင်ထဲ ပို့မှာပဲ။ အဖေက နှိပ်စက်တော့ သူ့ကို နှစ်သိမ့်မဲ့ သူကို ကိုယ်က အားကိုးရမှာပဲ။ မဟုတ်ဘူးလား ။ အမေကျော်ပီး ဒွေးတော်လွမ်းတာမဟုတ်ဘူး။ အဖေတော်ရင် အဖေ့ကို အားကိုမယ်၊ သူ့ကိုမှီပီး ကိုယ့်ဘ၀ အာမခံချက်ရှာမယ်။ ကိုယ့်ကြောင့် သူ့ကို မျက်နှာပွင့်စေမယ်လေ။ အဖေတွေ ဘယ်လောက်ဆိုးဆိုး မင်းရဲံ့ ဘ၀အာမခံချက်ကိုရှာချင်ရင်တော့ အိမ်ပေါ်ကဆင်းသွားမှပဲရမယ်။ ဒါတောင် ဒီအတိုင်းဆင်းသွားလို့မရဘူး ၊ ပညာသင်လျော်ကြေးတော့ ကန်တော့ခဲ့ရအုန်မယ်။ ရှင်းရှင်းပြောရရင် ကိုယ်တိုင်ပညာတတ်ပီး ပညာရှိတဲ့ သူတွေရဲ့စကားကို လေးစားလိုက်နာတဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ် သူတို့အုပ်ချုပ်တဲ့တိုင်းပြည်က နေတဆူလို ထွန်းလင်းနေမှာ အမှန်ပဲ။

အကျယ်ဖတ်ရန်...

Tuesday 13 November 2007

အလွမ်းနေ့ရက်

လွမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နေခဲ့တဲ့ မလယ်ရွာ လေးကို လွမ်းလိုက်တာ။ ကလေးဘ၀တုန်းက သောင်းကျန်းခဲ့သလို၊ ကျောင်သားဘ၀မှာလည်း စာတွေလုပ်၊ပြီးတော့ လုပ်ငန်းခွင်ရောက်တော့လည်း အလုပ်တွေနဲ့။ ဘ၀အမောတွေပြေစေဖို့ ကလေးဘ၀ ကို ခဏလေးပြန်လိုချင်နေမိတယ်။ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကို လက်တွေ့မှာ မရနိုင်တော့ပေမဲ့လည်း အတိတ်ကို လူတိုင်း ပြန်စဉ်းစားခွင့် လေးတော့ရှိတာပဲလေ။
ဒို့ရွာကလေးက ဧရာဝတီမြစ်အနောက်ဘက်ကမ်းဆိုတော့ မိုးတွင်း ရေကြီးတာ ဆန်းသလား နော်။ မဆန်းပါဘူး ။ ဒို့ရွာလေးက ရေကြီးရင် ရွာတခြမ်းပဲ မြှုပ်တာပါ။ မြစ်ကမ်းနဘေးကနေ ကိုက် ၄ ၊၅ ရာလောက်ထိ ရေတက်တယ်လေ။ ရေတက်ချိန်ဆို လူတိုင်းလန့်တတ်ကြတယ်။ စောစောစီး ရေမတက်ခင်ပြောင်းချင်ပြောင်း မပြောင်းရင် အိပ်နေရင်းနဲ့ ရေစိမ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။ ရေတက်ပြီဆိုရင် ရေချိုးဆိပ်တွေလည်း ပြောင်းရတယ် ၊ လူတွေချိုးတဲ့ဆိပ်က မချိုးနိုင်တော့ ဘုန်းဘုန်းတွေချိုးတဲ့ဆိပ်ကို ပြောင်ချိုး။ ဟော ဘုန်းဘုန်းတွေက တကာမ တွေ ဘောစီးတာတွေ့မှာဆိုးလို့ အထက်ကိုတက်ချိုးနဲ့ ရေချိုးဆိပ်တွေလည်း ပြောင်းကုန်ပီ။ ဪ ဘောစီးတာ ကို ပြောရအုန်းမယ် ။ ဒို့ရွာမှာက ဘုန်းကြီးတွေချိုးတဲ့ရေချိုးဆိပ်ရယ် ယောက်ျားတွေချိုးတဲ့ဆိပ်ရယ်၊မိန်းမတွေချိုးတဲ့ဆိပ်ရယ်ဆိုပြီးရှိတယ်။ ယောက်ျားတွေက ရေချိုးရင် ရေငုပ်၊ပုဇွန်နှိုက် ၊မြစ်လယ်ထိကူးတတ်ကြတယ်။ မိန်းမတွေကတော့ ထမိန် ရင်ရှားနဲ့ ရေချိုးဆင်းတာများတယ်။ တချို့က ထမိန်တထည် ၊ အပြန်ရေသယ်ဖို့ ရေအိုးပါလာတတ်တယ်။ ရေလဲထမိန်တော့ပါဘူး။ သူတို့ကချိုးရင် ထမိန်ကို မပြီးရေထဲဆင်း ။ နောက် ထမိန်ကိုမလာလိုက်တာ ရင်ခေါင်းရောက်တော့ ထမိန်ကို ကမ်းပေါ်ပစ်တင်လိုက်တတ်ကြတယ်။ တချို့ကရေလဲ ထမိန်ပါတော့ ရေလယ်ခေါင်လောက်မှာ ထမိန်အောက်ကနေ လေတွေသွင်းပီး ဘောစီးကြတယ်။ ကမ်းပေါ်ကကြည့်ရင်တော့ ဘောစီးတာ အတော်လှတယ်။ ရေအောက်ကနေကြည့်ရင်တော့ အင်းးးးးး။ ဒါကြောင့် ရေချိုးဆိပ်ကို ၃ ပိုင်းထားတာ။ ဘုန်းဘုန်းတွေက မြစ်အပေါ်၊ ယောက်ျားတွေက မြစ်လယ်၊ မိန်းမတွေကတော့ မြစ်အောက်ပိုင်းပေါ့။ ဒို့ရွာက မြစ်နားမှာဆိုတော့ ပုဇွန်တွေ၊ ငါးတွေ ပေါမှပေါပဲ။ပှုဇွန်တွေဆို မီးဖိုထဲပစ်ထည့်ပီး ကင်စားတယ်။ မြစ်ထဲမှာ တခါတလေ လင်းပိုင်တွေလည်းတွေ့ရတယ်။ နောက်ပြီးရေကြီးတဲ့ အချိန်ဆို လောင်းလှေစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သမ္ဗန်တို့.၊ ငှက်တို့မစီးရဘူး။လောင်းလှေက သစ်ပင်စည်တခုလုံးကို ထွင်းထားတော့ သေးတယ်၊ ခရီးအရောက်မြန်တယ်လေ။ လောင်းလှေစီးရင်း ရေထဲကို လက်ချပြီးဆော့ရတာ အရမ်းပျော်ဖို့ ကောင်းတယ်။ တခါတလေ ဗေဒါတို့ ၊ဒိုက်တို့ နဲ့တိုးရင် ဗေဒါပန်းလည်းခူးလို့ရသေးတယ်။တခါတလေတော့လည်း ခုတလော တီဗီထဲက မြစ်ထဲ အိမ်သာမဆောက်ရ ပညာပေး ဇတ်လမ်းလို အတုံးလိုက်မျောပါ လာတတ်သေးတယ်။ တခါတလေတော့လည်း လူသေကောင်တွေပေါ့။ ခုလိုဆောင်းတွင်းရောက်လာရင်တော့ မြစ်ရေတွေကျပြီး ရေလယ်ခေါင်မှာ သောင်ထွန်းတတ်တယ်။ သဘောင်္တွေလည်းသောင်တင်တတ်တယ်လေ။ ဒီလိုသောင်ထွန်းရင် ရွာကလူတွေ သောင်ပြင်မှာ စိုက်ပျိုးရေးလုပ်ဖို့ နေရာလုကြပြီ။သောင်တွေ ဘယ်လောက်ကျယ်လည်းဆိုရင် မျက်စိတဆုံးပဲ၊အကျယ်ကြီး။ ဦးရာလူ စိုက်ကြတာ။ ဒီလိုသောင်ထွန်းရင် ကိုဂျက်တို့ အဲ့ဒီပေါ်ကို ပျော်ပွဲစားမျိုးသွားကြတာ။ စားစာရာ ထမင်း၊ဟင်းတွေကို ချိုင့်တွေနဲ့ထည့် မော်တော် စီးပြီးသွား၊ သောင်ပေါ်မှာ ဆော့။ တချို့က ဖရဲသီးစိုက်တော့ ခူးပြီး စားလို့ရတယ်။ ဖရဲသီးတွေဆို သေးသေးလေးကနေ အကြီးကြီးတွေထိ ချိုတယ်။ ဖရဲသီးရာသီဆိုရင်လေ အိမ်က မီးဖိုဆောင်မှာ ခြေချစရာ နေရာမရှိအောင် တရွာလုံးက ဖရဲသီးတွေ လက်ဆောင်လာပေးတတ်ကြတယ်။ မနက်တစ်လုံး ညတစ်လုံး ကုန်အောင်စားရတာ။ တလုံးလျော့မယ်မကြံနဲ့ နောက် ၄၊၅ လုံးရောက်လာပြီ။ ပေးလို့လည်းမကုန် စားလို့လည်းမကုန်အောင်နိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုတော့ ကလေးပေါ့၊ကလေးဘ၀ ကသောင်းကျန်းခဲ့တာလေးတွေ ပြန်တွေးမိရင် ကိုယ်ဘာသာပြုံးနေမိတတ်တယ်။ သူငယ်ချင်းတွေကပြောတယ် မင်းဒီလိုသာပြုံးနေရင် လက်မှတ် (တံတားလေးလက်မှတ်) ရတော့မှာပဲတဲ့။

အကျယ်ဖတ်ရန်...

Wednesday 7 November 2007

လှူပါရစေ

ဒီနေ့ ၆.၁၁.၂၀၀၇ မှာ ဖြစ်ချင်နေတဲ့ ဆန္ဒတခုကို အကောင်အထည်ဖော်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက အမှတ်တရအဖြစ်လုပ်ချင်နေခဲ့တာ။ မအောင်မြင်လိုက်ဘူးလေ။
ဘာလို့လည်းဆိုတော့ လေးဖက်နာဆေးသောက်နေရတာကိုး။ ဒီနှစ်တော့ အောင်မြင်သွားပီ။မွေးရက် ၁၀ ရက်နေ့မတိုင်မီ အောင်အောင်မြင်မြင်သွေးလှူလိုက်နိုင်ပါပြီ။ မနှစ်ကတည်းကလှူချင်နေတဲ့သွေး ခှုမှပဲ လှူနိုင်တော့တယ်။ ဒီနှစ်ထဲမှာ မရ ၊ ရအောင်သွေးလှူမယ်ဆိုပြီး အနေအထိုင် အစားအသောက်ကို ပိုဂရုစိုက်တယ်။ လှူမဲ့နေ့မတိုင်မီ ၁ လလောက်ကတည်းက ဆေးကို ကြိုဖြတ်ထားလိုက်တယ်။ ၅ ရက်နေ့ မှာတော့ အိပ်ရေးဝအောင်အိပ်၊ ၆ ရက်နေ့မှာတော့ ရေများများသောက်ဖြစ်တယ်။ နေ့လည်ထမင်းစားပြီးတော့ ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ အမျိုးသားသွေးလှူဘဏ်ရောက်တော့ လှူလို့ရမရ စစ်တယ်။ သွေးဖြူဥ ၊ သွေးနီဥတွေစစ်၊ပီးတော့ မေးခွန်းတွေ တသီကြီးဖြေ။ အလှူခံရှိလို့လာလှူတာလားလို့လည်း သူတို့က မေးသေးတယ်။ စေတနာ အလျှောက် လှူတာပါဆိုတော့ ပြုံးနေကြပါတယ်။ မေးခွန်းတွေဖြေပြီးတော့ အခန်းနံပ္ပါတ် ၂ မှာ သွေးပေါင်ချိန်ရတယ်။ နောက် ကိုဂျက်က B သွေးဆိုတော့ ဆရာဝန်မလေးပျော်သွားတယ်။ B သွေးအများကြီးလိုတယ်လို့လည်းပြောပြတယ်။ B သွေးလိုနေတဲ့ လူရဲ့ စာရွက်ကို ကိုဂျက်ကိုပေးပြီး အခန်းနံပ္ပါတ် ၃ မှာ သွေးလှူရှင်မှတ်ပုံတင်ရတယ်။အဲံဒီကမှ သွေးလှူဖို့လိုအပ်တဲ့ ပစ္စည်းလေးတွေ ထည့်ထားတဲ့ခြင်းးလေးကို ပေးပြီး သွေးလှူခန်းမှာ သွားလှူရတယ်။ ကိုဂျက်လှူပေးရတဲ့လူက ကိုဂျက်ထက် ၄ နှစ်ငယ်တယ်။ ၂၂နှစ်ပဲရှိသေးတယ်။ ဘာရောဂါလည်းတော့ သေချာမသိလိုက်ပါဘူး။ သူနာပြုဆရာဝန်မကြီးက ကိုဂျက်ညာလက်မောင်းကို အရက်ပြန်၊သင်နာတွေနဲ့သေချာဆေး၊ပီးတော့ အပ်ကြီးကြီးကို အကြော ထဲထိုးထဲ့လိုက်တယ်။ ကိုဂျက်တို့က ဒါမျိုးနပ်ပြီးသား။ ကိုယ့်သွေးကို ကိုယ်ပြန်မကြည့်ဘူး။ အခန့်မသင့်ရင် မူးတတ်လို့။ သတ္တိရှိတာ မရှိတာနဲ့မဆိုင်ဘူး၊ လူတိုင်း သွေးမြင်ရင် အနည်းနဲ့ အများတော့ မူးတတ်တယ်လေ။ သွေးအထွက်ကောင်းအောင်လို့ လက်ကို ဖြန့်လိုက်ဆုပ်လိုက်နဲ့ နေ နေလိုက်တာ သိပ်မကြာပါဘူး သူတို့လိုအပ်တဲ့ သွေးကိုရတော့ အပ်ကို ဖြုတ်လိုက်တယ်။ ခုတင်ပေါ်မှာခဏလှည်းနေပြီးတော့ မုန့်စားဖို့ထွက်လာတယ်။ ကြက်ဥပြုတ်ရယ်၊ ကော်ဖီရယ်၊မုန့်တခုရယ်ကျွေးတယ်။ ကိုဂျက် သွေးလှူတယ် သာပြောတယ် မူးတာ၊နာတာ၊အားမရှိတာ လုံးဝမဖြစ်လိုက်ဘူး။ သွေးတောင် ထုတ်ရဲ့လားလို့ ထင်မိသေးတယ်။ ပျော်တယ်။ ဖြစ်ချင်နေတဲ့ အိမ်မက်တခုကို အကောင်အထည်ဖော်ခွင့်ရလို့လေ။ နောက်တခါလည်း လှူအုန်းမယ် သူတို့သတ်မှတ်ပေးတဲ့ရက်က နောက်လေးလကြာရင်လှူလို့ရတယ်တဲ့။ တကယ်လို့ ဒီကြားထဲ blogger မောင်နှမတွေ စုပြီးသွေးလှူဖြစ်ကြမယ်ဆိုရင်တော့ အတိုင်းမရှိ ပျော်ရွှင်ရလိမ့်မယ်လို့လည်းထင်ပါတယ်ဗျား။

အကျယ်ဖတ်ရန်...

ကူညီကြပါ

နိုဝင်ဘာ ၂ ရက်နေ့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်း ၀တ်ပြုဆုတောင်းပွဲလေ၊သေလွန် ပြီး ငရဲငယ်မှာ ကျခံနေရတဲ့ ၀ိညာဉ်တွေကို ဆုတောင်းပေးကြတာပါ။ ဒီနှစ်လည်း ကိုဂျက် တခေါက်ရောက်ခဲ့ပြန်ပီ။
ထာဝရဘုရားသခင်ဆီမှာ အိပ်ပျော်သွားကြတဲ့ အဘိုးတွေ ၊ အဘွားတွေ ၊ အကိုတွေ အတွက်ရယ် နောက်ပီး တခြားဝိညာဉ်တွေ အတွက်လည်း အထူးဆုတောင်းပေးခဲ့ပါတယ်။ ခါတိုင်းနှစ်တွေလိုပဲ ကိုဂျက်တို့ အမျိုး တွေစုပြီး မနက်အစောကြီးထပြီးသွားကြတယ်။ သင်္ချိုင်းရောက်တော့ တခါးကို ပိတ်ထားလို့ ကားကိုအပြင်မှာရပ်၊ ကားထဲက နှင်းဆီ၊စပယ်၊ဖယောင်းတိုင် ထုပ်တွေကို သယ်ပြီး အဘွားအုတ်ဂူကိုသွားကြတယ်။ သင်္ချိုင်း တံခါးပတ်ဝန်းကျင်မှာတော့ ပန်းရောင်းမယ့်သူတွေက ဈေးဆိုင်တွေပြင် ၊ သူတောင်းစားတချို့က တောင်းရမ်းဖို့ နေရာကောင်းတွေ ရွေးနေကြပါတယ်။ သူတို့ကိုကျော်ပြီးမှ သင်္ချိုင်းထဲရောက်တော့တယ်။ အထဲလည်း ရောက်ရော “ကိုယ်လည်း တနေ့ဒီနေရာရောက်မှာပါလား” ဆိုတဲ့ စိတ်ကလေးက မခေါ်ပဲနဲ့ အတင်း ၀င်လာတယ်။ အုတ်ဂူပေါင်းများစွာက မျက်စိတဆုံးပဲ ၊ အုတ်တံတိုင်းနဲ့ကတ်နေတဲ့ အုတ်ဂူလေးတွေကတော့ ရေနစ်နေလေရဲ့ ၊ ပြုပြင်ပေးမဲ့သူမရှိ ၊ ဂရုစိုက်မဲ့သူမရှိတဲ့ ဒီအုတ်ဂူုလေးတွေရဲ့ပိုင်ရှင် ၀ိညာဉ်တွေကတော့ ဘယ်လိုနေရှာမလည်းမသိ။ သင်္ချိုင်းလမ်းကြောင်းလေးအတိုင်းလျှောက်လာရင်း အဘွားဆုံးပြီး ၁ လအကြာ က အဖြစ်အပျက်လေးကို သတိရမိသေးတယ်။ ဒီတုန်းက အဘွားကို ကြံတော သင်္ချိုင်းမှာ သင်းဂျိုထားတာ၊ ကြံတောက အစိုးရသိမ်းတဲ့ထဲပါပြီး ရေဝေးကို ပို့ရတယ်။ ဒီတုန်းက ရေဝေးက စတည်ကာစဆိုတော့ ဘယ်စနစ်ကျမှာလည်း၊ ပိုင်ရှင်မဲ့အလောင်းတွေကိုကားနဲ့တင်လာပြီး ချစရာကျင်းမရှိသေးတော့ နေပူကျဲတဲ ကာထဲမှာ အလောင်းတွေထပ်ထားတော့ အပုတ်နံ့တွေ လှိုင်ထနေတာပဲ။ အဲ့နေ့ကဆို ကိုဂျက် ထမင်းစားလို့မရဘူး ၊လူသေကောင်က ထွက်လာတဲ့ အရိရွဲတွေ ၊ လောက်တွေနဲ့ အရိုးဖြူဖြူပေါ်နေတဲ့ အလောင်းတွေကို ခုထိ မျက်စိထဲက မထွက်ဘူး။ အဘွားအုတ်ဂုနားရောက်မှပဲ လွင့်ဝဲနေတဲ့စိတ်တွေ ရပ်နားသွားတော့တယ်။ အမေတို့က အုတ်ဂူဖြူဖြူလေးပေါ်မှာ ရောင်စုံပန်းပွင့်တွေကို ခင်းကျင်းနေတယ်။ နောက်အပေါ်ကနေ အဘွားကြိုက်တဲ့ စပယ်ပန်းလေးကို ဖြန့်ခင်းလိုက်တယ်၊နောက်ဆုံးတော့ အုတ်ဂူုပတ် ပတ်လည်ကို ဖယောင်းတိုင်း ၀တုတ်တုတ်လေးတွေကို လိုက်စိုက်ပြီး မီးထွန်းလိုက်တယ်။ ရုတ်တရက် လေအဝှေ့မှာ ပန်းရနံ့လေးတွေက လူကိုလန်းဆန်းသွားစေတယ်။ အားလုံးပြင်ဆင်ပြီးပီဆိုမှ ဦးလေးအငယ်ဆုံး ရောက်လာတယ်။ သူတို့လင်မယားနောက်မှာ မိန်းမကြီးတယောက်ပါလာတော့ သူတို့ အိမ်ဖော်လို့ထင်နေတာ။ နောက်တော့ ကိုဂျက်တို့နားထိလိုက်မလာပဲ အုတ်ဂူတခုပေါ်မှာ ထိုင်နေတော့မှပဲ သူတောင်းစားမှန်း သိလိုက်ရတယ်။ကိုဂျက်တို့လည်း ပုတီးစိတ်၊သေသူတွေရဲ့ ၀ိညာဉ်တွေကို ဆုတောင်းနဲ့ အတော်လေးကို ကြာသွားပါတယ်။ သင်္ချိုင်းစောင့်တွေက တချို့အုတ်ဂူတွေနားက မြက်တွေရှင်း ၊ ရေကျဲကျဲနဲ့ အရောင်ရောထားတဲ့အရည်တွေကို အုတ်ဂူမှာသုတ်ရင်း ကိုဂျက်တို့ကို ချောင်းချောင်းကြည့်နေတယ်။ သူတို့ကြည့်တာတော့ သိတယ်၊ ဒါပေမဲ့ အမှတ်တမဲ့ပေါ့။ ကိုဂျက်တို့ဆုတောင်းပွဲပြီးတော့ အဘွားကို ကန်တော့ ၊ မေတ္တာရေဖြန်းပြီး ပြန်ဖို့ပြင်ကြတယ်။ ဦးလေးအငယ်ဆုံးကတော့ အုတ်ဂူကို ပိုက်ဆံပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းပေမဲ့ မလုပ်တဲ့ သင်္ချိုင်းစောင့်တွေကို ကျိန်ဆဲရင်း သူ့မိန်းမ အမျိုးတွေရဲ့ အုတ်ဂူတွေဖက်ကို ထွက်သွားလိုက်တယ်။ ခုဏက သူတို့နောက်ကလိုက်လာတဲ့ အဘွားကြီးက အမဲကိုတွေ့တဲ့ ခြင်္သေ့တကောင်လို မြန်ဆန်လှတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ ကိုဂျက်တို့ကို ပိုက်ဆံတောင်းပါလေရော၊ ကိုဂျက်တို့သားအမိက လက်မြန်တယ်။ သူများမတောင်းခင်ကတည်းက ပိုက်ဆံအိတ်နှိက်ပီးသား၊ လက်မဖြန့်ခင်ကတည်းက ပေးပြီးသား၊ ပေးပြီးတော့လည်း သေသူအတွက် ကုသိုလ်လို့ ပြိုင်တူပြောတာပဲ။ ကိုဂျက်တို့လည်း ဆုတောင်းချင်းပီးတော့ အိမ်ပြန်ဖို့ ကားဆီထွက်လာခဲ့တယ်လေ။ သင်္ချိုင်းတံခါးအပြင်ရောက်တော့ အာလာလား၊ နည်းတဲ့သူတောင်းစာအုပ်ကြီး၊ ဘုစုခရုကနေ အဘွားကြီးတွေအထိပဲ။ ပန်းဆိုင်တွေကလည်း အများကြီးပဲ။ သူတို့ကိုကျော်ခွပြီး ကားကိုမောင်းထွက်လာတယ်။ သူတို့ကိုရှောင်ရတာမျိုး ၊ အင်းမတန် စောက်နက်တဲ့ ကျင်းခွက်ကြီးတွေကို ရှောင်ရတာတမျိုး၊ နောက်ဆုံး သချို င်္းကထွက်တော့ အတော်မူးနေပီ။
သူတောင်းစားတွေများလာလိုက်တာ တနေ့ထက်တနေ့ များများလာတယ်။ ခန္ဓာကိုယ် အကောင်းပကတိ သန်သန်မာမာကြီးတွေကလည်းတောင်းရမ်းနေတာပဲ၊ ကလေးတွေက ကလေးတွေချီပီး တောင်းရမ်းနေတာ မမြင်ချင်မှအဆုံး၊ သူတို့ဒီလိုတောင်းနေတာတွေ့တော့ ဘ၀ကို အနိုင်မခံ အရှုံးမပေးပဲတိုက်ပွဲဝင်နေတဲ့ ခြေနှစ်ဖက်မရှိလို့ ဘီးတပ်ကလားထိုင်လေးမှာ စပယ်ပန်းရောင်းတဲ့ ဒုက္ခတိ၊ လေဖြတ်နေပေမယ့် ပန်းလိုက်ရောင်းနေတဲ့ သူတွေကို ပိုလေးစားမိတယ်။ တောင်းစားတဲ့ အလုပ်က ဒီခောတ်ကြီးမှာ ပိုတွင်ကျယ်လာတယ်။ အလွယ်တကူရတယ်လေ။ နောက်ပီး ကလေးတွေ မီးပွိင့်တွေကြားမှာ တောင်းနေတာ အရမ်းအန္တရယ်များတယ်။ဘယ်မီးပွိုင့်မဆို သူတို့ချည်းပဲ။ တိုင်းပြည်ဆင်းရဲလို့ သူတောင်းစားတွေ များလာတယ်လို့ ကိုဂျက်မြင်တယ်။ သူတောင်းစားတွေ အချင်းချင်း သတင်းဖြန့်ဝေမှုက အရမ်းမြန်တယ်လို့ ကိုဂျက်ထင်တယ်၊ ဘာလို့ဆို ရန်ကုန်မြို့တွင်း ဘယ်နေရာမှာ အလှူရှိတယ်၊ပွဲရှိတယ်ဆိုတာနဲ့ တမြို့လုံးက သူတောင်းစားတွေ အဲ့ဒီနေရာရောက်ကုန်တာပဲ။ အဲ့ဒီလိုနေ့မျိုးဆို မြို့ထဲမှာ သူတောင်းစား သိပ်မတွေ့ရတော့ဘူး။ သင်္ချိုင်းကပြန်လာပြီးတော့ သိပ်မကြာဘူး၊ ဦးလေးအငယ်ဆီက ဖုန်းဝင်လာတယ်။ သင်္ချိုင်းမှာ သူ့မိန်းမအမျိုးတွေလိုက်ဆုတောင်းပြီးတော့ အဘွားအုတ်ဂူဆီကို ပြန်သွားတယ်တဲ့။ အဲ့ဒီမှာ လွန်ခဲ့တဲ့ ၁၅ မိနစ်က ထားခဲ့တဲ့ပန်းတွေ ၊ ဖယောင်းတိုင်တွေ အားလုံး ၊ဘာမှမကျန်အောင်ကို ပျောက်သွားတယ်တဲ့ဗျာ။ သေသူအတွက်ထားပေးတဲ့ ပစ္စည်းတွေကို လျှင်တဲ့သူတွေက ယူရောင်းတယ်ဆိုတာသိပေမဲ့ စိတ်ထဲတော့ အတော်မကောင်းဘူးပေါ့။ တိုင်းပြည်ကဆင်းရဲလို့ ဒီလိုဖြစ်ရတာဆိုတဲ့စိတ်ကလေးနဲ့ပဲ ခွင့်လွတ်လိုက်ရတယ်။ ဒါကြောင့် ကိုယ့်ဘ၀ကို မနည်းရုန်းကန်နေရတဲ့ ဒီခောတ်ကြီးထဲမှာ မရှိတဲ့အထဲက တတ်နိုင်သလောက် မရှိဆင်းရဲတဲ့ သူတွေကိုကူညီရအောင်လားဗျာ။

