Tuesday 13 November 2007

အလွမ်းနေ့ရက်

လွမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နေခဲ့တဲ့ မလယ်ရွာ လေးကို လွမ်းလိုက်တာ။ ကလေးဘ၀တုန်းက သောင်းကျန်းခဲ့သလို၊ ကျောင်သားဘ၀မှာလည်း စာတွေလုပ်၊ပြီးတော့ လုပ်ငန်းခွင်ရောက်တော့လည်း အလုပ်တွေနဲ့။ ဘ၀အမောတွေပြေစေဖို့ ကလေးဘ၀ ကို ခဏလေးပြန်လိုချင်နေမိတယ်။ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကို လက်တွေ့မှာ မရနိုင်တော့ပေမဲ့လည်း အတိတ်ကို လူတိုင်း ပြန်စဉ်းစားခွင့် လေးတော့ရှိတာပဲလေ။
ဒို့ရွာကလေးက ဧရာဝတီမြစ်အနောက်ဘက်ကမ်းဆိုတော့ မိုးတွင်း ရေကြီးတာ ဆန်းသလား နော်။ မဆန်းပါဘူး ။ ဒို့ရွာလေးက ရေကြီးရင် ရွာတခြမ်းပဲ မြှုပ်တာပါ။ မြစ်ကမ်းနဘေးကနေ ကိုက် ၄ ၊၅ ရာလောက်ထိ ရေတက်တယ်လေ။ ရေတက်ချိန်ဆို လူတိုင်းလန့်တတ်ကြတယ်။ စောစောစီး ရေမတက်ခင်ပြောင်းချင်ပြောင်း မပြောင်းရင် အိပ်နေရင်းနဲ့ ရေစိမ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။ ရေတက်ပြီဆိုရင် ရေချိုးဆိပ်တွေလည်း ပြောင်းရတယ် ၊ လူတွေချိုးတဲ့ဆိပ်က မချိုးနိုင်တော့ ဘုန်းဘုန်းတွေချိုးတဲ့ဆိပ်ကို ပြောင်ချိုး။ ဟော ဘုန်းဘုန်းတွေက တကာမ တွေ ဘောစီးတာတွေ့မှာဆိုးလို့ အထက်ကိုတက်ချိုးနဲ့ ရေချိုးဆိပ်တွေလည်း ပြောင်းကုန်ပီ။ ဪ ဘောစီးတာ ကို ပြောရအုန်းမယ် ။ ဒို့ရွာမှာက ဘုန်းကြီးတွေချိုးတဲ့ရေချိုးဆိပ်ရယ် ယောက်ျားတွေချိုးတဲ့ဆိပ်ရယ်၊မိန်းမတွေချိုးတဲ့ဆိပ်ရယ်ဆိုပြီးရှိတယ်။ ယောက်ျားတွေက ရေချိုးရင် ရေငုပ်၊ပုဇွန်နှိုက် ၊မြစ်လယ်ထိကူးတတ်ကြတယ်။ မိန်းမတွေကတော့ ထမိန် ရင်ရှားနဲ့ ရေချိုးဆင်းတာများတယ်။ တချို့က ထမိန်တထည် ၊ အပြန်ရေသယ်ဖို့ ရေအိုးပါလာတတ်တယ်။ ရေလဲထမိန်တော့ပါဘူး။ သူတို့ကချိုးရင် ထမိန်ကို မပြီးရေထဲဆင်း ။ နောက် ထမိန်ကိုမလာလိုက်တာ ရင်ခေါင်းရောက်တော့ ထမိန်ကို ကမ်းပေါ်ပစ်တင်လိုက်တတ်ကြတယ်။ တချို့ကရေလဲ ထမိန်ပါတော့ ရေလယ်ခေါင်လောက်မှာ ထမိန်အောက်ကနေ လေတွေသွင်းပီး ဘောစီးကြတယ်။ ကမ်းပေါ်ကကြည့်ရင်တော့ ဘောစီးတာ အတော်လှတယ်။ ရေအောက်ကနေကြည့်ရင်တော့ အင်းးးးးး။ ဒါကြောင့် ရေချိုးဆိပ်ကို ၃ ပိုင်းထားတာ။ ဘုန်းဘုန်းတွေက မြစ်အပေါ်၊ ယောက်ျားတွေက မြစ်လယ်၊ မိန်းမတွေကတော့ မြစ်အောက်ပိုင်းပေါ့။ ဒို့ရွာက မြစ်နားမှာဆိုတော့ ပုဇွန်တွေ၊ ငါးတွေ ပေါမှပေါပဲ။ပှုဇွန်တွေဆို မီးဖိုထဲပစ်ထည့်ပီး ကင်စားတယ်။ မြစ်ထဲမှာ တခါတလေ လင်းပိုင်တွေလည်းတွေ့ရတယ်။ နောက်ပြီးရေကြီးတဲ့ အချိန်ဆို လောင်းလှေစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သမ္ဗန်တို့.၊ ငှက်တို့မစီးရဘူး။လောင်းလှေက သစ်ပင်စည်တခုလုံးကို ထွင်းထားတော့ သေးတယ်၊ ခရီးအရောက်မြန်တယ်လေ။ လောင်းလှေစီးရင်း ရေထဲကို လက်ချပြီးဆော့ရတာ အရမ်းပျော်ဖို့ ကောင်းတယ်။ တခါတလေ ဗေဒါတို့ ၊ဒိုက်တို့ နဲ့တိုးရင် ဗေဒါပန်းလည်းခူးလို့ရသေးတယ်။တခါတလေတော့လည်း ခုတလော တီဗီထဲက မြစ်ထဲ အိမ်သာမဆောက်ရ ပညာပေး ဇတ်လမ်းလို အတုံးလိုက်မျောပါ လာတတ်သေးတယ်။ တခါတလေတော့လည်း လူသေကောင်တွေပေါ့။ ခုလိုဆောင်းတွင်းရောက်လာရင်တော့ မြစ်ရေတွေကျပြီး ရေလယ်ခေါင်မှာ သောင်ထွန်းတတ်တယ်။ သဘောင်္တွေလည်းသောင်တင်တတ်တယ်လေ။ ဒီလိုသောင်ထွန်းရင် ရွာကလူတွေ သောင်ပြင်မှာ စိုက်ပျိုးရေးလုပ်ဖို့ နေရာလုကြပြီ။သောင်တွေ ဘယ်လောက်ကျယ်လည်းဆိုရင် မျက်စိတဆုံးပဲ၊အကျယ်ကြီး။ ဦးရာလူ စိုက်ကြတာ။ ဒီလိုသောင်ထွန်းရင် ကိုဂျက်တို့ အဲ့ဒီပေါ်ကို ပျော်ပွဲစားမျိုးသွားကြတာ။ စားစာရာ ထမင်း၊ဟင်းတွေကို ချိုင့်တွေနဲ့ထည့် မော်တော် စီးပြီးသွား၊ သောင်ပေါ်မှာ ဆော့။ တချို့က ဖရဲသီးစိုက်တော့ ခူးပြီး စားလို့ရတယ်။ ဖရဲသီးတွေဆို သေးသေးလေးကနေ အကြီးကြီးတွေထိ ချိုတယ်။ ဖရဲသီးရာသီဆိုရင်လေ အိမ်က မီးဖိုဆောင်မှာ ခြေချစရာ နေရာမရှိအောင် တရွာလုံးက ဖရဲသီးတွေ လက်ဆောင်လာပေးတတ်ကြတယ်။ မနက်တစ်လုံး ညတစ်လုံး ကုန်အောင်စားရတာ။ တလုံးလျော့မယ်မကြံနဲ့ နောက် ၄၊၅ လုံးရောက်လာပြီ။ ပေးလို့လည်းမကုန် စားလို့လည်းမကုန်အောင်နိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကဆိုတော့ ကလေးပေါ့၊ကလေးဘ၀ ကသောင်းကျန်းခဲ့တာလေးတွေ ပြန်တွေးမိရင် ကိုယ်ဘာသာပြုံးနေမိတတ်တယ်။ သူငယ်ချင်းတွေကပြောတယ် မင်းဒီလိုသာပြုံးနေရင် လက်မှတ် (တံတားလေးလက်မှတ်) ရတော့မှာပဲတဲ့။

No comments:

Powered By Blogger