အကျယ်ဖတ်ရန်...

Tuesday 30 October 2007

ငါအိုသွားရင်ရော

ကိုဂျက်မှာ အသက် ၈၇ နှစ် ကလေးကြီးတယောက်ရှိတယ်။ လန့်မသွားနဲ့၊ ကိုဂျက်အဖိုးပါ။ အဖိုးက ဘာသာရေး စာရေးဆရာတယောက်ပါ။ သူ့မိန်းမ မရှိတော့တဲ့နောက်ပိုင်း ရန်ကုန် နဲ့ နယ်မှာရှိတဲ့ သူအိမ်လေးကို ကူးချည်သန်းချည် နေနေတာ။ရန်ကုန်ပူရင် နယ်မှာဆင်းနေ ။ နယ်မှာ နေလို့သိပ်မကောင်းရင် ရန်ကုန်ပြန်လာနဲ့ ဒီလိုပဲနေနေရာက ဇရာကထောက်တော့ နယ်မရောက်ပဲ ရန်ကုန်မှာသောင်တင်နေတယ်။ သိတဲ့အတိုင်း ရန်ကုန်တိုက်ခန်းတွေ ရှည်ရှည် မျောမျော လေ၀င်လေထွက်ကလည်းနည်း ကျဉ်းကလည်း ကျဉ်းဆိုတော့ သူ့ခမျာ ၃ နှစ်လောက် နေပီးတော့ စိတ်တွေကုန်လာတယ်။ အဖိုးကို သူ့သားအငယ်ဆုံး ရဲ့ အခန်းမှာ အစောင့် ၂ ယောက်နဲ့ထားတယ်။ ညဆို အစောင့် ၂ ယောက်နဲ့ သူပဲ ရှိတော့ စောင့်တဲ့ကောင်လေး တွေက အဖိုးကို ပစ်ထား ၊ မနက်ကြည့်လိုက်ရင် အိပ်ရာထဲမှာ သေးတွေရွှဲနေတာပဲ ။ အဖိုးကလည်း သူတို့ဆို ကြောက်နေပြန်ရော။ ဒါနဲ့ အစောင့်တွေ ၁ ယောက်ပီးတယောက်လဲလာလိုက်တာ အတော်ကို များနေပီ။
နောက်ပီး အဖိုးကို သူ့သားသမီး ၈ ယောက်က ပိုက်ဆံစုပြီး သူ့ရဲ့စားစရိတ် ကုန်ကျစရိတ်တွေ ထောက်ပံ့ပေးနေရတယ်။ ဒီညီအကို မောင်နှမတွေက ငယ်တုန်းက တယောက်နဲ့တယောက် အသက်ပေး မတတ်ချစ်ကြတယ်။ အချိန်တန် အရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်ထောင်ကြတဲ့ အခါ ၊တစိမ်းတွေ ဖက်လာတော့ စိတ်ဝမ်း အတော်ကွဲလာတယ်။ အဓိက ကတော့ ငွေကြေးပဲ။ ဒီမှာ တခုထူးဆန်းတာက သားသမီး ၈ ယောက်ထဲက အကြီး ၃ ယောက်ပဲ ။ သူတို့က ယောက်ျားလေးလည်းဖြစ် ငယ်တုန်းက အရမ်းဆင်းရဲတော့ အရမ်းကြိုးစားရင်းနဲံ့ အခုတော့ မကြောင့်မကျ နေနိုင်နေကြပီ။ ကျန်တဲ့ ၅ ယောက်က အကြီး ၃ ယောက်လက်ထဲမှာကြီးတော့ အဖေလို အကိုလို ကြောက်ကြတယ်။ ကြိုးစားမှုသိပ်မရှိကြဘူး ။ဒါကြောင့် သူတို့ ၅ယောက်ကတော့ ခုချိန်ထိ ရုန်းကန်နေရတုန်းပဲ ။
အဖိုးကို သူတို့ရှိတဲ့ ပတ်ဝန်းကျင်မှာထားတော့ အစပိုင်းမှာ အဆင်ပြေမယ်ထင်နေကြတယ်။ အကြီးတွေက အိမ်ထောင်သည်လည်းဖြစ်ပြန် တိုက်ခန်းကလည်းသေး ကလေးတွေကများတော့ ဒီအဖိုးကြီးကို ခေါ်ထားလို့ မရဘူးလေ။ နောက်ပီး အဖိုးတယောက်ထဲလည်း မဟုတ် သူ့ကို စောင့်တဲ့ နှစ်ယောက်ကိုလည်း နေစရာပေးရမယ်ဆိုတော့ ဘယ်လိုမှမဖြစ်၊ နောက်ဆုံး လူပျိုကြီး သားအငယ်ဆုံး ရုံးခန်းမှာပဲထားကြတာ။ အခန်းဘေးမှာတော့ သူ့သား နောက်တယောက်ရှိသေးတယ်။ တစ်တိုက်ကျော်မှာတော့ သူ့သမီး ၁ယောက်ရှိတယ်။ သားသမီး ၃ ယောက်ကြားထဲ အဖိုးကိုထားတော့ ပထမပိုင်း အဆင်ပြေသေးတယ်။ နောက်ပိုင်း နေ့တိုင်း နီးပါး ပြဿနာတက်လာတယ်။ ဒါနဲ့ အဖိုးကို အပြောင်းအလဲဖြစ်အောင် သူ့သမီး အိမ်မှာ ပြောင်းထားတော့ သူ့ယောက်ျားက သဘောမတူဘူးလေး။ ဘယ်တူမှာလည်း သူတို့မိသားစုက သူ့ယောကျာ်း လုပ်စာ တခုထဲနဲ့ စားနေရတာကိုး။ နောက်ပီး ကလေး ၂ ယောက်ရဲ့ ကျောင်းစရိတ် ၊ ကျူရှင်စရိတ်တွေ ၊ အိမ်ဖော်တွေရဲ့ စရိတ်တွေ မကာမိတဲ့ ကြားထဲက အဖိုးကြီးကို ခေါ်ထားတော့ ပိုဆိုး။ နောက်ဆုံး သူ့ယောက်ျားက မခံနိုင်တော့ သူ့မိန်းမရဲ့ ဒုတိယအကိုကြီးကို ဖုန်းဆက်ပြီး ငိုပြတယ်။ နောက်ဆုံးတော့ အဖိုးက ဒုန်ရင်းသူ့နေရာကို ပြန်ရောက်သွားတယ်။ ခုချိန်ထိ သူ့သားသမီးတွေက ဒီအဖိုးကြီးရဲ့ စိတ်ခံစားမှုကို အလေးမထားကြသေးဘူုး ။သူတို့ဘာသာ အဆင်ပြေမဲ့နေရာတွေကို ပြောင်းနေကြတာ။ အဲ သူ့နေရာပြန် ရောက်တော့ အရင်ကတက်ထားတဲ့ ပြဿနာတွေကထပ်တိုးပြီး နာရီတိုင်း ပြဿနာဖြစ်လာတယ်။
ကိုဂျက်အဖေက မောင်နှမ ၈ ယောက်ထဲမှာ ဒုတိယ အကြီးဆုံးလေ။ နောက်ပြီး အစိုးရတာဝန်နဲ့ နယ်မှာ နေနေတာ ၁၀ နှစ်ကျော်ပီထင်တယ်။ သူမရှိတော့ သူ့တာဝန်တွေက ကိုဂျက်ခေါင်းပေါ် အလိုလို ရောက်လာတယ်။ ကိုဂျက်ကဆိုးတော့ အဒေါ်တွေ ၊ ဦးလေတွေနဲ့တည့်တာရှားတယ်။ အဖေက သူ့ညီအကို မောင်နှတွေ နဲ့မတည့်ရင် ကောင်းကောင်းပြောတယ်။ မင်းအားရင် ငါ့အဖေသွားကြည့် ၊ သွားရင် မင်းအဖိုးကြိုက်တာ ၀ယ်သွား ။ ဦးလေတွေနဲ့ စာကားမများနဲ့ ဆိုပီး ဖုန်းနဲ့ အမိန့်ပေးနေကြ။ နောက်ပီး သူက ဒီရန်ကုန်မှာရှိရင် သူ့အဖေကို သူ့နားခေါ်ထားမယ် ။ဘယ်လိုလုပ်ပေးမယ်။ဘာညာ ကိုဂျက် ကို ပြောနေကြ။ နောက်ဆုံး အဖိုးက သူ့သမီး အိမ်မှသွားနေတဲ့အချိန်မှာ အမေက စလုံးမှာ အဖေက အမေမရှိတော့ ရန်ကုန်ပြန်မလာ။ သိတဲ့အတိုင်းပဲ အဖေ့အစား တာဝန်တွေက ကိုဂျက်ပေါ် အလိုလိုရောက်လာတယ်။ ကိုဂျက်က အဖိုးဆီသွား သူ့ကျန်းမာရေးဘယ်လိုရှိတယ် ဘာညာကို အဖေ့ဆီ သတင်းပို့။ သူ့ညီမတွေက သတင်းအမှန်မပို့တော့ ကိုဂျက်က သတင်းသယ်ပို့ လုပ်။ နောက်ဆုံး ကိုဂျက်လည်း အားလုံးရဲ့ ထွက်ပေါက်လည်းဖြစ် အဖေ့ရဲ့ ဆန္ဒလည်း ပြည့်စေချင်တာနဲ့ “ ကဲ ငါ့အဖေ သားမှာ နောက်ဆုံး လက်နက်ရှိတယ် ၊ထုတ်သုံးရမလား’” ဆိုတော့ နေအုန်းတဲ့ ငါရှင်းကြည့်အုန်းမယ် တဲ့ မင်းဘာလုပ်ချင် တယ်ဆိုတာ ငါသိတယ် မင်းအတွက် အရမ်းတာဝန်ကြီးတယ်။ မင်းအလုပ် မင်းရှုပ်နေတာ ဒီတာဝန်နဲ့ ဆိုမင်းပြားမယ် ဆိုပြီးသတိပေးတယ်။ ကိုဂျက်ကလုပ်မယ်ဆို မရဘူး ၊ ခေါင်းမာတယ် ။ နောက်ဆုံးတော့ အဖေက မတတ်နိုင်တဲ့အဆုံး အဖိုးကို ကျွန်တော့ဆီမှာ ပျော်သလောက်နေဖို့ ခွင့်ပြုခဲ့တယ်။ အဖိုးက သူ့ကို ဂရုစိုက်တဲ့သူတွေကို ကောင်းကောင်းမှတ်မိတယ်။ ကိုဂျက် တာဝန်အရ အဖိုးစားဖို့ ဟင်းတွေ နှစ်ခါ သုံးခါဝယ်ပေးတာကို မှတ်ထားပီး သူ့သားသမီးတွေရှေ့မှာ အမြဲကြွားတယ်။ သူ့ကို ဘယ်လိုဂရုစိုက်တာ၊ ဘာလုပ်ပေးတာဆိုပီး။
ဟော ကိုဂျက် သူ့ကို ခေါ်ထားမယ် အနီးကပ် စောင့်ကြည့်မယ် ၊သူ့သမီးတွေ ၊ မြေးတွေထဲမှာ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ပြမယ်ဆိုတော့ အဖိုးရဲ့သားသမီး တယောက်မှ ကိုဂျက်အဖေလို စာနာထောက်ထားစွာ မစဉ်းစားပဲ ချက်ခြင်းခေါ်သွားခိုင်းတယ်။ သူတို့ ဒီ အဖိုးကြီး တာဝန်ကို ဘယ်ကတည်းက မယူချင်မှန်းမသိဘူး။ အဖေ တယောက်အပေါ် သူတို့ရဲ့ အပြုအမူက တစိမ်းတယောက်ထက် ပိုအေးစက်နေတယ်။ ဒီအချိန်မှာ အဖိုး က စိတ်ထောင်းကိုယ်ကြေလို့ အတော်ပိန်ကျ ပီး စိတ်ပိုင်းဆိုင်ရာ အတော်လေးဆိုးနေပါတယ်။

ကိုဂျက် ကိုယ်ဟာကို ပြန်စဉ်းစားတယ်။ သေသေချာချာ စဉ်းစားတယ် ။အဖေ့အစား ဒီတာဝန်တွေကို ထမ်းနိုင်ပါ့မလား။ ကိုဂျက်မှတ်မိတာရှိတယ် ။သူရဲကောင်းဆိုတာ သူများထက် အချိန်ပိုကြာကြာလေးပဲ သတ္တိရှိတယ်တဲ့၊ အများက သူ့ကို သူရဲကောင်းလို့ သတ်မှတ်ပီးချိန်မှာ သူကမလုပ်မနေရ အလုပ်တွေလုပ်ရတယ်တဲ့။ ကိုဂျက်လည်း ဒီလိုပဲ။ နောက်ပြီး အဖေပေးထားတဲ့ စာရေးဆရာ မင်းသူရိန်ရေးတဲ့ ငါအိုသွားသောအခါ စာလေးက အင်းအားတခုရှိနေသလို ၊ ကိုဂျက်နောက် မှာ မားမားမတ်မတ် ရပ်တည်ပေးမဲ့ အဖေ နဲ့ အမေ ကြောင့်သာ ကိုဂျက် အဖိုးကိုထိန်းမဲ့ အလုပ်ကို နောင်တမရပဲ ရဲရဲလုပ်ရဲသွားတယ်။
အဖိုးကြီးတွေကို ထိန်းရတဲ့ အလုပ်ကမလွယ်ဘူး။ သူတို့စိတ်ထဲမှာ ဘာရှိနေသလဲ ဆိုတာ စဉ်းစားရတယ်။ အချိန်မှန် ဆေးတိုက် အစာကျွေး ၊ အိပ်ချိန်တန် အိပ်ဖို့ အဓိကပေါ့။ သူတို့ စကားပြောစရာတွေထွက်လာဖို့ ၊လောကကြီးစိတ်မကုန်ဖို့ ဘုရားတရားလေးရှိဖို့ ၊လေကောင်းလေသန့်ရဖို့ အများကြီးပဲ။ ကိုဂျက်က အလုပ်မှာ အဖိုးကိုခေါ်ထားတော့ လူဝင်လူထွက်တွေရှိနေတော့ သူလည်းမပျင်းဘူး၊ဖတ်စရာ စာအုပ်ကလည်းမရှား စားစရာကလည်း သူပါးစပ်ဟတာနဲ့ မရတာမရှိ၊ဆိုတော့ သူမပျော်ပဲရှိမလား။ ကိုဂျက်ကလွဲလို့ သူ့ကိုထိန်းတဲ့သူအားလုံးကို နိုင်တယ်။ အဲ ကိုဂျက်ကျတော့ သူက လှည့်ကွက်လေးတွေသုံးတယ်။ သူက ဆီးကျိတ်၊ဆီးချို၊ နှလုံးရှိတော့ တခုခုဖြစ်မှာစိုးရတယ်။ နောက်ပီး စိတ်ဆေးတွေ တိုက်ထားရတော့ ကိုဂျက်က မပြတ်ကြည့်နေရတယ်။ သူအိပ်ချင်ပီဆို ဘာသူမှတားမရဘူး။သူနိုင်တာကိုး ။ ကိုဂျက်ကို သူအိပ်ချင်တယ်လို့ မပြောဘူး။ အက်တင်လေးနဲ့ ရှုး ထွက်တော့မယ် ၊မရတော့ဘူးဆိုပီး အိမ်နောက်ဖေးကို တွဲသွားခိုင်းတယ်။ အနောက်ရောက်တာနဲ့ မပေါက်တော့ဘူး၊ ခေါင်းလေးလို့ခဏ ခေါင်းချမယ်ဆိုပီး အိပ်အိပ်သွားတယ်။ ကိုဂျက်သူ့ကိုခေါ်ထားပီး ဒီတိုင်းပစ်ထားလို့မရဘူး၊ ညဖက် ဆိုစောင့် အိပ်ပေးရတယ်။ သူကတခါတလေ အစောကြီးအိပ်ပြီး သူများအိပ်ချိန်ဆို သူကနိုးနေပီ သူမအိပ်ရင်ဘယ်သူမှ မအိပ်ရဘူး ။ စကားတွေပြော နေတာနဲ့ မိုးလင်းရော။ ဒီတော့ ကိုဂျက် အဖေ နဲ့ အမေ ကို မေးပီး ညဆေးတွေတိုက် ၊ လိုတိုးပိုလျှော့ လုပ်နဲ့။ တခါတလေများ သူ့ဟာသူဘယ်ရောက်နေလည်း ဆိုပီး သူ့သွေးသားရင်းကို ခေါ်ခိုင်းတတ်တယ်။ ကိုဂျက်ကိုမြင်ရင်တော့ သူစိတ်ချပီးအိပ်တာများတယ်။ တခါတလေ အိပ်ရာထဲ ဆီးမထိန်းနိုင်ပဲ ပေါက်ချ တတ်တယ်။ ဘာဖြစ်ဖြစ် ကိုဂျက်ဆီမှာနေနေတာ နှစ်ပတ်ကျော်လာပြီ။ သူဒီကြားထဲမှာ စားကောင်း၊ အိပ်ကောင်း၊စိတ်ချမ်းသာလို့ အတော်လေး စိုစိုပြည်ပြည်နဲ့ ကျန်းမာရေး အတော်လေး ကောင်းလာတယ်။ ဒါကိုဘယ်သူမှငြင်လို့မရတော့ဘူး။ သူ့အရင်နေရာကိုပြန်မလားဆိုတော့ မပြန်ဘူးတဲ့ ၊ ဒီမှာ ငါနေရတာ ပျော်တယ်၊ စိတ်ချမ်းသာတယ်တဲ။့ တခါတလေ ကိုဂျက်ကို သူ့သားအငယ်ဆုံးတဲ့ ၊ တခါတလေ သူ့ကို ကျွေးမွေးစောက်ရှောက်လို့ သူ့အမေလိုပဲတဲ့။ ဒီစကားတွေက ကိုဂျက်အတွက် အရေးမကြီးဘူး။ သူကိုယ့်ဆီမှာပျော်ရင် ကိုဂျက်အဖေ အမေလည်း ပျော်တယ်။ အဖိုးက ကိုဂျက်ကို ဒီလိုပြောလေ ကိုဂျက် အဖေ အမေ နဲ့ အမေ့ရဲ့ မွေးစားသမီး ၊ ကို ကျေးဇူးတင်လေပဲ။ ဘာလို့ဆို ကိုဂျက်က အဖိုးကို ထိန်းရုံထိန်းရတာ ၊ သူတို့ချက်ထားတာတွေကို အချိန်တန်သွားယူ အဖိုးကိုကျွေးရုံပဲ။ ခုချိန်မှာ အဖေနဲ့ အမေ ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတချို့ကို ကိုဂျက်လုပ်ရတဲ့အတွက်ပျော်တယ်။ အဖိုးကို ခေါ်ထားချင်တဲ့ ကိုဂျက် ရဲ့ အဓိက ရည်ရွယ်ချက်က သူရေးထားတဲ့ စာအုပ်တွေကို ebooks လုပ်ဖို့ရယ် ၊ သူ့ဘ၀တစိတ်တဒေသကို ရေးသားဖို့ရယ် ၊နောက်ဆုံးအရေးကြီးတဲ့တချက်က ငါအိုသွားသောအခါ ကစားသားတွေကို ကိုဂျက်ဘယ်လောက် လိုက်နာနိုင်သလဲဆိုတာ ကိုယ့်ဟာကိုယ်စမ်းသပ်ဖို့ရယ် ။နဲ့ တခြားအချက်တွေပါပဲ။ ကိုဂျက်အဖိုးကို လုပ်ပေးနေတာတွေက မြေးတယောက်အနေနဲ့မဟုတ်ဘူး သားတယောက်အနေနဲ့ပါ။ ကိုဂျက် ကဟန်ဆောင်လို့မရဘူး။စိတ်ညစ်စိတ်တိုလာရင် မျက်နှာက သိပ်သိသာတယ်။ ဒါကြောင့် အမေက အမြဲတမ်း ကိုဂျက်ကို အားပေးတေယ်။ အဖေကလည်း ကိုဂျက်နောက်မှာ အမြဲရှိတယ်ဆို တာ သက်သေပြတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်စီမှာ ဒီလိုအခက်အခဲ တွေရင်ဆိုင်လာရင်တော့ အကောင်းဆုံလုပ်ပေးချင်မှာပဲ၊ ဒါပေမဲ့ ကို့ ကို အားပေးမဲ့ သူတွေမရှိရင် အကောင်းဆုံးဆိုတာမလုပ်နိုင်ဘူးလို့ထင်တယ်။ ကိုဂျက် ယုံကြည်တာက ဘယ်သူမဆို ကိုဂျက်ထက် အကောင်းဆုံးလုပ်ပေးနိုင်ကြအုန်းမယ်လို့ထင်တယ်။နောက်ပြီး ငါအိုသွားသောအခါက စာသားတွေက လိုက်နာနိုင်တဲ့သူတွေ အတွက် မဖော်ပြနိုင်တဲ့ ၀မ်းသာ ပီတိကိုရစေမှာဖြစ်တယ်လို့ ကိုဂျက် ရဲရဲ ကြီးအာမခံရဲတယ်။ကိုဂျက်ကြောက်တာရှိသေးတယ်။ အဖိုးကျွန်တော့လက်ထဲမှာ တခုခုမဖြစ်ဖို့ပါပဲဗျာ။

အကျယ်ဖတ်ရန်...

Monday 29 October 2007

ဘုရားရဲ့ လက်ဆောင်

ဒီနှစ်လည်း သီတင်းကျွတ်ခဲ့ပြန်ပီ ။ ကိုဂျက်တို့အတွက်တော့ ဘာမှကိုထူးမလာ။ ထူးတဲ့သူတွေကတော့ မင်္ဂလာ ယူဖို့ ပြင်နေကြပီ။ ဒီနှစ်သတင်းကျွတ်က ဗျောက်အတော်ဖောက်တယ်။ အခါတိုင်းနှစ်တွေက ရပ်ကွက်တိုင်းမှာ လော်နဲ့လိုက်ပီး ဗျောက်မဖောက်ဖို့ အော်တယ်။

ဒီနှစ်တော့ အော်ဘူး။ ခါတိုင်း နှစ်တွေမှာ လူကြီးတွေက ဗျောက်ဖောက်ရင် ရင်တုန်တယ် ၊ လန့်တယ်၊ ဘာဖြစ်တယ် နဲ့ ငြီးကြတယ်။ ဒီနှစ်တော့ သေနတ်သံ ၊ မိုးကြိုးပစ်သံတွေ ကြားပီးကတည်းက လူကြီးတွေ ရင်တုန်ဖို့မေ့နေကြတယ်။
ဘာဖြစ်ဖြစ် ဒီနှစ် သီတင်းကျွတ်မှာလည်း မြန်မာပြည်သားတိုင်း သက်ကြီးဝါကြီးတွေကို လိုက်ကတော့၊ တဦးနဲ့တဦး ခွင့်လွတ်ခြင်းတရားတွေ ပြသရင်းကုန်ဆုံးခဲ့ပီ။ ဒီနှစ်သတင်းကျွတ်ကို ကိုဂျက်ပိုတန်ဖိုးထားတယ်။ ဘာလို့ဆိုတော့ မိဘနှစ်ပါနဲ့ အတူ သီတင်းကျွတ်ကို ကုန်ဆုံးစေခဲ့တယ်လေ။နောက်ပီး ကန်တော့ခွင့်လည်း ရသေးတယ်။
မိဘတွေနဲ့ ပတ်သက်လို့ ကိုဂျက်တဦးတည်း သဘောထားကို ပြောချင်တယ်။ ကိုဂျက်က ကိုယ့်မိဘတွေ ဒီလောကမှာရှိတော့ဘူးလို့ သဘောထားတယ်။ ဘာလို့ဆိုတော့ မိဘကျေးဇူးတွေ ပိုသိချင်လို့လေ၊ ခုကိုဂျက် အဖေ အမေ ခေါ်နေတဲ့သူတွေက ကိုယ့်မိဘ အစားရထားတယ်လို့ သဘောထားတယ်။ ဒီလိုသဘောထား လိုက်တော့ ”ဪ ငါက ကိုယ့်မိဘတွေရှိတုန်း သေသေချာချာမပြုစုလိုက်ရဘူး၊ မကြင်နာလိုက်ရဘူး ၊ တန်ဖိုးမထားလိုက်ရဘူး၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲအောင်လုပ်မိတယ် ၊ ခု ငါ့မှာ ဘုရားကျေးဇူးနဲ့ မိဘနှစ်ပါး အစားရတယ်၊ ငါသူတို့ကို ကိုယ့်မိဘတွေနဲ့မခြားတန်ဖိုးထားလေးစားရမယ်၊ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရမယ်” အဲ့လိုစိတ်လေးဝင်လာတယ်။ ကိုဂျက် ဒီလိုအတွေးတွေနဲ့ တကယ် လိုက်နာတဲ့ အချိန်ကနေ ခုချိန်ထိ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေရခဲ့တယ်။ကျေနပ်တယ်။သူတို့တွေဖြစ်ချင်တဲ့ ဘယ်ကိစ္စမဆို ကိုဂျက်တတ်နိုင်ရင် တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့တယ်။ သူတို့စီက ကိုဂျက် ပြန်ရတာက ယုံကြည်မှုပါ။ ဒီယုံကြည်မှုကို ကိုဂျက်အရမ်းတန်ဖိုးထားတယ်။ဘာနဲ့မှလည်း မလဲနိုင်ဘူး ။ မိဘက သားသမီးကို ယုံကြည်ဖို့ဆိုတာ တခါတလေမှာခဲယဉ်းပြီး ၊တခါတလေ လွယ်ကူပါတယ်။ သူတို့တွေ ဒီလောက ကနေ ထွက်ခွာသွားခဲ့ရင်တောင် ကြွေးဟောင်းတွေ တ၀က်မဆပ်နိုင်တောင် စိတ်စွမ်း ကိုယ်စွမ်းရှိသလောက် လုပ်ပေးနိုင်ခဲ့လို့ ပူဆွေးသောကတွေဝေနေမှာမဟုတ်ဘူး။ တကယ်လို့ ကိုဂျက် ဒီလောက ကနေ အရင်ထွက်သွားခဲ့ရင်တောင် မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်ခဲ့လို့ စိတ်ရှင်းလက်ရှင်း ထွက်သွား နိုင်တယ်။
လူသားတိုင်းက သက်ရှိစဉ်ကာလ တလျှောက်လုံး မိဘကို မေ့နေတတ်ကြတယ်။ လောကမှာမရှိတော့ဘူးဆိုမှ ပြူးတူးပြဲတဲဖြစ်ကုန်ကြတယ်။ ကိုဂျက်ကတော့ ဒီဒုက္ခကနေ လွတ်ပီလို့ထင်တာပဲ။ ကိုဂျက်သီချင်းတွေ အရမ်းကြိုက်တယ်။ ဒီသချင်းတွေက ကိုယ့်မိဘကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ သင်ပေးတယ်။ အထူးသဖြင့် ကိုငှက်ကြီးသီချင်းတွေ ပဲလေ။
ဒီနှစ်သတင်းကျွတ်မှာ မိဘတွေနဲ့ တန်ဖိုးရှိရှိ အချိန်ကုန်ခဲ့တယ်။ နယ်မှာ အစိုးရတာဝန်ထမ်းဆောင်နေတဲ့ အဖေက ရန်ကုန်ပြန်ရောက်၊ အဖေရောက်တော့ ကိုဂျက်လည်း အလုပ်မှာမအိပ်တော့ပဲ အိမ်ပြန်အိပ်ဖြစ်တယ်။ ဆုံတုန်းလည်း စကားလက်ဆုံကြခဲ့ကြတယ်။ ထမင်းအတူစားခဲ့ရတယ်။ ဒုက္ခ အခက် အခဲတွေ ကိုရင်ဆိုင်ဖို့ တယောက်ကို တယောက်အားပေးခဲ့ကြတယ်။ ဈေးအတူထွက်ဝယ်ခဲ့ကြတယ်။ အတော်ပျော်တယ်။ ရှိတဲ့မိသားစုလေးနဲ့ ဒီလို မပျော်ရတာကြာပီလေ။ သီတင်းကျွတ်တော့ ကိုဂျက်လည်း ကိုယ့်မိဘကို ကန်တော့ချင်တာပေါ့။ ဘာနဲ့ကန်တော့ရမှန်းလည်း မသိဘူး။ စဉ်းစားလို့လည်းရဘူး။ သူတို့က အစစ အရာရာ ရှိနေလေတော့ ဘာဝယ်ရမှန်းကိုမသိဘူးဖြစ်နေတာ။ နောက်ဆုံးတော့ ညဘက် အိမ်ပြန်ချိန်မှာ အအေးဘူးကြီးတစ်ဘူးနဲ့ မုန်တချို့ဝယ်သွားတယ်။ အိမ်ရောက်တော့ ကဲ အဖေနဲ့ အမေ ရေ သား ကန်တော့ပါရစေ။ပြစ်မှားမိတဲ့ အပြစ်တွေအတွက်တောင်းပန်ပါတယ် ခွင့်လွတ်ပါ လို့ပြောပီး ကန်တော့ လိုက်တယ်။ အောင်မလေးဗျာ မိဘတွေ ၀မ်းသာလိုက်တာ ။ ကြည်နူးလိုက်တာဆိုတဲ့ အပြုံးတွေကို တွေလိုက်ရတော့ ကိုဂျက် ရင်မှာဆို့သွားတယ်။ ဪ သူတို့တကယ်လိုချင်တာ ဒီလောက ကအဆောင် အရောင်တွေမဟုတ်ဘူး၊ သားသမီး တွေရဲ့ ဂရုစိုက်မှု ၊ ကြင်နာမှုတွေ ပါလားဆိုတာ သေချာသိလိုက်ရတယ်။ ကိုဂျက် အတွေးတချက်မှားသွားတဲ့ အတွက် အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရတယ်။ မိဘကို ကန်တော့ဖို့ တန်ဖိုးကြီး လက်ဆောင်တွေကို စဉ်းစားခဲ့လို့လေ။ သူတို့တကယ်လိုချင်တာကိုမစဉ်းစားမိဘူး ။ ကိုဂျက်ကန်တော့ပီးတော့ ပေးလိုက်တဲ့ဆုတွေ ဆုတွေ အများကြီးကိုပေးတာ။ ဘယ်မိဘမဆို သူတို့ကို ဘာပစ္စည်းမှမပါပဲ ကန်တော့လည်း ကျေနပ်နေမှာပဲ၊ သားသမီးတွေကို ခွင့်လွတ်နေမှာပဲ။ သားသမီးတွေက နှုတ်ကနေ ခွင့်လွတ်ပါလို့ တောင်းပန်တဲ့အခါ ဘယ်မိဘက ခွင့်မလွတ်ပဲနေနိုင်လို့လည်း။ ဒါက မိဘတွေလေနော်။ အခါတိုင်းနှစ်တွေလည်း ကိုဂျက်မိဘတွေ ကန်တော့တာပဲ ၊ ဒီနှစ်တော့ ပိုပီး အဓိပ္ပါယ်ရှိတယ်လို့ထင်တယ်။ သားသမီးတွေ အရွယ်ရောက်လာရင် မိဘတိုင်း ပေးတတ်တဲ့ဆုတခုလည်း ကိုဂျက်ရခဲ့သေးတယ်။တခြားတော့ ဟုတ်ဖူး ။ တတ်သိလိမ္မာပြီး တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာတတ်တဲ့ မိန်းကလေး နဲ့ပေါင်းဖက်ရပါစေတဲ့ဗျား

အကျယ်ဖတ်ရန်...

Friday 19 October 2007

အတိတ်ရဲ့ခြေရာ

စိတ်ညစ်စရာတွေများလာတော့ တဖြည်းဖြည်း နဲ့ ရီ ချင်လာတယ်။ ဒါနဲ့ ဗိုလ်လိပ်ပု ရဲ့ နှစ် ၉၀ အတွင်း သတင်းစာထဲက ဟာသများ ကို တင်ပေးချင်စိတ်ဝင်လာတယ်။ ကိုယ့်လိုပဲ အကြောင်းအမျိုးမျိုးကြောင့် ညစ်နေတဲ့သူတွေအတွက်ရယ်၊ အဲ့ဒီခောတ်က သတင်းစာလွတ်လပ်ခွင့်တွေ ၊သတင်း၊အတင်းတွေကို သိစေချင်လို့လေ။ ရယ်သောသူသည် အာပြဲ၏တဲ့ များများရီလေ ရှုရှုးထွက်လေပဲ....

လူမထွက်ဘူး
ဒကာမတစ်ယောက်သည် ဘုန်းကြီးစိတ်တို ကျောင်းသို့ လာရာ ဘုန်းကြီးစိတ်တိုက "ဟဲ့ ဒကာမ၊ ဘာဖြစ်လို့လာသတုံး"
ဒကာမ။ အရှင်ဘုရား လူထွက်မယ်ကြားလို့ပါဘုရား။
ဘုန်းကြီးစိတ်တို။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ။ တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာ ဘယ်သူကမွေးတာတုန်း။
ဒကာမ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီးစိတ်တို။ အိမ်း တစ်သက်လုံး မှတ်ထား၊ ဒကာမကသာ လူထွက်သဟ။

တုတ်တိုဒေ၀ီများ
မကွေးတိုင်း ရှားပင်လှ ကျေးရွာတွင် အသက် ၁၄နှစ်အရွယ်ခန့်ရှိ မပျားနှင့် မကျော့ရှင်း တို့သည် ရေခပ်သွားကြရာတွင် ရန်ဖြစ်ကြ၍ တစ်ယောက် တုတ်တစ်ချောင်းစီနှင့် ရိုက်ကြရာ ၂ ဦးစလုံး မကွေးဆေးရုံသို့ တက်ရကြောင်း။
၎င်းတို့ ၂ ယောက် သည် ဆေးရုံ၌ ဒုတ်တိုဒေ၀ီများဟု နာမည်ရလျက်ရှိလေသည်။

မိန်းမတွေ ချစ်တဲ့ ဌာနအုပ်ကြီး
အင်းစိန်၊သင်္ဃန်းကျွန်းဌာနပိုင် ဦးမောင်ကလေးသည် ၀ရမ်းပြေးဘိုးခ နှင့် အုံးရွှေကို ဖမ်းရန် ဘောက်ထော်ရွာသို့ သွား၍ အိမ်တစ်အိမ်သို့ တက်ရောက် ရှာဖွေရာ မိန်းမသုံးယောက်က ၀ိုင်း၍ ကုတ်ဖဲ့လိုက်သည့်အတွက် ရန်ကုန်ဆေးရုံကြီးတွင် ဆေး များထည့်ရကြောင်း။
ဘောက်ထော်ရွာထဲ၌ ဌာနပိုင်ကို မိန်းမသုံးယောက် ၀ိုင်ပြီးချစ်ကြသည်ဟု ပြောဆိုလျက်ရှိကြောင်း။

ဆီရှာပုံကဆန်း
အင်းစိန်သာယာကုန်းနေ မညိုဆိုသူ မိန်းမ အိပ်ရာမှနိုး၍ ခြေကိုအဆန့်တွင် အေးစက်စက်ကြီးကို ထိမိသဖြင့် မီးခြစ်ကြည့် ရာ ခြေရင်း၌ တစ်ရွာတည်းနေ ဧချိုဆိုသူ ထိုင်နေသည်ကို တွေ့ရသဖြင့် ဘာလာလုပ်တာလဲ ဟု လန့်၍ မေးသောအခါ ဟင်း ချက်ဖို့ ဆီလာရှာသည်ဟု ဖြေကြောင်း ကြားသိရလေသည်။
မညိုသည် ဆီပုလင်းကို မီးဖိုထဲ၌ မထားဘဲ ပေါင်ကြား၌ ညှပ်၍ အိပ်လေသရော့သလားဟု စဉ်းစားဖွယ်ဖြစ်ပေသည်။ (၄-၇-၃၆ ဒီဒုတ်)

ဘုရားကြီးကိုလိမ်သလော
ရန်ကုန်မြို့ ရွှေတိဂုံခြေတော်ရင်း ပုလိပ်ပိဋကတ်တိုက်ကြီးကို ပုလိပ်အဖွဲ့က ကြွေးမကျေခင် ဘုရားကြီးသို့ ရေစက်ချ၍ လှူဒါန်းရာ ကြွေးရှင်က ၀ါးရမ်းကပ်သဖြင့် ဘုရားလူကြီးများက ၀ါးရမ်းခွာလိုကြောင်းဖြင့် လျှောက်ကြောင်း။ ယခု ဘုရား လူကြီးများက စရိတ်နှင့်တကွ ရှုံးရာ ကန်ထရိုက်က ကျပ၎င်းဇရပ်ကို ရောင်းရန် ကြေညာတော့ မည်ဖြစ်ကြောင်း။ ဘုရား လူကြီးများက မူလလှူသော ပုလိပ်အဖွဲ့အား ဘုရားကြီးကို လိမ်လည်မှုဖြင့် ဂါတ်တိုင်ရန် ကျွန်ုပ်တို့က အကြံပေးလိုက်ရ ကြောင်း။
(ထပ်တင်ပေးအုန်းမယ် ခုတော့ အိပ်တော့မယ်..မကြာမီ လာမည်မျှော်)

အကျယ်ဖတ်ရန်...

Friday 21 September 2007

ခုနှစ်ပင်လိမ်ချောင်း


မိုးရေထည်း က Director

ကာကြီးကြီး ရေကြီးကြီး

မျက်စိတဆုံး ချောင်းရေတွေကဖုံး

ခုနှစ်ပင်လိမ်ချောင်း ရေတွေကဖောင်း

အကျယ်ဖတ်ရန်...

Thursday 20 September 2007

ပြင်ပေးကြပါ


မြန်မာလူမျိုးတွေက အရမ်းကို ယျဉ်ကျေးတယ်တဲ့ ။ ဒါက ကိုယ့်လူမျိုးကိုယ် ပင့်ပြီး ပြောတာ။ အဲဖော်ရွေတာကတော့ အမှန်ပဲ၊ အာနာတတ်တာလည်း အရမ်းပဲ။ သေသေချာချာ ပြန်ပြီး ဆန်းစစ်ကြည့်တော့ မြန်မာလူမျိုးတွေက ယျဉ်ကျေးသင့်တယ် လို့ ရှေးလူကြီးတွေ ဆုံးမခဲ့တဲ့ နေရာတွေမှာပဲ လိမ္မာယျဉ်ကျေးကြတာ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ယျဉ်ကျေး တဲ့ လူတွေ သိပ်မရှိသေးဘူး ။ ဒါကလည်း သတိမမူလို့ပါ ။

ကိုယ့်ရဲ့ ကိုယ်အမူအရာ ၊ စိတ်အမူအရာ တွေက တခါတလေ သူများတွေက အနှောက်အယှက် ဖြစ်ရုံတင်မကဘူး အတော်ရိုင်းတဲ့ အမူအရာတွေ အဖြစ်ပြောင်သွားတတ်တယ်။ ဘယ်သူတွေမှာ အတွေ့များ လည်းဆိုတော့ မိဘတွေ အမျိုးတွေက အလိုလိုက်ထားတဲ့သူတွေ ၊ အိမ်မှာ အငယ်ဆုံး ဆိုတဲ့သူတွေက ချွဲတာ နွဲ့တာ တွေ အကျင့်ပါပြီင်္းတော့ သူများတွေကိုလည်း ဒီလိုပဲပြောတတ် ဆိုတတ်ကြတယ် ။ အတွင်းသိတွေကတော့ ပြဿနာ မရှိပေမဲ့ တစိမ်းတယောက် အရှေ့မှာတော့ အလွန် ရုပ်ဆိုးတယ်။
ပြောချင်တာက ဒီနေ့တော့ အမြင်မတော်တာလေး ရေးမလို့ ။ပြောရင်း ပြောရင်း ဟိုရောက် ဒီရောက်ဖြစ်သွားတယ်။ တာမွေ အ၀ိုင်းလေးထိပ်ကို ကိုဂျက် အမြဲရောက်တယ် ။ ရောက်တယ်ဆိုတာထက် ဖြတ်သွားဖြတ်လာပေါ့ ။ တနေ့က အ၀ိုင်းထိပ် မီးပွိုင့်မှာ မီးနီနေလို့ လမ်းဘေးကြေညာ တွေလိုက် ဖတ်နေမိတယ် ။ ဗုဒ္ဓဘုရားပုံတော် နဲ့ ပိုးအိစံ သီချင်း ကြေညာ ထားတာတွေ့ရတယ်။ သီချင်းနဲ့ ပူဇော်ထားလို့ သာဓုလို့ ခေါ်မိတယ် ။ အဲသူ့ကြေညာနဲ့ တခုကျော်မှာတော့ဗျာ လုံးလုံး အမြင်မတော်တဲ့ ကြေညာတခုကိုတွေ့ရတယ်။ ရေဗက္ကာဝင်းနဲ့ ကြေညာထားတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ ကိုတင်ထားတယ် ။
ကိုဂျက်ဒီဟာကို လုံးဝမကျေနပ်ဘူး ။ အရမ်းရိုင်းတယ်လို့ထင်တယ်။ မလုပ်သင့်ဘုပေါ့။ ဒါတောင် ကိုဂျက် ဗုဒ္ဓဘာသာမဟုတ်ဘူး ။ မြန်မာပြည်သားတယောက်အနေနဲ့ပြောတာ ။ အင်ဒိုနီးရှားမှာ ဒီလစဉ်သုံး ပစ္စည်းတွေ ကို TV မှာလွှင့်ရင်တောင် သူတို့ ဘုရားရှိခိုးတဲ့ အချိန် ၊ မိသားစုတွေ ၀ိုင်းပြီး TV ကြည့်တဲ့ အချိန်မှာဆို မလွှင့်ရဘူး ။
နောက်တခုက ကိုဂျက် ည ည အိမ်ပြန်ထမင်းစားရင် အရမ်းနောက်ကျတယ် ။ စောတဲ့အခါစောပေါ့။ ဗိုက်စာစာနဲ့ ကောင်းကောင်းစားနေတုန်း TV ကနေ ပညာပေးတခုဝင် လာတယ်။ မြစ်ကမ်းနဘေးမှာ အိမ်သာမဆောက်ဖို့ ဇတ်လမ်းတို ရိုက်ထားတာ။ တခန်းက မြစ်ထဲမှာ လှေစီးနေတဲ့ အတွဲ တယောက်နဲ့တယောက် ရေဆော့နေတုန်း သူတို့လက်ထဲ တခုခုရောက်လာပြီး ဆယ်ကြည့်တဲ့ အခန်း ။ အတော်ဆိုးတယ် ထမင်းစားလို့ကိုမရတော့ဘူး ။ တခါတလေ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို ညဘက် ဇာတ်လမ်းတွေ လွှင့်တဲ့အခါမှာ မပါစေချင်ဘူး ။ ဒီကိစ္စတွေက သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ ကိစ္စ။ ဖအေနဲ့ သမီး ၊မအေနဲ့ သား တွေ TV ကြည့်တဲ့ အခါ အနည်းနဲ့အများ ကသိကအောင့် ဖြစ်ရတယ်။ နောက်တခုက ဘုန်းကြီးကျောင်းတွေမှလည်း TV ရှိနေပြီ ။ သူတို့ ကြည့်တဲ့ အချိန်မှာ ဒီ ကြေညာတွေ နဲ့ဆိုရင် မသင့်လျှော်ဘူး။ ယျဉ်ကျေးမှုမရှိဘူးလို့ထင်တာပဲ ။ မယျဉ်ကျေးတာတွေ အများကြီးကျန်သေးတယ် ။ ဒါပေမဲ့ ခုလောလောဆယ် မကြေနပ်တာ အ၀ိုင်းလေးထိပ်က ကြေညာပဲ ။ ဘယ်သူ့ကို ပြောရမှန်းမသိလို့ ရင်ဖွင့်လိုက်တာ။ တာဝန်ရှိသူတွေ သတိထားမိပြီး ပြန်ပြင်ဆင်ဖို့ ပဲမျှော်လင့်မိတယ်။

အကျယ်ဖတ်ရန်...

Tuesday 11 September 2007

အောင်သပြေနဲ့ ကြိုနေမယ်

ဘယ်သူမဆို ကိုယ့်မွေးရပ် ၊ ကိုယ့်မိဘအိမ်ကို ပြန်ရောက်ရင် လုံခြုံနွေးထွေးတဲ့ စိတ်ခံစားမှု လေးရတတ်ကြတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ပြန်ရောက်ရင်ပဲ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ အတိတ်ကို သတိရမိကြတာချည်းဘဲ.ကိုယ်နေခဲ့တဲ့ နိုင်ငံက ဘယ်လောက်ပဲဆင်းရဲဆင်းရဲ၊ ကိုယ့်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ မကောင်း မကောင်း၊ ကိုယ့်မိဘအိမ်က ဘယ်လောက်ပဲ နှုံချာ နှုံချာ တနေ့နေ့မှာ အဲ့ဒီနေရာလေးကို ပြန်ရောက်ရင်တော့ စိတ်လက်ပေါ့ပါးပြီး ဘ၀အမောတွေ ပြေပျောက်သွား မှာပဲ။
ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မြန်မာတွေအားလုံးကိုနားလည်တယ်။ သူတို့တွေ အမိမြေကို ဘယ်လောက် လွမ်းလိုက်မလဲ ၊ ရွှေရောင်တွေ ၀င်းနေတဲ့ ဘုးရားတွေကို ဘယ် လောက် ဖူးချင် လိုက်မလည်း။ တိုင်းရင်းသား ဘာသာစကားတွေကို ဘယ်လောက် ပြောချင်လိုက်မလည်း ၊ တွေးကြည့်လိုက်တာနဲ့ သူတို့အားလုံးကို ပြန်ခေါ်ချင်တယ်။
သူတို့တွေလည်း ပြန်လာချင်မှာပဲ ၊ ကျွန်တော်တို့တွေလည်း သူတို့ကိုခေါ်ချင်တယ် ။ ဘာကြောင့်လည်း ။ တချိန်က အာရှမှာ ခြင်္သေ့ တကောင်ဖြစ်ခဲ့တဲ့ မြန်မာ ကို ဒီနေ့ ကမ္ဘာ ဇတ်ခုံပေါ်မှာ ပြန်တွေ့ရဖို့ဆိုတာ သူတို့တွေရဲ့ အားတွေလိုတယ် ။ သူတို့ကို ခေါ်ပြီးခိုင်းတာ မဟုတ်ဘူး ။ သူတို့ ကိုအားကိုးတာ။ ယုံယုံကြည်ကြည်နဲ့ ကို အားကိုးတာ။ သူတို့ကို ရှေ့ဆောင်ခိုင်းတာ ။ ပြည်တွင်းက ပညာတတ် စီးပွားရေး လူကြီးလူငယ်တွေ ၊ မိဘပြည်သူတွေနဲ့ ပြည်ပက မြန်မာအတတ် ပညာရှင်တွေ ပူပေါင်းလိုက်ရင် မြန်မာ ကတော့ အာရှမှာ ပြန်လည်နေရာရလာမှာပဲ။
ဒါပေမဲ့ ခုချိန်မှာ သူတို့ လာချင်ရင်တောင် ကျွန်တော်တို့ မခေါ်ဘူး။ တိုင်းပြည် မကောင်းသေး တဲ့ ဒီအချိန်မျိုးမှာ သူတို့ကို ကျွန်တော်တို့နဲ့ အတူ နွံမနစ်စေချင်သေးဘူး ။ ဘာလို့ဆို မြန်မာပြည်သူတွေ လိုချင်တာမရသေးလို့ပဲ ။ လိုချင်တာရပြီဆိုတာနဲ့ မြန်မာပြည်မှာ ရှိတဲ့ လူတိုင်း ပင်ပန်းနေလောက်ပြီ ။ ဒါကြောင့် ပြန်လည်တည်ထောင်ရေးမှာတော့ ပြည်ပက မြန်မာ ပညာရှင်တွေ အားမာန်အပြည့် နဲ့ ပါဝင်လုပ်ဆောင်စေချင်တယ်။
တရုပ်ပြည်လိုပေါ့ ။ သူတို့ နိုင်ငံ ကို အမေရိကန်က ၀င်တိုက်ပြီး စစ်လျှော်ကြေးအနေနဲ့ တရုပ် ခောတ်လူငယ် တွေကို အမေရိကန်မှာ ကြိုက်ရာ ဘာသာရပ်တွေကို သင်စေခဲ့တယ် ။ ဒါကဘောက်ဆာတော်လှန်ရေး ။ သူတို့ ပညာတွေတတ်လာတော့ အမေရိကန်က ပြန်မလွှတ်ချင်ဘူး ။ ဒါပေမဲ့ သူတို့တိုင်းပြည် ပြန်တည်ထောင် ဖို့အတွက် နိုင်ငံကို ပြန်လာကြတာပဲ။ အဲ့ဒီထဲက တယောက်ဆိုရင် နာဆာမှာလုပ်တယ် ။ ဒုံးပျံတွေကို တည်ဆောက်ပေးရတယ် ။ ဒီအချိန်မှာ တရုပ်ကအရမ်းတိုးတက်နေတော့ အမေရိကန်နိုင်ငံက တရုပ်ပညာရှင်တွေကို ကြောက်လာတာနဲ့ သူတို့ကို တရုပ်ပြည် ပြန်ပို့လိုက်တယ် ။ နိုင်ငံပြန်ရောက်တာနဲ့ ဒီပညာရှင်တွေက ဒုံးပျံတွေထွင် ဘာတွေထွင်နဲ့ အာရှ ကျားဖြစ်လာတယ် ။ဒါက စာရေးဆရာ ဘိုးလှိုင်ရေးတဲ့ ပိုးချည်မျှင် မိုးနဂါးထဲက မှတ်မိတာ ပြောတာ။
မြန်မာပြည်က အရမ်းသေးတယ်။ တပြည်နယ် နဲ့ တပြည်နယ်ခွဲထွက်လိုက်ရင် မလွယ်ဘူး ။ ဒါကြောင့်ပြောတာ ဒို့ ဗိုလ်ချုပ်ရဲ့ စကားတွေ ဟာ ဒီနေ့ထိ သွေးထွက်အောင်မှန်နေသေးတယ်။ ဒါကြောင့် မြန်မာပြည်သားတိုင်း ပြည်ထောင်စုကြီး အစိတ်စိတ် မဖြစ်ဖို့ ကာကွယ်ရမယ် ။
ရီစရာပြောရရင်ဗျာ ကိုဂျက်က ငပလီ သွားချင်ရင် ဗီဇာလုပ်ရ ၊တောင်ကြီးသွားချင်ရင် ဗီဇာလုပ်ရနဲ့ နောက်ပြီး ပိုက်ပိုက် လည်း ခဏခဏ လည်းရအုန်းမယ် ။ ဒီကြားထည်း နိုင်ငံသားခံခိုင်းရင် ဘယ်နိုင်ငံသားခံရမှာလည်း ။ ကိုဂျက် မှတ်ပုံတင်လာကြည့် ။ချင်း ကရင် ရှမ်း တဲ့…….. ဟားဟား ဘယ်နိုင်ငံသားခံရမှာလည်း ။ ရီစရာပြောတာပါ။
ပြောချင်တာကဗျာ မြန်မာပြည်သားတိုင်း တစိတ်တ၀မ်းတည်းရှိဖို့ ၊နောက်ပြီး တိုင်းတပါးမှာ ရောက်နေတဲ့ ကိုရွှေမြန်မာတွေ ဘ၀မမေ့ ဖို့နဲ့ မြန်မာနိုင်ငံသားတိုင်း ခေါင်းမဖော်နိုင်တဲ့ အလုပ်တွေကို မလုပ်မိစေဖို့ပါ။ နောက်မြန်မာနိုင်ငံကလူတွေ အိမ်ကြက်ချင်း အိုးမည်းသုပ်ပြီး မခွတ်မိဖို့ ၊ ဘုန်းကြီးခေါင်းခေါက်ပြီး ဆောရီးလို့ မပြောမိဖို့ ၊ မျက်လုံးတွေ ဖွင့်ပြီးကြောက်တတ်ကြဖို့ ၊ အမှားအမှန် ခွဲခြားသိဖို့နဲ့ တနပ်စားအကြံတွေကို မကြံစည်ကြဖို့ ပြောချင်တယ်။
ကိုဂျက်တွေးမိတာပြောတာပါ ။ လွတ်လပ်စွာပြောဆိုကြည့်တာပါ။ ဘယ်သူနစ်နာပါစေဆိုပြီး ရေးတာမဟုတ်ဘူး။ လွတ်လပ်တဲ့ တနေ့မှာ မြန်မာနိုင်ငံသားတိုင်း ကိုယ်ချစ်တဲ့ ဒီတိုင်းပြည်မှာ ကိုယ်ချစ်တဲ့ လူတွေ၊ တိုင်းရင်းသား ညီအကိုတွေနဲ့ လက်ရည်တပြင်တည်း ထမင်းစားနိုင် ကြပါစေ။

အကျယ်ဖတ်ရန်...

Tuesday 4 September 2007

ငိုနေမယ် မိုးသည်းထဲမှာ

သူများတွေကတော့ ကိုဂျက် စီမီနာ မတက်ချင်လို့ ၊ဘာမှ ကူမလုပ်ချင်လို့ ပျောက်နေတယ် ထင်တော့မယ် ။ ထင်လည်းခံရမှာပေါ့ ၊ရှင်းလည်းမပြတတ်တော့ဘူး။Email ၀င်လာရင်လည်း နောက်ကျပြီး ၃ ၊၄ ရက်နေပြီးမှ ဖတ်ဖြစ်တယ်။ ဖုန်းဆက်ရင်ရော ၊ ကိုယ့်ဖုန်းကို မေ့ပြီး တနေကုန် မဖွင့်ပဲထားတော့ ဘယ်သူမှခေါ်လို့ရ မှာမဟုတ်ဘူး။ forum မ၀င်ဘူးလား ဆိုရင်တော့ email တောင် မဖွင့်အားတာ ၊ ကွန်ပျူတာရှေ့မှာ တနေကုန် ရှိနေပေမဲ့ online ပေါ်မရောက်ဘူး။ ဒီကြားထဲ virus စစ်တပ် က ကွန်ပျူတာတွေ ကို ၀င်မွှေသွားတာ တိုက်ပွဲကျတဲ့ ကွန်ပျူတာတွေ ကို ဆေးကုပေးရနဲ့ မအားလိုက်ဘူး။

ကိုယ်ရေးကိုယ်တာ ကိစ္စထက် အလုပ် ကိစ္စက ပိုများနေတယ်ထင်တာဘဲ။ ကိုယ့် အလုပ်မှာ ကိုယ်က အကြီးဆုံး ။ ပြဿနာ ၁ခုခု တက်လာရင် ကိုယ်ပဲဒိုင်ခံရှင်းပေးရမှာ ။ ၀န်ထမ်းကလည်း ကိုယ်ပါမှ ၃ ယောက်။ ဒီကြားထည်း ကိုဂျက်လျှာရှည်ပြီး ဂီတာ ဆရာကို ဆိုင်ပင့်ပြီး သင်လိုက်တော့ ပိုဆိုး။ မအားတဲ့ ကြားထဲက သင်ရတာဆိုတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုပေါ့။ တနေ့တနေ့ ပြူးပြူးပြဲပြဲ ဘယ်နေ့ရောက်လို့ ရောက်မှန်းလည်းမသိ။
ကိုယ့်အလုပ်နဲ့ ကိုယ် မျက်ဖြူဆိုက်နေရတဲ့ ကြားထဲ ဒီဇယ်ဈေးက heaven ပေါ်တက်သွားတော့ ပက်လက်လန်ရော ။ ကိုယ်က မီးနဲ့လုပ်စားနေတာ ၊ မီးပျက်တော့ မီးစက်မောင်း ၊ ဒါလည်းရသေးတယ် ။ ဆီဈေးမတက်ခင်ကပေါ့နော် ။ ခုတက်သွားတော့ တော်တော်ညစ်သွားတယ်။ အဲ ကိုယ့်ဂီတာဆရာကလည်း သောက်သောက် စားစား ဆိုတော့ တခါတလေ တရက်ကို ၃ - ၄ နာရီ ထိုင်ပြီးရစ်နေတတ်တယ် ။ သူလာရင် ကိုယ်အလုပ် တွေဖျက်ပြီး သူ့နားမှာ နေပေးရတယ် ။ ရှင်းရှင်းပြောရရင် ကိုယ်ကြိုက်တဲ့ ကောင်မလေးနား မှာတောင် ၃ - ၄ နာရီမပြောနဲ့ ၅ မိနစ်တောင် နေဘူးတာ မဟုတ်ဘူး …။
ကိုဂျက်မအားတဲ့ အကြောင်းဘဲ ပြောတာပါ ၊ ဒီလို အသင်းအဖွဲလိုက် လုပ်တဲ့ ကောင်းတဲ့ ဘယ်ကိစ္စမဆို ကိုဂျက်စိတ်ဝင်စားတယ် ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတဲ့ အချိန်မို့ စီမီနာမှာ လာမကူညီနိုင်တာကို ခွင့်လွှတ်ပေးစေချင်တယ်။ စိတ်ဆိုးတယ်ဆိုလည်း လမ်းလျှောက်ပြီး မုန့်တွေဝယ်ကျွေးမယ်နော်………..

အကျယ်ဖတ်ရန်...

Saturday 4 August 2007

မလွန်ပါဘူးနော်

၈၈၈၈ ရောက်တော့မယ်ဆိုပြီး တချို့ကထင်ကြေးအမျိုးမျိုးနဲ့ မျှော်လင့်နေကြတယ်။ သိကြားမင်းကပဲ ဆင်းလာပြီး ကယ်တော့မလိုလို ၊ဘာလိုလိုနဲ့။ တချို့ ကလည်း အတိတ်က အဖြစ်အပျက်တွေကို မတွေးချင်ကြတော့ဘူး ။ ပြန်တွေးကြည့်လိုက်ရင် နှလုံးသားကို အရှင်လတ်လတ် ဒါးနဲ့ခွဲ ဆားနဲ့ ပက်ပြီး ရှားမီးမှာကင်တာထက် ပိုပြီးနာကျင်ကြတယ်။

တချို့တွေက ၈၈၈၈ မှာ ညမြင်နေ့ပျောက် ၊ တချို့ က သတင်းအစရှာမရ ၊ သေကွဲ ၊ရှင်ကွဲ ၊ မိသားစုတွေ ဖရိုဖရဲ ၊ အိမ်ရှိတာတောင် မပြန်နိုင်တော့တဲ့ဘ၀ ။ ဘာတွေကောင်းလို့ ဒါတွေပြန်တွေးရမှာလည်း။ မတွေးချင်တော့ဘူး ။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ သဲပွင့်ထက်များတဲ့ သင်ခန်းစာတွေကို လည်းရပြီးပြီ ၊ မတွေးချင်တော့ဘူး ။ ဒါပေမဲ့ ဒီသင်ခန်းစာတွေက ယူတတ်သူတွေရခဲ့ပြီး တချို့တွေက မယူခဲ့ကြသလို ၊တချို့ က ပါးစပ်ရာဇ၀င်လို သဘောထားကြတယ် ။ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ဒီရတဲ့ အချိန်လေး မှာ ကိုယ်တွေ့လေးတွေ ရေးသားထားကြမှ ကျွန်တော်တို့ရဲ့ ပခုံးပေါ်တင်ထားတဲ့ တာဝန်တွေ ပေါ့သွားမှာဖြစ်သလို ယူတတ်သူတွေလည်း အကျိုးရှိမှာပါ။
အရေးအခင်းဖြစ်ပြီဆိုတာနဲ့ ကျွန်တော်တို့ မလယ်က ကျောင်းလေး အလိုလို ပိတ်သွား ပြီ။ ကလေးဆိုတော့ ကျောင်းပိတ်ရင်ပျော်တာပေါ့ ။အချိန်အခါမဟုတ် ကျောင်းကပိတ်သွားပြီ ။ လူကြီးတွေကို ဘာလို့ကျောင်းပိတ်သလည်း မေးကြည့်တော့ ဒီမိုကရေစီ ရဖို့ ကျောင်းတွေ ခဏပိတ်တာတဲ့ ။ ဒါနဲ့ ထပ်ပြီး ဒီမိုကရေစီဆိုတာ ဘာလည်းလို့မေးတော့ သားကချိုချဉ် ၁ လုံးစားချင်ရင် ၂ လုံးတောင်းလို့ရတယ်တဲ့ ။ အဲ့ဒီ ဒီမိုကရေစီကို ခဏထားအုန်း ။
သပိတ်စမှောက်ပြီဆိုတာနဲ့ တပြိုင်နက် မလည်နဲ့ မဝေးတဲ့ ကန့်ဘလူမှာ လူတွေသတ်နေကြပြီ။ ဒီတုန်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က လူသတ်တာ မြန်မာပြည်မှာ နာမည်ကြီးပဲ။ ကျွန်တော်တို့ ရွာကတော့ ဘုန်းကြီးကအစ ခွေးကအဆုံး တရွာလုံး ကြွေးကြော်သံတွေနဲ့ ညံနေပြီ ။ရွာလုံခြုံရေးမရှိသေးဘူး ။ ရဲရယ်ပြည်သူ တွေရယ်ပေါင်းပြီး နေ့တိုင်း စီတန်လှည့် လည်ပြီး ဆန္ဒပြ ။ ကန့်ဘလူ ဘက်က လူတွေ သတ်နေပြီ ၊ ရန်ကုန်က အခြေအနေလည်း ဆိုးနေပြီဆိုတာနဲ့ ရွာကို တံခါးပိတ်လိုက်တယ်။ အိမ်တိုင်း ဆောင်ဒါးတို့ ဒုတ်တို့ ဘာတို့က အရင်ကတည်းက ရှိပြီသား ၊ လက်နဲ့မဲ့ ဘုန်းကြီးတွေကလည်း ရွာလုံခြုံရေး ကိုတတ်နိုင်သမျှ ၀ိုင်းထိန်း ။ နေ့တိုင်း ကျီးလန့်စာစားနေရတယ်။
မိဘတွေက အိမ်မှာ နေပြီး စောင့်ကြ ၊ကလေးတွေ အကုန်လုံးက ရွာလည် ဘုန်းကြီးကျောင်းမှာ အိပ်၊ ကိုရင်တွေ ၊ဦးဇင်းကြီးတွေ ၊ဘုန်းဘုန်းတွေက ဘုန်းကြီးကျောင်းထဲ ၊ ရွာထဲ ကင်းလှည့် ၊ရွာသားတွေက ရွာတံခါးတွေကို စောင့် ၊သံသယရှိတဲ့ လူစိမ်းမှန်သမျှ ရွားနားကိုအကပ်မခံ ။ ဒီလို တိုင်းပြည်ပျက်တုန်း တောကြောင်တွေကို လည်းကြောက်ရသေး တယ်။ အဓိက ဘုန်းကြီးတွေနဲ့ ရွာသားတွေ ၀ိုင်းစောင့်ရှောက်ပေးတဲ့ အိမ်က ကျွန်တော်တို့ အိမ်ပါ။ ဒီအချိန်မျိုးမှာ ကျွန်တော်တို့ဆီ လာပြီး ဒါးပြတိုက်ရင်တောင် ပေးစရာမရှိတော့ပါ။
အဖေက ရွာမှာနေတာဆိုတော့ အစိုးရ လခကို လတိုင်းမထုတ်နိုင်ဘူး ။ ၃-၄ -၅ လ ကြာမှ ဆေးထုတ်ရင်း လခတခါတည်းထုတ်ရတာ။ နောက်ဆုံးတခေါက် မြို့တက်ပြီး လခထုတ်ပြီး ရွာရောက်ရုံရှိသေးတယ် ပိုက်ဆန်တွေ အကုန်လုံးကို အစိုးရက သိမ်းတယ်။ ထုတ်လာတာလည်း ၇၅ ကျပ် နဲ့ ၂၅ ကျပ် အကုန်ကုန်ရော ။ စုထားတာတွေလည်း အကုန် ကုန်ရော။ တရွာလုံး ငိုသံမစဲခဲ့ကြပါဘူး။ ဘယ်သူကိုတိုင်လို့တိုင်ရမှန်းလည်းမသိ ။ ဘုရားလည်း ဆင်းပြီးမကယ်နိုင်။ဒါကြောင့် ဒါးပြတိုက်ရင် ပေးစရာမရှိဘူးလို့ပြောတာ။ ဒီပိုက်ဆန်တွေ အလကားတော့မဖြစ်ဘူး။ပိုက်ဆန်ရှိတဲ့ သူဌေးတွေတောင်မလုပ်နိုင်တဲ့ အလုပ်တွေကို ကျွန်တော်တို့ ရွာသားတွေ လုပ်နိုင်ခဲ့တယ်။ ဘာလည်းဆိုတော့ ဒီပိုက်ဆန်တွေစုပြီး သီတင်းကျွတ်မှာ မီးပုံးပျံ အကြီးကြီး လုပ်နိုင်ခဲ့တယ် ။ပိုက်ဆန် မီးပုံးပျံပေါ့ဗျာ။
ဒီလို အခြေအနေဆိုးနေတဲ့ ကြားက အဖေက လားရှိုးကိုပြောင်းဖို့ စာတင်တော့ လားရှိုးနဲ့ ကပ်ရက် မိုင်းမှု မန်ဆန် ကို ရွှေ့ပေးတယ် ။အစိုးရဘယ်လောက် ချစ်ဖို့ကောင်းလည်း ဆိုတော့ သူပုန်တွေမအေးတဲ့ အညိုရောင်နယ်မြေထဲကို ပို့လိုက်တယ်။ ဒါနဲ့ အဲ့ဒီကို ရောက်ပြီး အချိန်သိပ်မကြာခင်မှာပဲ ရန်ကုန်က အရေးအခင်းခွေတွေကြည့်လိုက်ရတယ်။
အတော် ကြောက်ဖို့ကောင်းတာဘဲ ။ လူတွေကို သတ်ထားလိုက်တာ သွေးတွေ ချောင်းစီးနေတာပဲ။ ဒါးကြီးကိုင်ထားပြီး ဘယ်သူသေရဲလည်း လို့ခေါ်နေတဲ့ လူတွေ။ သွေးဆာ နေတဲ့လူတွေ ။အလောင်းတွေ တောင်လိုပုံနေတဲ့ နေရာတွေ ။တပ်က လိုက် လို့ ခွေးပြေး၊ ၀က်ပြေး ပြေးတဲ့လူတွေ။ ကျွန်တော်ဆက်မကြည့်နိုင်တော့ဘူး ။အသက်ရှုကျပ်လာတယ်။ ဒီတုန်းက အသက်က ၁၀ နှစ်မပြည့်သေးဘူး ။ဆိုးဝါးတဲ့ အခြေ အနေတွေကို မကြုံချင်ဘဲနဲ့ ကြုံလာရတယ်။
ပြောမယ်ဆိုရင် ပြောစရာတွေကျန်နေသေးတယ်။ တဖြည်းဖြည်းကြီးလာတော့ ထပ်သိလာရတဲ့ ၈၈၈၈ ပါးစပ်ရာဇ၀င်တွေ ၊ နောက်ခံသမိုင်းကြောင်းတွေ ၊ အများကြီး အများကြီးကျန်သေးတယ်။ အရွယ်ရောက်ပြီးသူးတွေအတွက်က ဒီအကြောင်းတွေက ရင်နာစရာ အကောင်းဆုံး နေ့ရက်တွေဖြစ်ခဲ့ပေမဲ့ ၊ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့ကတော့ မုန်တိုင်း အဖျားခတ်ခဲ့ပါတယ်။ ဒီလိုနေ့ထပ်မရောက်ဖို့ ဆုတောင်းပေမဲ့ ဆုတောင်းပြည့်ပ မလား။ ဒေါက်တာသန်းထွန်း ပြောသလို သမိုင်းကို မအ အောင်လို့ သင်တာ ဆိုရင် ၊ ၈၈ သမိုင်းကိုလည်း ဒီခောတ်ကလေးတွေ မအ အောင် သင်ကိုသင်ရပါမယ်လို့ပြောရင် ကိုဂျက်အတွေး လွန်မယ်မထင်…

အကျယ်ဖတ်ရန်...

Wednesday 25 July 2007

Biruma No Tategoto

၅ တန်းကျောင်းသားဘ၀က အနှစ်သက်ဆုံး ၀တ္ထု ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးတပုဒ်ကို ဆရာမက ရေးခိုင်း ဖူးတယ်။ဒီတုန်းက ၀တ္ထုဆိုတာဘာမှန်းတောင်သိတာ မဟုတ်ဘူး။ ကာတွန်းတွေပဲဖတ်တာ။ ဒီတော့ ဒုတ်ခနဲ့ လှလှ တွေ့ပါလေရော။ ၀တ္ထုတွေအကုန်လုံး လိုက်ဖတ်လို့လည်း အချိန်ကမရ။ အဖေနဲ့ အမေကလည်း ၀တ္ထုဆိုလုံးဝမဖတ်။နောက်ဆုံးတော့ ကိုယ်နဲ့သိတဲ့ မြန်မာစာဋ္ဌာနက ဆရာမတယောက်ကို သွားမေးတော့ သူက ဂျာနယ်ကျော်မမလေးရဲ့ သွေး ကိုညွှန်းတယ်။ ဇတ်လမ်းလေးကို အတိုချုံ့ ပြောပြတော့ ပိုစိတ်ဝင်စားတယ်။ ဖတ်ကြည့်တော့လည်း ကြိုက် တယ် ။ ဒီတုန်းက ဖတ်လို့ကောင်းလို့ ကြိုက်တာကတမျိုး ၊ အဖွားလေးရဲ့ ဂျပန်ခောတ် ကိုယ်တွေ့ တွေကိုကြားဖူးထားလို့ ကြိုက်တယ်ဆိုတာထက်မပိုဘူး။ ဒီတုန်းကသာမန် ၀တ္ထုတခု လိုပဲ သဘောထားခဲ့တယ် ။ ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ သွေးဝတ္ထုကို နောက် ၇ နှစ် ၈ နှစ်ကြာပြီးမှ တခါပြန်ဖတ်ရတဲ့အခါ ဆရာမကြီးရဲ့စေတနာကို နားလည်လာပါတယ်။

ဒီဝတ္ထုက မြန်မာပြည်မှာ ကျော်ကြားရုံမက ဂျပန်မှာပါအောင်မြင်ခဲ့ပါတယ်။ ဂျပန်လူမျိုး တွေသိတဲ့ မြန်မာပြည်ဆိုတာ သွေးဝတ္ထုကစတယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ စာပေ အနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါအောင်မြင်ခဲ့တဲ့ဝတ္ထု တပုဒ်ရှိပါသေးတယ်။ ဒီစာအုပ်က စာရေးဆရာကြီး ထာကဲရာမမိကျိအိုး ရဲ့ ဘိရုမာနို့ထတဲ ခေါ်တဲ့ မြန်မာ့စောင်း ပါ ခင်ဗျာ။ ဒီစာအုပ်နဲ့ ရုပ်ရှင်ကြောင့် မြန်မာပြည်ကို ပိုသိ ပိုချစ်လာခဲ့ပြီး ဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ ၀တ္ထု မှာတော့ အသဲစွဲခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့စောင်း က လည်းဖြစ်ရပ်မှန် မဟုတ်ပါဘူး။ဒီဝတ္ထုထဲမှာပါတဲ့ ဂီတ၀ါသနာပါတဲ့ တပ်စိတ်ကလေးကတော့ တကယ်ရှိခဲ့ပါ တယ်။သူတို့ပြောပြတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးခဲ့လို့ထင်တယ် အတော် လေးဖတ်လို့ကောင်းတယ်။သနားစရာလည်းကောင်းပါတယ်။ဝမ်းလည်းနည်းရပါတယ်။ဒီဝတ္ထုရဲ့ အဓိကဇတ်ကောင်ကတော့ မီဇူရှီးမားဆိုတဲ့ စစ်သားလေးပါ။
ဂျပန်တပ်စိတ်မှုး ဗိုလ်ကြီးက ဂီတကျောင်းကနေ အောင်ခါစ လူငယ်ပညာတတ်၊ ဒီတော့ သူ့တပ်သားတွေအကုန်လုံကို သီချင်းဆိုလေ့ကျင့်ခိုင်းတယ်။ သီချင်းဆိုရင်လည်း အဆင့်နိမ့်တဲ့ သီချင်းတွေမဆိုကြဘူး။တကယ့်ကိုခက်ရာခက်ဆစ် သီချင်းတွေကိုပဲ လေ့ကျင့် သီဆိုကြတယ်။သူတို့တွေက စိတ်ညစ်တဲ့အခါ ၊ဘယ်တိုက်ပွဲမှာ သေမယ်မှန်း မသိတဲ့အခါတွေ မှာ ရင်ထဲမှာရှိတဲ့ သီချင်းတွေကို အားရပါးရဆိုကြတယ်။ ဗိုလ်ကြီးရဲ့ အားအကိုးရဆုံး ကတော့ တပ်ကြပ်ကလေး မီဇူရှီမား။သူက တပ်ထဲရောက်မှ ဂီတကို စထိတွေ့ဖူးပေမဲ့ ဂီတအထုံရှိတော့ အတော်လေးပေါက်မြောက်တယ် ။
သူတို့တပ်သားတွေအကုန်လုံး တူရိယာ ပစ္စည်းတွေကို တွေ့ရာ ၀ါး ၊ လက်နက်တွေနဲ့ လုပ်တယ်။ ဒီထဲမှာ မြန်မာ့စောင်းကို အတုခိုးပြီးလုပ်ထားတဲ့ မီဇူရှီမား ပိုင် စောင်းတလက်ရှိ တယ်။ သူတို့က မြန်မာပြည်ကနေ ပြန်ဆုတ်နေရတဲ့အချိန်ဆိုတော့ အရှေ့ဘက်မှာရှိတဲ့ ယိုးဒယားကို ပြေးတယ်။ လမ်းမှာကင်းထောက်စရာရှိရင် မီဇူရှီမား ကို ရှေ့ပြေးလွှတ်တယ်။မီဇူရှီမားက ဂျပန်လူမျိုးဆိုပေမဲ့ အသားကညိုတယ်၊ နေလောင်ထားတော့ပိုဆိုး ၊မျက်နှာပုံစံ ၊အရပ်အမောင်းအားလုံးဗမာနဲ့ တပုံစံထဲ။ဗမာ အ၀တ်အစားဝတ်လိုက်ရင် ခွဲလို့မရအောင်တူတယ်။ စောင်းတီးလည်းကျွမ်းတော့ စောင်းသမား သတောင်းစားဟန်ဆောင်ပြီး ကင်းထောက်တယ်။ သူ့ရဲဘော်တွေက မင်းမြန်မာပြည်မှာနေခဲ့ ရင် မြန်မာလူမျိုးတွေအကုန်လုံးဝိုင်းချစ်ကြလိမ့်မယ်ပြောတော့ သူက “ကျွန်တော်ဟာ မီယန်မာ လူမျော၊ မီယန်မာဟာ တိတ်ကောင်းတဲ့တိုင်းပြည်”လို့ အမြဲပြောနေကြ။
တနေ့မှာ သူတို့တတွေဟာ ဂျပန်ပြည် လက်နက်ချလိုက်ပြီဆိုတဲ့ စာတွေကို လေယာဉ်ပျံနဲ့ ကျဲချတဲ့အခါ ရရှိခဲ့ကြတယ်။ နောက်ဆုံးမှာ ရန်သူအ၀ိုင်းခံရပြီး အပစ်အခတ်မရှိလက်နက်ချခဲ့ကြတယ်။ ဒါပေမဲ့ တခြားတနေရာမှာရှိတဲ့ ဂျပန်တပ်တတပ်က စစ်ပြီးပေမဲ့ အသေခံချနေလို့ မီဇူရှီမားရဲ့ ဗိုလ်ကြီးက သူ့ကို သံတမန်လုပ်ခိုင်းပြီး လက်နက်ချဖို့သွားပြောခိုင်းတယ်။ တာာဝန်ပြီးရင်တော့ မုဒုံ သုံ့ပန်းစခန်းကို ၃ လ အတွင်း ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။
အချိန်တွေသာကုန်သွားတယ် မီဇူရှီမား ကတော့ မလာတော့ပါဘူး ။သူ့အစား ပခုံးမှာ ကြက်တူရွေးတင်ထားတဲ့ မြန်မာ ဘုန်းတော်ကြီးတပါး ကိုပဲတွေ့ရတယ်။ မီဇူရှီမား သူရဲကောင်းပြီသစွာ ကျဆုံးခဲ့ပြီလို့ ထင်ထားတဲ့အချိန်မှာ သူနဲ့ချွတ်စွတ်တူတဲ့ မြန်မာဘုန်းကြီးလေးကိုတွေတဲ့အချိန်မှာ သူတို့တွေ ဟာ သံသရ၀င်လာပြီး စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံး ဂျပန်တပ်တွေ အမိမြေပြန်တော့မယ့် အချိန်မှာ သူတို့ သိပ်ချစ်တဲ့ မီဇူရှီမား ကို ရှာတွေ့ခဲ့ကြတယ်။ဟန်မဆောင်နိုင်တော့ တဲ့ ဘုန်းကြီးတဖြစ်လည်း မီဇူရှီမား ဟာ သူ့တပ်သားတွေ ကို စောင်းနဲ့ အားရစွာ သီဆိုပြီး သူတို့နဲ့ဝေးရာကို ထွက်သွားပါတော့တယ်။
မီဇူရှီမား ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိချင်ရင်တော့ ဆရာရဲမြင့်လွင်ရေးတဲ့ မြန်မာ့စောင်း ၀တ္ထုကိုသာ ၀ယ်ဖတ်ကြပါ။ ကိုဂျက်ပြောရင်အရသာပေါ့မှာစိုးလို့မပြောတာ့ဘူး ။
လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်လောက်က ကျောင်းသားတွေစုပြီး တောင်ကြီး၊အင်းလေး၊ ပင်းတယ ခရီးထွက်ခဲ့ကြတယ်။အပြန်ကျတော့ အချိန်ပိုတာ နဲ့ မန္တလေး မ၀င်ပဲ မိတ္ထီလာထင်တယ်၊ အဲ့ဒီကိုဝင်တယ်။ ဘယ်ကိုရောက်လည်းဆိုတော့ ဂျပန်၊မြန်မာ ကမ္ဘာအေး နဂါးရုံမဟာဗောဓိ စေတီတော်ကြီး ကိုရောက်တယ်၊ ဒီစေတီမှာ နဂိုက ဂျပန်စစ်သားတယောက် ဘုန်းကြီးဝတ်ပြီး သီတင်းသုံခဲ့တယ်၊ မွေးရပ်မပြန်ဘူး ။ သူ့မိခင်တပ်ကလည်း ကျဆုံးစရင်းထည့်ထားတယ်။ တကယ်တော့ သူက အကြောင်းအမျိုးမျိုး ကြောင့် ဘုန်းကြီးဝတ်ပြီးနေခဲ့တယ် ။ ဘယ်သူမှလည်းသူ့ကို ဂျပန်မှန်းမသိဘူး။ သူပျံ လွန်ပြီးတော့ သူ့မွေးရပ်မှာရှိတဲ့ အမျိုးတွေကို အိမ်မက်ပေးတယ်။ သူ့အမျိုးတွေ မြန်မာပြည်ကို လိုက်လာပြီး သူအိမ်မက်ပေးတဲ့ နေရာကို ရှာတော့ အခုပြောတဲ့ နေရာကိုတွေ့ရှိခဲ့ကြတယ်။ နောက်တော့ ချစ်ကြည်ရေးစေတီတည်ပြီး ၁ နှစ် ၁ ခါလာလည်တယ်လို့ပြောတယ်။ အဲ့ဒီမှာ သူ့ရဲ့ဓာတ်ပုံတွေ ၊ သူကိုင်ခဲ့တဲ့ ဓါးတွေ သေနတ်တွေ၊တင့်ကားတွေကို ပြသထားပါတယ်။ လမ်းကြုံရင်သွား ကြည့်ကြပေါ့။ အသေးစိတ်သိတဲ့လူတွေများရှိရင် ရေးပေးကြပါ။
ဆရာ ရဲမြင့်လွင်ရေးတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး သတိရတာလေးပြောပြလိုက်တာ။ အဓိက ကတော့ ဂျပန်တွေ မြန်မာကို နှိပ်စက်ခဲ့ကြပေမဲ့ မြန်မာတွေက သူတို့ကို အခင်မပျက်သလို သူတိုက ချစ်မြဲချစ်လျှက်ပဲဆိုတာရယ်၊ စနစ်မကောင်းလို့ ဂျပန်တွေ ဒုတ်ခ ရောက်ခဲ့ကြတာကို သတိရစေဖို့ရယ်၊ ဂျပန်မြန်မာ ချစ်ကြည်ရေးမြဲဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးလိုက်တာပါဗျာ။

အကျယ်ဖတ်ရန်...

Tuesday 24 July 2007

အချစ်တွေတည်ဆောက်ကြမယ်

ချစ်ခြင်းမေတ္တာတရာဆိုတာ ဘ၀ကိုယ်စီကို အလှဆင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်တယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာကို ကျင့်ကြံသူတိုင်း ဘ၀မှာ ဆုံးရှုံးမှုတွေနဲ့ မရင်ဆိုင်ရဘူး၊ဘ၀နစ်နာမှုမရှိစေရဘူုး။ဘာလို့လည်းဆိုတော့ ကမ္ဘာလောက ကြီးမှာ ချစ်ခြင်းမေတ္တာတစ်ခုတည်းကသာလျှင် ပြည့်ဝဆုံလင်တဲ့ဘ၀ရောက်ဖို့အတွက် အမြဲ တွန်းအားပေးနေတယ်။

အပြစ်ကြောင့် ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေအားလုံးကို ကုသပေးတယ် ။ လောဘ၊ဒေါသ၊မောဟ၊မာန တွေကြောင့် ပူလောင်နေတဲ့ နှလုံးသားတိုင်းကို ပြန်လည်အေးမြစေတယ်။ဖြေသိမ့်လို့မရနိုင်တဲ့ ၀မ်းနည်းပူဆွေးမှုတွေအားလုံးကို ဖြေသိမ့်မှု တွေပေးတယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး၊ အထီးကျန်တဲ့ လူသားတိုင်းကို မျှော်လင့်ခြင်းရောင် ခြည်တွေ၊ ဘ၀ရဲ့ပြည့်စုံချင်းတွေ ပြန်လည်ပေးတယ်။ဒါကြောင့်လူသားတိုင်း ချစ်တတ်တဲ့ လူတစ်ယောက် ဖြစ်အောင် နေ့စဉ်နေ့တိုင်း ကြိုးစားပြီးကျင့်ကြံကြရမယ်။ချစ်တတ်တဲ့ လူသားတိုင်း ပိုပြီးချစ်တတ်လာပြီး ၊ ပိုချစ်နိုင်တဲ့ လူသားတိုင်း ပိုမိုပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင် ကြလိမ့်မယ်။ လွတ်လွတ်လပ်လပ် ချစ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ အချုပ်အနှောင် ၊ အတားအဆီး တွေထဲက လွတ်မြောက်နေသလို ခံစားကြရတယ်။ ဘာလို့လည်းဆိုရင် ချစ်ခြင်းမေတ္တာ တရားရဲ့ ထူးခြားထက်မြက်တဲ့ အရည်အချင်းက ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားတွေကို အနိုင်ယူလို့ပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် အယူအဆတွေအားလုံးကို ပြောင်းလဲပေးပြီး၊ ဘ၀ရဲ့ထောင်ချောက်တွေထဲက ကယ်တင်ပေးတယ်။ နောက်ဆုံး ဘ၀ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေကို ပြန်ပေးတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာတရားကို လက်တွေ့ ကျင့်ကြံပြီး ချစ်ခြင်းမေတ္တာ၌ အသက်ရှင်နေတဲ့ လူတယောက်ရဲ့ ပျော်ရွှင်မှုဟာ လောကမှာ အဆုံးစွန်၊ အထွဋ်အထိပ်၊ အမြင့်မြတ်ဆုံးသော ပျော်ရွှင်ခြင်းသာဖြစ်တော့တယ်။

ဖာသာရ်ခရစ္စတိုဖာ လိန်ထန်းရေးတဲ့ ဘုရားအချစ် ၊ လူ့အချစ်သီအိုရီများထဲက ကူးထားတာပါခင်ဗျာ။ချစ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်နဲ့ နီးစပ်တဲ့လူတွေကို မိမိကိုယ်ကိုချစ် သကဲ့သို့ချစ်တတ်ရပါမယ်။ ကိုယ့်ရဲ့ ရန်သူတွေ၊ကိုယ့် ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူတွေ ၊ သူတို့တွေကိုလည်းချစ်တတ်ရပါမယ်။ချစ်ခြင်းမေတ္တာတည်ဆောက်ဖို့ဆိုတာ အင်မတန်မလွယ် ပါဘူး။ ဒါကြောင့် ချစ်တတ်ဖို့အတွက် ကျင့်ကြံရပါတယ်။ တကယ် ခွင့်လွှတ် ချစ်တတ်တဲ့ လူတွေဟာ သူတိုပရဲ့ဘ၀မှာ ပျော်ရွှင်ဧမြနေတတ်ကြတယ်။ ချစ်ခြင်းမေတ္တာကြောင့် ခွင့်လွှတ်လာနိုင်ပြီဆိုရင် ဘုရားသခင်ရဲ့နိုင်ငံတော်၊ ဒါမှမဟုတ် နတ်ပြည်ဟာ ကိုယ့်အတွက်ပဲ ဖြစ်တယ်။ နတ်ပြည်တို့ ၊ဘုရားရဲ့နိုင်ငံတော်တို့ကို အဝေးမှာရှာစရာမလိုဘူး။သင်တို့ရဲ့ နှလုံးသားထဲမှာပဲရှိပါတယ်။

အကျယ်ဖတ်ရန်...

Tuesday 17 July 2007

၁၉-၇-၁၉၄၇

ကမ္ဘာ့ရာဇ၀င် မှတ်တမ်းတင်ရသော ဗမာပြည် ခေါင်းဆောင်များ မသမာယုတ်မာသော သူတို့ လက်နက်ဖြင့်သေရခြင်း။

၁၉-၇-၄၇ နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဗိုလ်ချုပ်၏ခန်းတွင် ၀န်ကြီးများစည်းဝေး နေစဉ် ၊ စပတ်လမ်းမှ အတွင်းဝန်ရုံးသို့ ဂျစ်ကားလေးနှင့် ခြင်္သေ့အမှတ်နံပါတ် ၁၂ တပ်ယူနီ ဖောင်း အပြည့်အစုံဝတ်ဆင်ထားသူ ၄ယောက်ဝင်ရောက်လာကြပြီး ၀န်ကြီးအစည်းအဝေးလုပ် နေသည့်ရုံးခန်းအောက်တွင် ထိုးရပ်၍ တယောက်ကား ၊ ကားထဲတွင် စောင့်နေခဲ့လေ၏။ ကျန်သုံးယောက်တို့သည် စတင်းဂန်းနှင့် တော်မီဂန်းများကို ကိုင်ဆောင်ခါ အိနြေ္ဒရရ လှေခါးမှတက်လာကြပြီး ၀န်ကြီးများ အစည်းအဝေးလုပ်နေသော အခန်းဝသို့ ရောက်သောအ ခါ အစောင့်မင်းစေကလေးက အတွင်း၌ ၀န်ကြီးများအစည်းအဝေးရှိနေသဖြင့် မ၀င်ရန်တား မြစ်လေသည်။ထိုသူငယ်အားတွန်းထိုး၍ တံခါးကို ဖွင့်လိုက်ပြီး သေနတ်များကို ၂ ချက်ဆွဲ လိုက်လေသည်။ ဗိုလ်ချုပ် ၊ သခင်တင်မြ ၊ ဦးဘချို ၊ မန်းဘခိုင် ၊ မစ္စတာရာဇတ် ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးအုန်းမောင် ၊ အိုင်စီကက်(စ်)တို့မှာ အတုံးအရုံးလဲနေကြလေသည်။

ဆေးရုံသို့ပို့ခြင်း

သူနာပြုကားများဖြင့် အလောင်းများနှင့် လူနာများကို တင်ဆောင်ယူသွားသည်။ ဆေးရုံတွင် မိုင်းပွန်စော်ဘွားမှတပါး အားလုံးသောဝန်ကြီးများမှာ သေနေတော့၏။ စော်ဘွားကြီးမှာ နောက်တရက်ညနေတွင် သေလေသည်။ အတွင်းဝန် ဦးအုန်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ။

ရန်ကုန်တမြို့လုံး ချောက်ချားခြင်း၊ ဗိုလ်ချုပ်တို့ကို သေနတ်နှင့် ပစ်သည်ဟု ကြားသည် နှင့်တပြိုင်နက် အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားတော့၏ ။ရုပ်ရှင်ရုံများ ၊ ဆိုင်များတို့လည်း ပိတ်ထားကြ၏၊ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း လောလောဆယ်ထုတ်ထားလိုက်လေသည်။

ဗိုလ်ချုပ်အလောင်းကို မြို့လှည့်ပြခြင်း၊ ၂၀-၇-၄၇ ညနေ ၂ နာရီအချိန် ဗိုလ်ချုပ် အလောင်းကို ကန်တော်ကြီးနေအိမ်မှ ဆူးလေဘုရားလမ်း ၊ ဖရေဇာလမ်း ၊ ဘုရားလမ်း မှ ဂျူဘလီဟော သို့ ယူဆောင်သွားရာ လူထုကြီးမှာ လွန်စွာစည်ကား၏။

အသက်ချမ်းသာရသောဝန်ကြီးများ

၁. ပျော်ဘွယ်ဦးမြ ၊ စိုက်ပျိုးရေးဝန်ကြီး။

၂. ဦးဘဂျမ်း ၊ ပြန်လည်ထူထောင်ရေးဝန်ကြီး။

၃. ဦးအောင်ဇံဝေ ၊ ပေါင်းသင်းဆက်ဆံရေးဝန်ကြီး။

ရရှိသောဒဏ်ရာ

လူသတ်သမားတို့ လက်ချက်ကြောင့် ကျဆုံးသွားကြသော နိုင်ငံခေါင်းဆောင်ကြီးများ ရရှိသည့် ဒဏ်ရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁. ဗိုလ်ချုပ်အောင်ဆန်း ၁၃ ချက်

၂. မန်းဘခိုင် ၁၅ ချက်

၃. ဦးဘ၀င်း ချက်

၎. ဦးရာဇတ် ချက်

၅. ဦးဘချို ချက်

၆. ဦးအုန်းမောင် ချက်

ရ. သခင်မြ ချက်

၈. မိုင်းပွန်စော်ဘွားကြီး ချက်

၉. ကိုထွေး ချက်

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်ထဲက ကောက်နှုတ်ဖော်ပြတာ။ တင်ပြသူကတော့ မောင်ကျော်ရင်ပါ။ အဲ့ဒီခောတ်က အသုံးအနှုန်းတွေ သိစေချင်လို့ ၊နောက်ပြီး လှုပ်ရှားမှုပုံရိပ်တွေကို မြင်သာအောင်လို့ ဒီအတိုင်း ဖော်ပြလိုက်တာ၊ ဒီရက်ပိုင်းမှာ နိုင်ငံခေါင်းဆောင် အကြောင်းတွေကို ၁၉-၇-၂၀၀၇ မတိုင်ခင်ထိ ရှားဖွေဖော်ထုတ် တင်ပြမယ်လို့ တွေးထားမိလို့ပါ ။ မသိသေးတဲ့ သူတွေအတွက် တွေ့ရှိတာလေးတွေတင်ပေးရင်း သမိုင်းကြောင်းတွေပြန်ဖော်ထုတ်ကြရအောင်…….

အကျယ်ဖတ်ရန်...

Saturday 14 July 2007

ကာလသား၊ကာလသမီးများ

ကာလသာရောဂါ ( Sexually transmitted Infection) ဆိုတာက လိင်ဆက်ဆံတာကတဆင့် တစ်ယောက်ကိုတယောက် ကူးစက်နိုင်တဲ့ ရောဂါတွေကို ခေါ်တာပါ။ ဒီရောဂါမှာ တခြားရောဂါ တွေလည်း ရှိသေးတယ် ။ အဖြစ်များတာကတော့ ဆီးပူညောင်ကျ လို့ခေါ်တဲ့ ဂနို ရောဂါ ၊ ရှန်ကရွိုက် ၊ ဆစ်ဖလစ် ၊ လိင်အင်္ဂါရေယုန် ရောဂါ တွေပဲ ။

ဟိုးတုန်းက လူငယ်တွေမှာ ဒီရောဂါအဖြစ်များလို့ ကာလသားရောဂါ လို့ခေါ်ကြတာ ။ ကာလသားရောဂါပိုးအားလုံးဟာ ကူးစက်တတ်တဲ့ ရောဂါပိုးမို့ ဒီရောဂါ ပိုးတမျိုးမျိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရင် ကိုယ့်ကိုပါ ရောဂါကူးစက်နိုင်တယ်။ ကာလသားတွေမှ ဒီရောဂါ ဖြစ်တာမဟုတ်ဘူး ပျိုပျို အိုအို ရောဂါရှိတဲ့ လူနဲ့ဆက်ဆံရင်ကူးမှပဲ။ မိန်းကလေးတွေမှာ လည်းဖြစ်နိုင်တာပဲ။

အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေက

၁. လိင်အင်္ဂါတ၀ိုက်မှာ အနာဖြစ်တာ

၂. ဆီးလမ်းကြောင်းကနေ အရည်တွေဆင်းတာ (ပြည် တို့၊ သွေးတို့ ပေါ့ )

၃. ဆီးပူ၊ဆီးကျင်၊ဆီးသွားရတာခက်တာ

၎. ပေါင်ခြံ အကြိတ်တွေ ရောင်တာ ဖြစ်နိုင်တယ်။

အမျိုးသမီးတွေ အဖြစ်များတာက

၁. လိင်အင်္ဂါတ၀ိုက်မှာ အနာဖြစ်တာ

၂.မွေးလမ်းကြောင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းတာ

၃. ဆီးပူ၊ဆီးကျင်၊ဆီးသွားရတာခက်တာ

၎.၀မ်းဗိုက်အောက်ပိုင်းနာကျင်တာ

၅. ပေါင်ခြံ အကြိတ်တွေ ရောင်တာ ဖြစ်နိုင်တယ်။

ဒီရောဂါရဲ့ဆိုးကျိုးတွေကတော့

၁. အမျိုးသားတွေမှာ မျိုးပွားအင်္ဂါ လမ်းကြောင်တလျှောက် ရောင်ရမ်းတာ၊ ဆီးပြွန်ကျဉ်းမြောင်း ပိတ်ဆို့တာ၊ ကလေးမရနိုင်တာ ။

၂. အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းတလျှောက် ရောင်ရမ်းတာ ၊သန္ဓေတည်မှုနေရာလွဲတာ၊ ကိုယ်ဝန်ပျက်ကျတာ ၊ ကလေးအသေမွေးတာ တွေဖြစ်နိုင်သလို နောက်ဆုံး ကလေးမရဘဲ မြုံတယ်ဆိုတဲ့ အထိဖြစ်နိုင်ပါတယ်။

တချို့အမျိုးသမီးတွေ ကာလသားရောဂါရှိတယ်ဆိုပေမဲ့ တခါတလေ ဘာရောဂါ လက္ခဏာမှ မပြပဲရှိနေတတ်တယ် ။ ရောဂါ လက္ခဏာတွေမှ မပြပေမယ့်လို့ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ရဲ့လိင်ဆက်ဆံဖက်မှာ ရောဂါကူးစက်နိုင်တဲ့ အန္တရယ်ရှိတယ်လို့ထင်ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေတိုင်ပင်သင့်တယ်။

အမျိုးသမီး တွေမှာ မွေးလမ်းကြောင်းကနေ အဖြူတွေဆင်းတိုင် ကာလသားရောဂါလို့ ပြောလို့ မရဘူး ။ အဖြူနည်းနည်းဆင်းတာ ပုံမှန်သဘာဝ တစ်ခုပါ။ အဖြုဆင်းတာများတာ၊ အနံ့နံတာ ၊ မလိုင်ဖတ်လို အဖြူဖတ်တွေ ဆင်းတာ ၊ အရောင်ရှိတဲ့ အရည်တွေဆင်းတာ ၊ ပြည်တွေဆင်းတာ၊ယားယံတာတွေ ဆိုရင်တော့ ဆရာဝန်တွေနဲ့ ပြသသင့်တယ် ။ ဒါတွေဖြစ် တိုင်းလည်း ကာလသားရောဂါလို့ ပြောလို့မရပြန်ဘူး ။ မှိုရောဂါ ဒါမှမဟုတ် ရောဂါပိုးတခုခု ကြောင့်လည်း ဖြစ်နိုင်တာဘဲ။

ဂနိုရောဂါ ၊ လိင်အင်္ဂါအနာရောဂါ ၊အမျိုးသမီးတွေ ဆီးစပ်နာကျင်ကိုကခဲတဲ့ရောဂါ ၊ အဖြူဆင်းတဲ့ရောဂါ စတဲ့ကာလသားရောဂါတွေကတော့ ဆေးကုသရင်ပျောက်ကင်းနိုင်တယ် ။ တချို့ လိင်အင်္ဂါရေယုန်တို့ လိင်အင်္ဂါကြွက်နို့ရောဂါတွေကတော့ ပျောက်ဖို့ခက်တယ် ။ အသဲ ရောင်အသားဝါ ဘီ နဲ့ စီ ၊ AIDS ရောဂါ တို့ကတော့ မပျောက်နိုင်ဘူး။

ကာလသားရောဂါဆိုတာ လိင်ဆက်ဆံတာကတဆင့် အဓိကကူးဆက်တာ။ အတွင်းခံ အ၀တ်အစား တွေလဲလှယ်ဝတ်ဆင်လို့ ကူးဆက်တာ အင်မတန်နည်းပါတယ်။ တချို့ ကာလသားရောဂါ မဟုတ်တဲ့ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါဖြစ်တယ်ဆိုတာက ဆီးလမ်းကြောင်း ၊ မျိုးပွားလမ်းကြောင်းတွေထဲကို ရောဂါပိုးတွေ တနည်းနည်းနဲ့ ၀င်ရောက်သွားလို့ပါ။ သုံးရေမသန့်ရှင်းတာတို့ ၊ အတွင်းခံ အ၀တ်တွေ မသန့်ရှင်းလို့ ကူးတာကများတယ်။

လိင်အင်္ဂါ ၊ မျိုးပွား အင်္ဂါ ဆိုင်ရာပြဿနာ ဖြစ်တိုင်း ကာလသားရောဂါလို့တော့ ပြော လို့မရသလို ၊ရောဂါလက္ခဏာမပြတိုင်းလည်း ကာလသားရောဂါရှင်းတယ်လို့ မပြောနိုင်ပြန်ဘူး။ ကိုယ်နဲ့ ကိုယ်ရဲ့လိင်ဆက်ဆံဖက်မှာ လိင်ဆက်ဖက်များတာ၊ကွန်ဒုံးမသုံးတာတွေကို ထည့် စဉ်းစားပြီး ရောဂါကူးစက်နိုင်မှုကို သုံးသပ်နိုင်ပါတယ် ။ တကယ်လို့ ကူးစက်နိုင်တယ်လို့ထင် ရင်တော့ ဆရာဝန်၊ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။

ကာလသားရောဂါ ဖြစ်မဖြစ်ဆိုတာ ကိုယ်ရဲ့အကျင့် သိက္ခာနဲ့ မဆိုင်ပါဘူး။ လိင်ဆက်ဆံဖက် တစ်ဦးတည်းရှိတဲ့ လူတွေမှာလည်း ရောဂါကူးစက်နိုင်ပါသေးတယ်။ မိန်းမကောင်းမို့ ကာလသားရောဂါမရှိနိုင်ဘူး ၊ ပွေရှုပ်တဲ့သူတွေမှသာ ရောဂါဖြစ်နိုင်တယ်ဆို တာ မဟုတ်ဘူး။ လိင်ဆက်ဆံမှုရှိပြီဆိုတာနဲ့ ရောဂါတွေမကူးစက်နိုင်အောင် လိုအပ်ရင် ကွန်ဒုံးသုံးဖို့ သိရှိနားလည်ရပါမယ်။

ဒီရောဂါဟာ လိင်ဆက်ဆံဖက်များတဲ့သူတွေမှာ အဖြစ်များတာဆိုတော့ သစ္စာမရှိတဲ့သူ ဖောက်ပြန်တဲ့ သူတွေလို့ လူအများကထင်နေကြတာ ။ ကိုယ်ကလိင်ဆက်ဆံဖက်တဦးတည်းရှိ တယ် လို့ပြောဦးး သူ့မှာ ဒီရောဂါတွေရှိရင် ကိုယ့်ကိုကူးစက်မှာပဲ။ ရောဂါအကြောင်နားလည်ရင် ကုသဖို့ မခက်ပါဘူး ။ ဒီရောဂါကြောင့် တသက်လုံးကလေးမရတော့မှာ ၊ လိင်မှုဆိုင်ရာ အိမ်ထောင်ရေး သုခတွေကို မရတော့မယ့် အခြေအနေတွေထိမရောက်ခင် ပျိုပျို အိုအို ကိုယ့်မှာရောဂါရှိတယ်လို့ သံသယ၀င်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်တယ်။

အမျိုးသားတွေ ရည်းစားများတာ ၊လိင်ဆက်ဆံဖက်များတာ ၊အိမ်ထောင်ဖက်များတာ ကို လူတွေက အပြစ်မတင်ကြဘူး။ အဲမိန်းကလေးဆိုရင်တော့ အပြစ်တင်လို့မဆုံးဘူး။ ၀ိုင်းပြီး ကဲ့ရဲ့တာ ကျဉ်တာတွေလုပ်တတ်ကြတယ်။ လိင်ဆက်ဆံဖက်များတာကို လူအများလက်ခံ သည်ဖြစ်စေ ၊ မလက်ခံသည်ဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် လိင်ဆက်ဆံဖက် များရင်တော့ ကာလ သားရောဂါ နဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံနိုင်တယ်။

မြန်မာ့ယဉ်ကျေးမှုအရကတော့ မိန်ကလေးတွေဟာ လိင်ကိစ္စမှာ အိနြေ္ဒသိက္ခာရှိဖို့ တော့လိုတယ် ။ဒါပေမဲ့သူများလုပ်တိုင် ခံဖို့မဟုတ်ဘူး။ လိင်ဆက်ဆံတဲ့ကိစ္စဟာ နောင်တချိန် မှာ ကိုယ်ရဲ့ကျန်းမာရေး ၊ လူမှုရေးကိစ္စတွေကို ကြီးမားစွာထိခိုက်နိုင်ပါတယ်။ ဒီတော့ လိင်ဆက်ဆံတော့မယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာ ( မလိုချင်ပဲ ကိုယ်ဝန်ရ တာ ၊ HIV/AIDS ၊ တခြားလူမှုရေးပြဿနာ) တွေကို စဉ်းစားပြီး လိုအပ်ရင် ငြင်ပယ်တာ ၊ ရှောင်ရှားတာ ၊ ကာကွယ်တာတွေကို လုပ်ရပါမယ် ။ လိင်ဆက်ဆံတယ်ဆိုတာက နှစ်ဦးသဘောတူမှ ရတာမို့ အားနာ ၊ ရှက်ရွံ့တာ ၊ ကြောက်လန့်တာတွေ မဖြစ်ပါနဲ့။

မိန်းကလေးတိုင်း လိင်အကြောင်း ပြောတာ၊နားထောင်တာ၊လေ့လာတာဆိုရင် ရှက်ဖို့ကောင်းတယ်လို့ ကိုယ့်ဟာကိုယ်ထင်နေကြတယ်။ လိင်ဆက်ဆံတယ်ဆိုတာ လူတိုင်း တနေ့ ကြုံတွေ့ရမှာမို့ လိင်ဆက်ဆံလို့ဖြစ်လာနိုင်တဲ့ အကျိုးအကြောင်းတွေ ၊ ကြိုတင်သိထား ၊ လေ့လာထားမှ တွေ့ကြုံလာတဲ့အခါ အန္တရာယ်တွေ၊ ဆိုးကျိုးတွေကိုရှောင်နိုင်မှာပါ။

ကိုယ်နဲ့ ကိုယ့်ရဲ့ လိင်ဆက်ဆံဖက်မှာ အရင်က အပြုအမူတွေကြောင့် ရောဂါရှိမှန်း မသိခဲ့ရင်တောင် ကွန်ဒုံးသုံးတဲ့အတွက်ကြောင့် ရောဂါမကူးနိုင်တော့ဘူး။ ကွန်ဒုံးသုံးတာဟာ ကိုယ်ရဲ့ ရည်းစား ၊အိမ်ထောင်ဖက်ရဲ့ ကျန်မာရေး ကိုရော ၊မိသားစုစီမံကိန်း ကိုရော ဂရုစိုက်ရာ ရောက်ပါတယ်။ ကွန်ဒုံးသုံးတာဟာ လိင်ဆက်ဆံတဲ့အခါ ခံစားမှု နည်းနည်းလေးလျော့သွားနိုင် ပါတယ်။ခံစားမှုနည်းနည်းလျော့သွားတော့ ဆန္ဒပြည့်ဝဖို့ (orgasm) ဖို့အချိန်နည်းနည်းပိုကြာ မယ်။

သူ့ကိုသုံးရင်တော့ တခြားချောဆီမလိုဘူး။ ထပ်ထည့်ရင် ကွန်ဒုံးပေါက်ပြဲနိုင်တယ်။ သူ့ကိုသုံးပြီးဆက်ဆံရာမှာ မိန်းကလေးက ပူတယ်၊နာတယ်ဆိုရင် ကွန်းဒုံးမှာ ချောဆီ ပါတာနည်းလို့ ၊ ခြောက်သွားလို့ ဖြစ်နိုင်တယ် ။ ကွန်းဒုံးအမျိုးအစားမကောင်းရင် ၊ နေပူထဲမှာထားရင်၊ ရက်လွန်နေတဲ့ ကွန်ဒုံးတွေဆိုရင်၊ ကွန်းဒုံးအိတ်ပေါက်ပြဲနေမယ်ဆိုရင် ချောဆီခန်းတာ ၊ မလုံလောက်တာတွေဖြစ်လို့ ပူတာ၊နာတာတွေဖြစ်နိုင်တယ်။

အပျိုတယောက်က ကွန်းဒုံးဝယ်ဖို့ ၊ဆောင်ထားဖို့ ခက်ပါတယ် ။ အဲ အပျိုလေးကလိင် ဆက်ဆံမှုရှိပြီဆိုရင် ကိုယ်မလိုချင်တဲ့ဆိုးကျိုးတွေရှိတယ် ဆိုတာကြိုတင်စဉ်းစားသင့်ပါတယ်။ အပျိုမို့ ကွန်းဒုံးဆောင်ဖို့ ၊သုံးဖို့၊ရှက်တယ်၊ခက်တယ်ဆိုရင် နောင်ဖြစ်လာမဲ့ဆိုးကျိုးတွေကို နှိုင်းဆပြီး ဆောင်ထားသင့်ပါတယ်။

တချို့ရည်းစား၊အိမ်ထောင်ဖက်တွေက ကွန်ဒုံးသုံးရင် အထင်လွဲတတ်ကြတယ် ။ သံသယ၀င်ပြီး စကားများတတ်ကြတယ် ။ကိုယ်နဲ့ ကိုယ့် လိင်ဆက်ဆံဖက်ကို အပြန်အလှန် ရောဂါမကူးဖို့ ၊သာယာပျောရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးရဖို့ ၂ ဦး ၂ ဖက် ကွန်ဒုံးသုံးဖို့ နားလည်လက်ခံရပါမယ်။ကွန်းဒုံးဆောင်တာဟာ ပွေတတ်ရှုပ်တတ်သူတွေရဲ့ သက်သေခံမ ဟုတ်ပါဘူး။ သူ့ကိုမသုံးပဲပွေတဲ့သူတွေအများကြီးရှိပါသေးတယ်။အမျိုးသားသုံး ကွန်ဒုံးတွေကို အမျိုးသမီးတွေလည်းသိထားသင့်တယ် ။ အမျိုးသားက ကွန်ဒုံးသုံးဖို့မသိရင်၊ နားမလည်ရင်၊ အသုံးမချတတ်ရင်လည်း အမျိုးသမီးကကွန်ဒုံးသုံးဖို့ စည်းရုံးနိုင်သလို ၊ သုံးပုံသုံးနည်း ကိုလည်းပြသပေးနိုင်တယ်။ သူကမသုံးချင်ရင်တော့ ကိုယ်က အမျိုးသမီးသုံး ကွန်းဒုံးကို သုံး နိုင်ပါတယ်။

ကာလသားရောဂါအကြောင်းမသိသေးတဲ့သူတွေအတွက် မှီညမ်း ရေးသားထားတာပါ။

ဒီစာကိုဖတ်ပြီး အကျိုးရှိနိုင်ကြပါစေ။

အကျယ်ဖတ်ရန်...

Wednesday 11 July 2007

အထီးကြီးကျန်နေတယ်

အထီးကျန်တယ်။တယောက်ထဲနေရတာ တော်တော်အထီးကျန်တယ်။ ကိုဂျက်က အထီးကြီးမို့ အမဘယ် လိုကျန်မှာလည်းလို့ မမေးနဲ့။ ဒီဂျူလိုင်လ ၀င်ကတည်းက ညစ်နေတာ။ အမေက ၈ ရက်နေ့ သူ့သမီးတွေရှိတဲ့ စလုံးကိုသွား မယ်ဆိုပြီး ၀ယ်လိုက်တဲ့ ရိက္ခာ၊ ပို့လိုက်ရတဲ့ နေရာစုံ ။ အဲဒီကြားထဲ သောက်ဖော် ၊သောက်ဘက် ၊ ဆိုးတူ ၊ ကောင်းဘက် ရောင်းရင်းတယောက်ကလည်း ရုတ်တရက် စလုံးကို ၇ ရက်နေ့သွားမယ်ဆိုတော့ ကိုတတ် နိုင်တာလေးတွေလုပ်ပေးရနဲ့ ။ ဟော ၅ ရက်နေ့ကျတော့ ကန်တော်လေးမှာရှိတဲ့ ရောင်းရင်းတယောက် အမေဆုံးတော့ ညဖက်ကြီး သွားတွေ့ရသေးတယ် ။

ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ အချိန်သာကုန်သွားတယ် ။ blog လည်းမရေးရ ။ အချိန်ရတုန်းရေး မယ်ဆိုတော့လည်း ကိုနတ်ရှင်က ဒုက္ခပေးနေလို့ မရေးဖြစ် ။ ၈ ၇က်နေ့ကျတော့ မနက် ၇ နာရီလောက် အမေ့ကို လေဆိပ်လိုက်ပို့ ။ အိမ်နဲ့ လေဆိပ်နဲ့ က နာရီဝက်လောက်မောင်းရတယ် ။ သိတဲ့ အတိုင်း ကားကပြည်တွင်းဖြစ်ဆို တော့ မြှောက်ကြွမြှောက်ကြွ နဲ့ မို့ ဖြည်ဖြည်း မောင်းနေရတယ် ။ လေဆိပ်ရောက်တော့ အရင်နေရာဟောင်းမှာပဲ ၀င်ရမယ်ထင်နေတာ အသစ်ပြောင်းသွးပြီဆိုလို့ လိုက်ရှာရသေးတယ် ။ လေဆိပ် အသစ်ကတော့ နိုင်ငံတကာ အဆင့် မှီပဲ ။ မမှီတာကတော့ ၀င်ခွင့်လက်မှတ်နဲ့ လက်နက်ကိုင် အစောင့် ။ ကိုဂျက်က နိုင်ငံခြားစစ် ကားသာကြည့်တာ ။ လက်နက်ကိုင်ထားတွေ့ရင် ရင်ခုန်သံ နည်းနည်း မြန်တယ် ။

နယ်မှာရှိတဲ့ ဖခမည်းတော်က phone နဲ့ဆက်ပြီး မယ်တော်ဘုရားကို လေယာဉ်ထွက်တဲ့ အထိစောင့်ပါဆို လို့ စောင့်နေရသေးတယ် ။ အဲပြန်လို့ရပြီဆိုတော့မှပဲ ပြန်တော့တယ် ။ ဒါတောင် ကားပေါ်တက်တုန်းရှိသေးတယ်။ ဘဏ်ချလန်တောင်းလို့ ရှာပြီးပြန်လာပို့ပါဆိုလို့ အိမ်ပြန်ပြေး ၊ အဖဆီ သတင်းပို့ ၊ ဆိုင်ရာ ပိုင်ရာတွေရဲ့ အကြံဥာဏ် တွေကို ၁၅ မိနစ်အတွင်းတောင်း ၊ အိမ်မှာရှာပြီး လေယာဉ်ကွင်းပြန်ပြေး ၊ ဟိုရောက်တော့ ကားပါကင်ထိုးပြီး အဆင်း phone ၀င်လာတယ် ။ ချလန်မလိုတော့ဘူးတဲ့ ။ နာရီကြည့်လိုက်တော့ ၉ နာရီထိုးတော့မယ် ။ ဒါနဲ့ အလုပ်တိုက်ကို ပြန်ပြေး ၊ ဆိုင်ရောက်တော့ customer တွေလိုတာလိုက်လုပ်နေရင်းနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းက အချက်ပေးလာတယ် ။ နာရီကြည့်လိုက်တော့ ၁ နာရီ ထိုးတော့မယ် ။ အိမ်ပြန်ပြေးပြီး ထမင်းစား ၊ ပြီးတော့ အလုပ်တိုက်မှာ နေထိုင်စားသောက်ဖို့ ၁လစာ အ၀တ်အစား နဲ့ စားစရာ အခြောက်အခြမ်းတွေကို ထုပ်ပိုးပြီး အိမ်ပေါ်ကဆင်းလာတယ် ။ သွားပြီ ။ အမေ လည်း အိမ်မှာမရှိ ။ အဖေကလည်းနယ်မှာ အစိုးရတာဝန်နဲ့နေတာ ၁၀ နှစ်ကျော်ပြီ ၊ အမနဲ့ ညီမကလည်း စလုံးမှာ ။ ရန်ကုန်မှာရှိနေတဲ့ ကိုဂျက်တို့သားအမိကလည်း တယောက် တနေရာ ။ အမေက ရန်ကင်း ၊ သားက တာမွေမှာ။ မနက်ကိုဂျက်အလုပ်သွားရင် အမေက မနိုးသေး ၊ ညပြန်လာ တော့လည်း အမေက အိပ်နှင့်ပြီ ။ စောစော ပြန်လာတဲ့နေ့တွေကျတော့ ကိုဂျက်ထမင်းစားရင် ဘေးမှာ အမေက ထိုင်စောင့်ပေးနေကြ။ သူတို့တွေအခုမရှိတော့ ကိုဂျက်လည်း အလုပ်တိုက်ကိုပြောင်းနေပြီလေ။

တနေကုန် customer တွေစိတ်ကြေနပ်အောင် ဆက်ဆံရ။ ဂဂျီဂဂျောင် ကျတဲ့ customer တွေကို စိတ်ရှည်ရနဲ့ ၊ တချို့ customer တွေက ကလေးတွေလိုပဲ ။ အစအဆုံး လိုက်ပြီး ၀န်ဆောင်မှုပေးရနဲ့ ။ ဒီကြားထဲ သိထားတဲ့ ပညာလေးတွေကို ပြန်သင်ပေးရသေးတယ်။ ၁ ရက် ၂ ရက်ဆိုရင် ဒီလိုလုပ်ပေးရတာ ပင်ပန်းမှန်း မသိသာဘူး ။ နားရက်မရှိ တရက်တရက် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းပြီးရင် လူက မျှော့မျှော့ပဲ ကျန်တော့တယ် ။ လူကမနားရတော့ ၁ခါ ၁ခါ ဘာမဟုတ်တာလေးနဲ့လည်း စိတ်တိုတတ် ။ ထွက်ပေါက်တခုခု ရှာချင်သလိုဖြစ်လာတယ်။ ဒီကြားထဲ ညညဆို ထမင်းစားပြီး အစာကျေတဲ့အထိမစောင့်နိုင်လို့ အစာကျေ ဆေးစားပြီး အိပ်လိုက်လို့်ဗိုက်ကပူလာလိုက်သေးတယ် ။ တချို့ customer တွေက မှုန်ကုပ်နေတဲ့မျက်နှာ ၊ အသား မည်းမည်း ၊ ဗိုက်ပူပူ ၊ လူကောင်ကြီးကြီး၊ ရီလိုက်ရင် သွားသေးသေးလေးပဲမြင်ရတဲ့ ကိုဂျက်ကို ဒီကောင်ဘာ ကောင်လည်းဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်သွားကြသေးတယ် ။

ဟိုးတုန်ကဆိုရင် ကိုဂျက် စိတ်ညစ်ရင် အဖေက အရက်တိုက်နေကျ ။ ကိုဂျက် တဟားဟား ရီနေရင် ရေချိန်ကိုက်မှန်း အဖေကသိပြီ ။ ဒါဆို သွားအိပ်တော့ပဲ ။အဖေမရှိရင် ရောင်းရင်းတွေနဲ့ သွားသောက် ။ အဲ့လိုမှ မလုပ်ရင် စိတ်တွေက မကြည်မလင်ဖြစ်ပြီး customer ကိုဆက်ဆံရတာ အဆင်မပြေတော့ဘူး ၊တခါတခါ စိတ်ကို လွှတ်ပေးတဲ့သဘောပါ ။ ကိုက စီးပွားရေးလုပ်နေတာဆိုတော့ အနေအထိုင်ဆင်ခြင်၇တယ် ။ မဆင်ခြင်ရင် စီးပွားရေးကျဆင်းတတ်တယ် ။ ဘုရားတရားလည်းမြဲရတယ် ၊ တရားလည်းထိုင်ရတယ် ။ ဒါကြောင့် ကိုဂျက်တို့က သောက်ကားသောက်၏ ။ သို့သော် မဟုတ်တာ ဘာတခုမှမလုပ် ။

ဒီလို လုံးချာလည်နေတဲ့ ဘ၀ ကို မကြိုက်သော်လည်း လက်ထပ်ယူခဲ့ပြီးပြီ ။ မပျော် ပျော်အောင် နေခဲ့ပေမဲ့ ကိုဂျက် ရောင်းရင်းတွေအကုန် နိုင်ငံခြားရောက်ကုန်ပြီ ၊ ခုလည်း အမေက သွားပြန်ပြီ ၁လ ။ အဖေကလည်း အမေမရှိတော့ ပြန်မလာ။ အလုပ်လုပ်နေရရင် လူကဘာမှ မသိလိုက်ပေမဲ့ ထမင်းစားတဲ့အချိန် ၊ တနေ့တာနားတဲ့ အချိန် တွေမှာ သူတို့ကိုလွမ်းပြီး အထီးကျန်သလို ခံစားနေရတယ် ။ ကိုဂျက်ကလည်း လျှောက်မလည်တတ်တော့ ပိုဆိုး ၊ အလုပ်ကိုပစ်ထားပြီးဘယ်မှ မသွားနိုင်ဆိုတော့ တနေ့ တနေ့ ဒီအလုပ်ထဲမှာပဲ ။ သိပ်လည်းစိတ်ညစ်တယ် ။ ၁ ယောက်တည်း အထီးလည်းကျန်တယ် ။ လူတွေကို ဟန်ဆောင်ပြီး ပြုံးရီပြရတာကိုလည်း စိတ်ညစ်တယ် ။ ဆက်လည်းမညည်းတော့ပါဘူး ။ရင်ထဲက ညစ်တာတွေ ရေးလိုက်တော့ တ၀က်ပေါ့သွားပြီ ။ကျန်တဲ့တ၀က်ကို ဘာနဲ့ ဖြေရှင်းရင်ကောင်းမလဲ ..

အကျယ်ဖတ်ရန်...

Saturday 30 June 2007

F.R.C

ဘာသာရေး စာပေတွေ မဖတ်ရတာ တော်တော်လေး ကြာနေပြီမို့ စာအုပ်စင်လေးမှာ ဘာစာအုပ်များရှိမလဲလို့ရှာကြည့်မိတယ် ။ ရန်ကုန်ကက်သလစ် သာသနာပိုင်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်ဘို ရဲ့ တင်းတိမ်ရောင့်ရဲတတ်ရမယ် ဆိုတဲ့ စာအုပ်ကလေးကို ပထမဆုံးတွေတော့ သြော် ဘုရားသခင်က ကိုဂျက်ကို တခုခု ပြောစရာရှိလို့ ဒီစာအုပ်ကို ဖတ်ခိုင်းတာနဲ့တူတယ်ဆိုပြီးဖတ်ဖြစ်လိုက်တယ် ။ ဒီဆရာတော်က ကိုဂျက် တို့နဲ့ ရင်းရင်းနှီးနှီးရှိ တယ် ။ အပြောကောင်း အဟောကောင်းတယ် ။ အရမ်းလည်းကြိုးစားတယ် ။

ပထမဆုံးဖတ်ဖြစ်တာက CAT Philosophy ။ အသင်းအဖွဲ့တွေ ၊ မိသားစုတွေ ဘယ်လို စည်းလုံးညီညွတ် ရမယ် ဆိုတာကိုရေးထားတယ် ။

ကြောင်မလေးတကောင်က ကောလိပ်မှာ CAT Philosophy နဲ့ကျောင်းပြီးထားတယ် ။ တနေ့တော့ ကြောင်မလေးက သူ့အမြီးကို ပါးစပ်နဲ့ လိုက်ဟတ်ပြီး ပတ်ချာလှည့်ဆော့နေတယ်။ ဒါကို သူ့အမေက ဘာလုပ်နေတာလဲလို့မေးတော့ ကြောင်မလေးက CAT Philosophy ကျင့်နေတာလို့ပြောလိုက်တယ် ။ သူ့အမေက CAT Philosophy ဆိုတာဘာလဲ တဲ့ ၊ ဒါနဲ့ သူက ကြောင်တကောင် အတွက် အရေးအကြီးဆုံးအရာဟာ ပျော်ရွှင်ခြင်းတဲ့ ၊ အဲ့ဒီပျော်ရွှင်ခြင်း ကလည်း ကြောင်ရဲ့ အမြီး မှာရှိတယ်တဲ့ ။ Human Philosophy မှာ လည်းဒီလိုဘဲ ကျွန်တော်တို့ ပျော်ရွှင်တာ ၊ စိတ်ညစ်စရာတွေဟာ ကျွန်တော်တို့ဆီမှာပဲရှိတယ့်။ ဟုတ်တာပဲ ကျွန်တော်တို့ ပျော်ချင်ရင် ကြံဖန်ပြီး ပျော်လို့ ရသလို ၊ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကိုလည်း အချိန်ကုန်ခံပြီးစိတ်ညစ်လို့ရတာပဲ ။ ဒီလိုပဲ စည်းလုံးညီညွတ်ခြင်း ၊ စည်းလုံးညီညွတ်ခြင်းကို ဖျက်ဆီးနိုင်တဲ့ အရာအားလုံးဟာ ကျွန်တော်တို့ရင်တွင်းမှာ ပဲရှိတယ်။

စည်းလုံးညီညွတ်ခြင်းကိုတည်ဆောက်ပေးနိုင်တဲ့ (F.R.C) ဆိုတဲ့အချက်သုံးချက် နဲ့ စည်းလုံးညီညွတ်ခြင်းကို ပျက်စီးစေတတ်တဲ့ (F.R.C) ဆိုတဲ့အချက်သုံးချက် ကိုလည်းပြောပြ ထားသေးတယ် ။

ပထမအချက်က အခွင့်လွှတ်ခြင်း (F – Forgiveness) ။ အသင်းအဖွဲ့တွေ စည်းလုံးခြင်းရှိဖို့ အခွင့်လွှတ်ခြင်းကို ခု ၊ ဆယ် ၊ ရာ ထောင်ချီအောင် ပေးဆက်မှုပေါ်မူ တည်တယ်တဲ့ ။ အခွင့်လွှတ်ရုံသာမကဘူး “Healing of memory” နာကျည်း၊မုန်းတီးတာတွေ ကို သတိရနေတာတွေလည်း ကုသရမယ် ၊ ဆုပ်ကိုင်မထားနဲ့ အဝေးကို လွင့်ပစ်လိုက်တဲ့ ။ “Let go Spirituality” ဆိုတဲ့အတိုင်း လက်တွေကိုဖြေလျှော့လိုက် ၊ မကျေမနပ်ဖြစ်နေတာ တွေကို ပင်လယ်ထဲကို မျှောချလိုက်။ ကြောင်ရဲ့ပျော်ရွှင်ခြင်းဟာသူ့ရဲ့ အမြီး မှာရှိသလို အခွင့်လွှတ်ခြင်းဟာလည်း လူသားတွေအတွင်းမှာပဲရှိတယ်တဲ့။

မိမိကိုယ်ကို မျိုးချစ်စိတ်ရှိတယ်ဆိုပြီး သူတပါးကိုမုန်းတီးတာ ၊ ခါးသီးစွာအငြိုးထားတာ ၊ စက်ဆုတ်ရွံရှာတာဟာ မျိုးချစ်စိတ်မဟုတ်ဘူး ၊ အခွင့်မလွှတ်နိုင်ခြင်းပဲ။ ဒီလို စိတ်ထားတွေ ဟာ တင်းကျပ်ချုပ်နှောင်မှုကို ဖြစ်စေရုံမက ဦးဏှောက် မှာ အကြိတ်ပေါက်တဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ်တဲ့။

ဒုတိယအချက်ကတော့ ရိုသေတတ်ခြင်း (R – Respect) ။ ဒါကတော့ လူတယောက်နဲ့တယောက်တွေ့ရင် “နေကောင်းလား” ၊ “မင်္ဂလာပါ” ၊ “ဦးလေးစားဖို့ အသီးတွေဝယ်လာတယ်” အဲ့ဒီလိုလေးနှုတ်ဆက်သင့်တယ့် ။ ကြားရသူအတွက်လည် ကြည်နူးဝမ်းသာ တန်ဖိုးလည်းရှိတယ် ။ “အပိုတွေ မလိုအပ်ဘူး” ၊ “နေ့တိုင်း တွေ့နေတာတောင် ဘာကြောင့်နှုတ်ဆက်နေရတာလဲ” ။ ဒီလိုနှုတ်ဆက်လိုက်တာဟာ “Symbols of respect” ရိုသေခြင်း ၊ ချစ်ခြင်း ၊ ညီညွတ်ခြင်းတွေရဲ့ သင်္ကေတ ဖြစ်လို့ပဲ ။ တခါတရံမှာ လူသားတွေဟာ တဖက်သားရဲ့ ရိုသေလေးစားမှုကို အသိအမှတ်ပြုဖို့ လစ်ဟင်းတတ်တယ် ။ လပေါင်းများစွာ ကြာပြီးမှ မိသားစုတွေ တယောက်နဲ့တယောက် ပြန်တွေ့ရပေမဲ့ အေးအေးစက်စက် နဲ့ အသက်မပါသလို ၊ အသိအမှတ်ပြုဖို့ ၀န်လေးနေတတ်ကြတယ်။ဒီလိုအကြာကြီး ခွဲပြီးမှ ပြန်တွေ့ကြရင် အားပါးတရနှုတ်ဆက်တာ ၊ ပျော်ရွှင်စွာ ဟစ်အော်ရယ်မောလိုက်တာ ၊ အားရပါးရနမ်းရှံ့သင့်တာတို့ လုပ်သင့်တယ်။ သူတပါးကိုရိုသေတတ်ခြင်းဟာလည်း မိိမိထံမှာပဲ ရှိနေတယ်တဲ့။

စည်းလုံးညီညွတ်ခြင်းကို ခိုင်မာတည်ဆောက်ပေးတဲ့ တတိယ အချက်က ဘုရားကို အာရုံပြုခြင်း (C-Contemplation) တဲ့။ ဘုရားကိုအာရုံပြုတတ်တဲ့သူဟာ သူတပါးအပေါ်မှာ လည်း အာရုံပြုတတ်တယ် ။ Contemplation ဆိုတာက ဘုရားကို အချိန်ပေးတာ ၊ ရေမြှုပ်က ရေကို စုတ်ယူသလို မိမိတို့ကလည်း ဘုရားကို စုတ်ယူရမယ်၊ ဘုရားရဲ့ လမ်ညွှန်မှုကို ခံယူရမယ် ။ ဒီလိုလူမျိုးဟာ သူတပါးကိုသနားတတ်ပြီး ဘုရားစိတ် တရားစိတ်ရှိတယ်တဲ့။ မိမိမှားသလို သူတပါးလည်း မှားတတ်တယ် ၊၊ ဒါကြောင့်သနားတတ်ရမယ်။ သနားတတ်သူတွေဟာ မင်္ဂလာရှိတယ် ။ သနားတတ်တဲ့ အသင်းအဖွဲ့တွေက စည်းလုံးညီ ညွတ်ခြင်းရှိလာနိုင်တယ်။ အခြေနေမျိုးစုံပေါ်မူတည်ပြီး အတွင်းစိတ်ရဲ့ စစ်မှန်တဲ့ သနားခြင်းမျိုးလည်းဖြစ်ရမယ် ။ ဒီလိုသနားတတ်တာလည်း ကျွန်တော်တို့ ထံမှာပဲရှိနေတယ်တဲ့။

ဒါက စည်းလုံးညီညွတ်ခြင်ကို ခိုင်မာစေတဲ့ (F.R.C) ။ စည်းလုံးညီညွတ်ခြင်ကို ပျက်စီးစေနိုင်တဲ့ (F.R.C) လည်းရှိသေးတယ်။ ပထမဆုံးအချက်မှာပဲ (F- Fight & Flight) ဆိုပြီး နှစ်မျိုးရှိတယ်။

(F - Fight) ဆိုတာက အစွန်းရောက်နေသော ရန်လိုစိတ်ဓတ် ။ အငြင်းပွားမယ် ၊ တိုက်ခိုက်မယ် ၊ ထိုးကြိတ်မယ် ၊ အနိုင်အရှုံးတွက်ပြီး ရန်ပွားမယ်ဆိုရင် စည်းလုံးခြင်းနဲ့ ဝေးကွာသွားလိမ့်မယ်။ (F- Flight) ကတော့ ထွက်ပြေးခြင်း ။ ရှောင်လေလေ ဝေးလေလေ ၊ ဝေးလေလေ ကောင်းလေလေ ဆိုတဲ့ အမျိုးအစား ။ သူနဲ့တွေလျှင် ရန်ဖြစ်ရမယ် ၊စကားများရမယ် ။ ဒါကြောင့် မတွေ့ချင် ၊ မမြင်ချင် ၊အတွေ့မခံပဲ ရှောင်ပုန်းနေခြင်းမျိုး ။ အတူတကွ ဆုံစည်းပြီး ပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ ရှောင်ပုန်းနေတာမျိုးကိုခေါ်တာ။ အသင်းအဖွဲ့တွေမှာ ရန်ဆောင်တာ နဲ့ ရှောင်ဖယ်နေတာဟာ စည်းလုံးညီညွတ်ခြင်းကိုပျက်စေ နိုင်တယ် ။

နောက်တခုက (R-Revenge) ကလဲ့စားချေခြင်း။ လက်စားချေတတ်တဲ့စိတ် ၊ အခွင့်မလွှတ်တတ်သေးသော စိတိဓတ်ရှိနေသရွေ့တော့ အသင်းအဖွဲ့တွေ ၊ နိုင်ငံ တွေမှာ ၊ အသိုင်းအ၀ိုင်းတွေမှာ ငြိမ်သက်ခြင်းရှိမှာ မဟုတ်ဘူး။ လက်စားချေလိုတဲ့ စိတ်ရှိနေသရွေ့ လောကတခုလုံးဟာ (A passion like Hell.) ဆိုတဲ့အတိုင်းဖြစ်နေမယ် ။ လက်စားချေလိုတဲ့ စိတ် ဟာ ဘယ်သူမဆို တွေးရုံနဲ့ အလွယ်တကူ ပေါ်ပေါက်လာနိုင်တယ်။

နောက်ဆုံးတချက်က (C-Chatter Box) စကားများခြင်း ။ စကားများ ၊ လေပေါပြီး သူများအတင်းအဖျင်းပြောတာ ကို ခေါ်တာ ။ အသင်းအဖွဲ့တိုင်း အဲ့ဒီရောဂါရှိတယ် ။ လူတယောက် အတင်းကို တဦးကနေ တဦးကို ပြောတယ် ၊ တဖွဲ့အတင်းအဖျင်းကို တခြားတဖွဲ့ကပြောတတ်ကြတယ်။ တယောက်ကစ မြို့တွေ၊နယ်တွေအထိပြောကြတယ်။ အပြောခံရသူ တယောက်အနေနဲ့ ဘယ်လိုမှခုခံပိုင်ခွင့်မရှိ ။ဘယ်လိုမှ မကာကွယ်နိုင် ။ တကယ်တော့ အတင်းပြောတယ်ဆိုတာက အကြမ်းဖက်ဝါဒ၊ ယုတ်မာသောစိတ်ဓာတ် ၊ မတရားသောရက်စက်မှုပင်ဖြစ်တယ် ။အကြီးနဲ့အငယ် ၊ အာဏာရှိသူနဲ့ မရှိသူ ၊ လူကြီးနဲ့ လူငယ် တွေရဲ့ကြားမှာ အတင်းအဖျင်းပြောဖို့ အရမ်းလွယ်ပါတယ် ။

ရန်ဖြစ်မလား ၊ ရန်ရှောင်မလား ၊လက်စားချေမလား ၊ သူများကို အတင်းပြောမှာလား ။ ဒီအရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အထဲမှာပဲရှိတယ် ။ ဘယ်နေရာကိုရောက်ရောက် ၊ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဒီ ၃ ချက်က စည်းလုံးခြင်းကို တည်ဆောက်လို့ ရမှာမဟုတ်ဘူး။

တဦးကို တဦးကိုအခွင့်လွှတ်တာ ၊ ရိုသေတာ ၊ သနားကြင်နာတတ်တာတွေဟာလည်း ကျွန်တော်တို့ရဲ့ အထဲမှာပဲရှိတယ် ။ ဒါတွေကတော့ စည်းလုံးညီညွတ်စေမယ့် အချက်တွေပါပဲတဲ့ ။

ကိုဂျက်လည်း ဒါလေးဖတ်ပြီး တော်တော်နောင်တရပါတယ် ။ အရင်က ဖတ်ပြီးပေမဲ့ ဘာကို ပြောချင်တာဆိုတာကို သိပ်သဘောမပေါက်ခဲ့ဘူး ။ ခုတော့ အတွေ့အကြုံတွေအရ ၊ ပတ်ဝန်းကျင်မှာ ဖြစ်နေတာ လေးတွေနဲ့ ယှဉ်ပြီး နားလည်သွားပြီ ။ ဒါပေမဲ့ လူသားတယောက် အနေနဲ့ ကိုယ်တိုင်တော့ အားလုံးကို လိုက်နာနိုင်ဖို့ ခဲယဉ်းတယ် ။ မဖြစ်ဘူးဆိုတာတော့ မရှိဘူး ၊ မဖြစ်သေးတာပဲရှိတာ ။ ကိုဂျက်ကြိုက်လို့ ဒါလေးကို တင်လိုင်တာ ။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပေးပါ လို့ ကြိုတင် တောင်းပန်ပါရစေ။

အကျယ်ဖတ်ရန်...

Monday 25 June 2007

ချစ်တယ်မီးရယ်

အမ မယ်လိုဒီ ရဲ့ ညည်းချင်လို့ပါ ဖတ်ပြီး ကိုဂျက်လည်း ညည်းချင်လာတယ် ။

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကတည်းက မီးပျက်လာလိုက်တာ ၂၀၀၇ လည်းရောက်ရော မီးပျက်ချိန်ဟာ စံချိန်ကျိုးလာပါတယ် ။ မီးလာလျှင်လည်း ဘာမှသုံးမရ ။ ၁၉၉၀ ခုနှစ် ကိုဂျက် ၂တန်းအရွယ် ရန်ကုန်ရောက်စကဆို မီးတော့ သိပ်မပျက်ဘူး ။ မီးအားအရမ်းနည်းတယ် ။ မီးချောင်းတွေက ရိုးရိုးချုပ်တွေဆိုတော့ မီးအ၀င် ၂၀၀-၂၂၀ V မရှိရင် မလင်းဘူး ။ အဲ့ဒီတုန်က မီးအ၀င်က ၆၀-၈၀ V ရှိတော့ ၆၀W မီးလုံးနဲ့စာကျက်ရတယ် ။ ဒါတောင် တခါတခါ မီးက ခရမ်းချဉ်သီး လောက်ဘဲ လင်းလို့ ဖယောင်းတိုင်နဲ့ဘဲစာကျက်ရတယ်။

ဒီတုန်းက လူတွေအားလုံး ရေရှည်မီးပျက်မယ်ဆိုတာ ဘယ်သူမှ မသိလို့ ၂နှစ်ကျော်ကျော် အမှောင်ထဲနေခဲ့ကြရတယ် ။ နောက်တော့ လူတွေက အသိဥာဏ် မြင့်လာကြတော့ မီးမြှင့်စက်တွေသုံး ၊ အော်တိုချုပ်တွေသုံး ၊ မီးတွေခိုးသွယ် ၊ အဲ့ဒီလို ကိုယ်ထူကိုယ်ထလုပ်လိုက်ကြတာ ကိုဂျက်တို့ရပ်ကွက် မီးပြန်လင်းလာ တယ်။

မီးတွေလင်းလာလိုက်တာ ၊ ပျော်လို့တောင်မဆုံးသေးဘူး သူကအချိုးပြောင်း သွားတယ် ။ မီးကနည်းနည်းကြီးကျယ်လာတယ် ၊ သူဟာသူ လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန် ဘယ်သူ့ကိုမှ အသိမပေးတော့ဘူး ။ လူတွေကလည်း မီးမလာတာ နေမကောင်းလို့လားဆိုပြီး EPC ကိုမေးရော ၊ မီးရဲ့လက်အောက်ခံ ၀န်ထမ်းတွေက သူတို့မသိကြောင်းပြောတော့ လူတွေဘာမှမတတ်နိုင်ကြဘူး ။ နောက်တော့ မီးလေး မလာရင် လူတွေက EPC ကိုဆက်ပြီး မီးလေးနေကောင်းစေဖို့ မေတ္တာပို့ကြတယ် ။ အဲ့ဒီတုန်က လမ်းဘေး PCO phone တွေမရှိသေးဘူး ။Phone ရှိတဲ့ လူတိုင်း မီးလေးနေကောင်းစေဖို့ phone ဆက်ပြီး မေတ္တာပို့ကြတယ် ။

နောက်တော့ မီးကတော်တော်နေမကောင်းဖြစ်လာလို့ ကိုဂျက်တို့၈ -၉တန်း မှာ inverter တွေသုံးလာကြတယ် ။ ဒါလည်း သိပ်အဆင်မပြေဘူး ။ အသစ်တုန်းက အသုံးခံပေမဲ့ ကြာတော့ battery က အားနည်းလာတယ်။ဒါကြောင့် မှောင်မြဲမှောင် နေပြန်ရော။

၁၀ တန်းလည်းရောက်ရော ပိုက်ပိုက်ရှိတဲ့လူတွေက လက်ဆွဲမီးစက် လေးသုံးလာကြတယ် ။ သူကျမှဘဲ မီးကိုဂရုစိုက်စရာမလို တော့ဘူး။ ဒါနဲ့ကိုဂျက် တို့ရပ်ကွက် ထဲမှာ မီးစက်သံနဲ့ ဆူညံနေပါရော ။ လူတွေက မီးစက်ကိုသိပ်ချစ်တယ်။ ဒါပေမဲ့ သူ့ကိုဘယ်လိုယုယရမလဲဆိုတာ မသိကြဘူး ။

အင်ဗာတာတွေ ၊ မီးစက်တွေ မသုံးခင်က ဖယောင်းတိုင်ကိုသုံးကြတယ် ။ ဖယောင်းတိုင်သုံးတုန်က မီးလောင်တဲ့ သတင်းအမြဲကြားရတယ် ။ ဟော အင်ဗာတာ တွေသုံးတော့ရော ၊ ဘာထူးလည်း မကောင်းသတင်းကကြားမြဲ ကြားရတာဘဲ ။ Battery အက်ဆစ်ဖြည့်တာ ဖယောင်းတိုင်နဲ့ ကြည့်ပြီးဖြည့် လို့ ပေါက်ကွဲတာကတမျိုး ၊ battery အမျိုးအစားညံ့လို့ ပေါက်တာတမျိုး အမျိုးမျိုးကြား နေရတယ်။

အဲ မီးစက်ကြတော့ရော…။ ကောင်းတာတွေတော့ သိပြီးသားပါ။ လွန်ခဲ့တဲ့ ၇ နှစ၊် ၁၀ တန်း ကျောင်းသားဘ၀က အဖြစ်အပျက်တခုပါ ။ ဒီတုန်းက လက်ဆွဲ မီးစက်တွေ ပေါ်တာမကြာသေးဘူး ။ မိန်မတွေတောင် မနိုင် ၊ နှိုးနိုင် ၊ တိုက်ခန်း တွေမှာ သုံနိုင်တာဆိုတော့ လူကြိုက်များတယ် ။ ကိုဂျက် သူငယ်ချင်းတယောက် သူ့မှာ ညီအငယ်ဆုံးတယောက်ရှိတယ် ။ သူတို့က ညီအကို ၂ ယောက်ဘဲရှိတာ ။ အသက်ကလည်း ၁၀ နှစ်ကျော် ကွာတာဆို တော့ သူ့ညီကိုတော်တော်ချစ်တာ ။

တနေ့ ဒီကောင်ရယ် ၊ သူ့အဖေရယ် ညဘက်အိမ်မှာမရှိဘူး ။ သူ့အမေရယ် သူ့ညီလေးရယ် အိမ်မှာကျန်ခဲ့တာ ။ သူ့အမေကလည်း မီးလည်းမလာ ၊ ပူလည်းပူ အိုက်လည်းအိုက်ဆိုတော့ လက်စွဲမီးစက်ကလေးကို အိမ်နောက်ဖေး မီးဖိုချောင်မှာ နှိုး ၊ မီးခိုးထွက်ဖို့ တခါးလေးဟထားခဲ့တယ် ။ ပြီးတော့မှ အိမ်ရှေ့မှာကလေးကို သိပ်ရင်း အိပ်ပျော်သွားတယ် ။ မနက်စောစောကျတော့ ဒီကောင်ပြန်ရောက်လာ တယ် ။ သူများအိမ်တွေ မီးလာနေပြီ ၊ သူ့အိမ်က ခုထိမီးစက်သံကြားနေရတယ် ၊ နောက်ပြီး ၊ ဘယ်သူမှလည်းတခါးလာမဖွင့်တော့ စိတ်ပူပြီး တခါးကို ဘေးတစောင်းတိုက်ပြီး ဖျက်ဝင်လိုက်တယ် ။ အိမ်ထဲရောက်တော့ မီးခိုးတွေမွှန်နေတယ် ။ အသက်တောင်ရှုလို့မရဘူး ။ အိမ်မှာရှိတဲ့တခါးတွေ အကုန်လိုက်ဖွင့် အမေနဲ့ ညီလေးကိုရှာတော့ ခုတင်ပေါ်မှာ မလှုပ်မရှား။ ဆေးရုံကို အမြန်ပို့တော့လည်း သူ့ညီရဲ့အသက်ကို ကယ်လို့မရတော့ဘူး ။ သူ့အမေကတော့ ၂ ရက်လောက်မေ့နေတယ် ။ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာ သတိမရဘူး ။ သူ့သားသေတာတောင်မသိ ၊ အလောင်းမြေချတာလည်းချက်ချင်းမသိသေးဘူး ။

လေ၀င် လေထွက် နည်းတဲ့ ရန်ကုန်တိုက်ခန်းကျင်းကျင်းလေးထဲမှ မီးစက် ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် မိသားစုတွေ သေကွဲကွဲခဲ့ရတာတွေ ၊ မီးစက်အတွက် ကားကို စက်နှိုးရင်းဓာတ်ဆီထုတ်မိလို့ သေရသူတွေ ၊ လျှပ်စစ်မီးမရှိလို့ gas နဲ့ချက်ရင်း ပေါက်ကွဲလို့ လေးထပ်တိုက် ကနေဆင်းပြေးရတဲ့ သက်ကြားရွယ်အိုတွေ ၊ ဖယောင်းတိုင်နဲ့စာကျက်ရင်းအိပ်ပျော်သွားလို့ အိမ်မီး လောင်သွားတာတွေ ၊ ပြောမယ်ဆို မကုန်နိုင်တဲ့ အဖြစ်အပျက် တွေအ များကြီး ။ လူတွေဘယ်လောက် သတိကောင်း ကောင်း သတိပေါ့တာနဲ့လျှောတာဘဲ ။

၎ ပေ မီးချောင်းတချောင်းချွေတာရင် ၂၀ M W ဓာတ်အားပေးစက်ရုံဆောက် လို့ရတယ်ဆိုလို့ ကိုဂျက်တို့ ရန်ကုန်က လူလတ်တန်းစားတွေ မရှိတဲ့ မီးကို ချွေတာကြသေးတယ် ။ ရန်ကုန်မှာ ဓတ်အားခတွေ တအားလျော့ကျသွားလို့ တမြို့လုံးဝမ်းသာနေကြတယ် ။ မကြာခင် ဓာတ်အားပေးစက်ရုံဆောက်နိုင်တော့ မှာမို့ပါ ။ ဒါပေမဲ့ ကြာကြာဝမ်းမသာနိုင်ဘူး ။ ၂ လ လောက်ကြာတော့ ဓာတ်အားခကနေ ပိုက်ပိုက်အရနည်းလို့ဆိုပြီး မီတာထိန်းသိမ်းစောင့်ရှောက်ခတွေ ၂ ဆ တိုးလိုက်တယ် ။ ဒုန်ရင်း က ဒုန်ရင်းဘဲ ။

ဟော အခု ၂၀၀၇ လည်းရောက်ရော ၊ မြန်မာနိုင်ငံမှာ နှစ် ၁၀၀ ကျော်နေလာတဲ့ မီးလေးက နိုင်ငံခြားကို အရမ်းအထင်ကြီးနေတယ် ။ နိုင်ငံခြားသွားချင်တယ်ဆိုတာကြီးဘဲ ။ သူသာမရှိရင် ကိုဂျက်တို့ တော့ ရင်ကွဲနာကျမှာဘဲ ။ ချစ်တယ်မီးရယ် ၊ မီး အစားနောက်ဆိုရင် inverter တို့ generator တို့ မသုံးဆို မသုံးပါဘူး ။ ကိုဂျက်နဲ့ ရိုးမြေကျ နေပါဆိုတာကို မရဘူး ။ မီးပြောတဲ့ စကားတခွန်းရှိတယ် ။ သူကဒေါ်လာစားတဲ့ ။ သူဒေါ်လာဘဲလိုချင်တယ်ဆိုတော့ ကိုဂျက်လည်း သိပ် စိတ်ညစ်နေတယ် ။

ဒါကြောင့် အမ မယ်လိုဒီလိုပဲ ညည်းလိုက်ချင်ပါ တော့တယ်။

(မည်သူ တဦးတယောက်ကိုမျှ ရည်ညွှန်းရေးသားထားခြင်းမရှိပါ)

အကျယ်ဖတ်ရန်...

Wednesday 20 June 2007

ရေကူးကြမယ်


Bagan မှာ Internet Bill ဆောင်ဖို့ တက္ကသိုလ်ရိပ်သာလမ်းသစ်အတိုင်း စီးတော်ယာဉ်လေးကို မောင်းလာခဲ့တယ် ။ မိုးတွေကလည်း ကိုဂျက်အိမ်ကထွက်ကတည်းကလိုက်လာလိုက်ကြတာ ခရီးတောင်တ၀က် မကျိုးသေးဘူး သူတို့က အုတ်လိုက်ကျင်းလိုက်နဲ့ ။မြောင်းတွေတောင် သူတို့ရဲ့ မရှိတရှိ ပါးစပ်လေးတွေနဲ့ မိုးရေတွေကို မျိုချနေလိုက်ကြတာ ပါးစပ်ကနေလျှံပြီး ကတ္တရာလမ်းပေါ်တောင် လွှမ်းနေပြီ ။

မှုန်ဝါးဝါး လေကာမှန်က ရေငွေ့တွေကို သတင်းစာ စက္ကူနဲ့ သုတ်လိုက်ရင်း ရှေ့ကမီးပွိုင့်လေးကို မျှော်ကြည့်မိတယ် ။ အဖွားကြီးလမ်းကို ပိတ်ထားပြန်တယ် ။ ဒါနဲ့ ကားဘယ်ကွေ့ အချက်ပြမီးကို ပြောင်းပြရင်း ကဘ္မာအေး ဘုရားလမ်းဘက်ကွေ့လိုက်တယ် ။် ထုံစံအတိုင်း ရွာထဲဖြတ်ပြီး ကားကိုရေကူးခိုင်းရအုံးမယ်။ ဖြတ်လမ်းဆိုလို့ ဒီတလမ်းဘဲရှိတယ်၊ တခြားတလမ်းကသွားလျှင်လည်း ဆီကုန်ပြီး လမ်းကြပ်။ sony showroom ရှေ့ရောက်တော့ ညာကွေ့ဖို့ အချက်ပြ ၊ ပြီးတော့ ရွှေတောင်ကြား ရွာထဲကွေ့ဝင်လိုက်တယ် ။

အတွေးတောင် မဆုံးသေးဘူး ရှေ့ကကားတွေက ရေကူးနေကြပြီ ။ ဟိုဘက် ကမ်းကနေ ဒီဘက်ကမ်းကိုကူးလာနေတဲ့ ကားသေးသေးလေးတွေကိုကြည့်ပြီး ငါးခူပြုံး ပြုံး မိတယ် ။ ဟိုးတုန်က ကိုဂျက်လည်း ကားသေးသေးလေးနဲ့ ဒီလိုဘဲ ရေကူးပြီးလာနေကြ ။ ကားကသေးတော့ တခါတလေ ရေစီးကြောင်းထဲမျောပြီး မြောင်းထဲကျလိုကျ တွေ့တာနဲ့ဝင်တိုက်ရင်တိုက် ။ ဟော ကိုဂျက် အခုကားကိုကြည့် ။ ပြည်တွင်းဖြစ်ကို အားပေးထားတာ ၊ စုပေါင်းစပ်ပေါင်းဂျစ်ကားကြီး ။ ရေကြီးလည်းမမျှော ၊ ကိုယ်မှားလို့ဘဲတိုက်တိုက် ၊ သူများမှားလို့ဘဲတိုက်တိုက် ၊ ဘာမှကြောက်စရာကိုမလိုဘူး ။

ရွာထဲက တိုက်ကြီးတွေက ဟီးနေတာဘဲ ။ ခြံထဲကနွား အဲ့လေ ခြံထဲကကားတွေက လည်း အပျံစား ၊ ကားထဲကဆိုဖာကြီးတွေဆို ဖင်မချရဲစရာ ။ တစီးထည်းလည်းမဟုတ် ကားစုံ ကာလာစုံ ၊၊ တိုက်ပုံစံတွေကလည်း အာရှပုံစံ ၊အနောက်နိုင်ငံ ပုံစံ ၊ အစုံဘဲ ။ တိုက်ထဲက ကိုကို မမ တို့အတွက် မိုးတွင်းဆို ဒီအိမ်ဝင်းတွေက မြစ်ကမ်းဘေးကနွေရာသီ နန်းတော် ။ သူများလို တကူးတက ရှောက်ပြီးနွေရာသီနန်းတော် ရှာစရာမလို ။ အတော်ဟန်ကျနေကြတယ် ။

ဟော …ရှေ့မှာ နောက်ဆုံးအက္ခရာနံပါတ်နဲ့ မော်ဒယ်မြင့် ကားသစ်ကြီး ရေကူးလာနေတယ် ။ ကားမောင်းတဲ့ ဖိုးဖိုးကြီးတယောက် ရေတွေကြားထဲမောင်းလာရင်း ၊ လက်သီးဆုပ်လောက်ရှိတဲ့ အဆီတထပ် အသားတထပ်ရှိတဲ့ ၀က်သားကို စားရတော့မဲ့ လူတယောက်ရဲ့ အပြုံးမျိုးပြုံးနေလို့ အံ့သြမိတယ် ။ သူ့ဘေးမှာ မိန်းကလေးတယောက် ။ ဂါဝန်တိုတို နံ့နံ့လေးကိုဝတ်ထားတော့ နဂိုဖြူသူမို့ ပေါင်လေးတွေကဖေွးပြီးဆင်းနေသည် ။ အင်းကျီဂျိုင်းပြတ် ချက်ဖော်ဝတ်ထားတော့ ၊ ချမ်းတယ်လို့ထင်ပါရဲ့ ဖိုးဖိုးကြီးလက်မောင်းကို ဖက်တွယ်ထားလေရဲ့။

ကားတွေအားလုံး ရွာထဲမှာ ရေငုပ်လိုက် ကူးလိုက်မို့ထင်ပါရဲ့ တက္ကသိုလ်ရိပ်သာလမ်း သစ်ပေါ်တက်တော့ အမောဖောက်ကုန်ပြီ ။ကားတွေကိုလမ်းဘေးထိုး နှလုံးကို operation လုပ်နေသူတွေမရှား ။ မြင်ကွင်းတခု ၊ ကားစုတ်လေးကိုပြင်နေတဲ့ ကိုယ်ယောက်ျား ၊ မိုးစိုမှာစိုးလို့ နောက်ကနေထီးလိုက်မိုးပေးနေတဲ့ ဖွားဖွား၊ သူ့မှာလည်း တကိုယ်လုံးစိုရွှဲနေပြီ ။ ဖိုးဖိုးကလည်း မျက်မှန်က ရေတွေကိုသုတ်လိုက် ၊ နဖူးကစီးကျလာတဲ့ မိုးရေကိုသုတ်လိုက် ၊ မိုးမိမှာစိုးလို့ ကားထဲမှ အေးအေးဆေးဆေးထိုင်ခိုင်းတာကိုမရတဲ့ ဖွားဖွားကိုကြည့်လိုက် သောကတွေများနေလေရဲ့ ။

လွန်ခဲ့သော ၃ - ၄ နှစ်က ကိုဂျက်တို့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့  အချိန် ။ အဲ့ဒီအချိန်က ရန်ကုန်မှာ ပတ်ထဘီ (မိန်) ခောတ်စားတယ်။ တက္ကသိုလ်မမတွေ အများဆုံးဝတ်ကြတယ်။ ကားဂိတ်မှာ အဲ့ဒီမမတွေ ဒိုင်နာကားပေါ်တက်ရင် ကျားသတ္တ၀ါမှန်သမျှ လည်ပြန်ငေးကြည့်ရတဲ့ခောတ်။ တနေ့ ကိုဂျက်တို့ ကျောင်းဆင်းတော့ မိုးရွာနေပြီ ။ လေတွေကလည်းတိုက်လိုက်တာ ..ထီးတောင်ကောင်းကောင်းဆောင်းလို့မရဘူး။

ဒါနဲ့ ရှိသမျှ ရန်ကင်း ပြန်မဲ့ သူငယ်ချင်း ၅ ယောက် ကို super salon ကားထဲ ခေါ် ။ရှေ့မှာမိန်းကလေး ၂ ယောက် ၊ ကိုဂျက်က ကားမောင်း ၊ နောက်မှာ ယောက်ျားလေး၃ ယောက် ။ အားလုံးပျော်ပျော် ပါးပါး ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲကထွက်တာနဲ့ ကိုဂျက်က ရေရှိတဲ့ ပလက်ဖောင်း ဘက်ကမောင်းတယ် ။ ဘာလို့ဆို ကားတာယာကနေ ယက်ထုတ်လိုက်တဲ့ ရေပန်းကို ကိုဂျက်တအားသဘောကျတယ်။ အဲ့ဒီမှာ နိုင်ငံခြားဘာသာကမမတယောက် လက်တဘက်က စာအုတ်ကိုဂျိုင်းကြားညှပ် ခြင်းတောင်း ကိုဆွဲ ၊ နောက်တဘက်က ထီးကိုင်ရင်း လေတိုက်ရင် လွင့်လွင့်သွားတဲ့ ပတ်ထဘီ (မိန်) ကို စွဲစွဲဖုံး။ ဖုံးလိုက်ပေါ်လိုက်နဲ့ ခမျာ မှာ တော်တော် ဒုက္ခရောက်နေတယ် ။ ဒီကြားထဲ ကိုဂျက်ကားက ရေပန်းနဲ့တကွ မောင်းတော်မူလာတော့ သူ့ခမျာ မတတ်နိုင်တဲ့အဆုံး ၊ မဖုံးနိုင်တော့တဲ့အဆုံး ထိုင်ချလိုက်ပါတော့တယ် ။ ကိုဂျက်တို့က ကိုယ့်ဘာသာပျော်ရင်ပျော်မယ် ၊ ကိုယ်ပျော်ဖို့ သူများငိုရမယ့် အလုပ်မလုပ်ဘူး ။ အဲ့ဒါကြောင့် သူကိုတွေ့ကတည်းက ရေထည်းကိုဖြတ်မမောင်းတော့ဘူး ။

အဲ့ဒီနေ့က ရွာထဲမှာ ကားတွေရေနစ်တော့ နောက်ပြန်ကွေ့ မီးပွိုင့်ကနေ ဘုရားကျောင်းရှိတဲ့ဘက်ချိုးတော့လည်း ကားတွေရေနစ်လို့ဆိုပြီး နောက်ဆုတ်ပြီး ၆ မိုင်ဘက်ကနေ ရန်ကင်းပြန်ရတယ် ။ကျောင်းဆင်းတာ ညနေ ၃ နာရီ ။ အိမ်ရောက်တော့ ည ၆ နာရီ ခွဲ ။လမ်းမှာ တော်တော် အချိန်ကုန်သွားတယ် ။ ပိတ်ထားတဲ့လမ်းကသာလာရင် ၁၅ မိနစ်ဆိုအိမ်ရောက်ပြီ ။

Internet Bill သွင်းဖို့ တိုကင်နံပ္ပါတ်ကို ကောင်တာက ခေါ်မှဘဲ အတွေးလေးတွေပြတ်တော့တယ်။ အဲဒီနေ့ကတော့ 19.6.2007 ပါ ။ အဲဒီနေ့ဟိုလမ်းလေးသာမပိတ်ခဲ့ဘူးဆိုရင် အရင်ကအ ကြောင်း တွေ အဖြစ်အပျက်တွေကို တွေးမိမယ်လို့ မမျှော်လင့်မိဘူး………………

(ညောင်းပြီ)

အကျယ်ဖတ်ရန်...

Powered By Blogger