Saturday 30 June 2007

F.R.C

ဘာသာရေး စာပေတွေ မဖတ်ရတာ တော်တော်လေး ကြာနေပြီမို့ စာအုပ်စင်လေးမှာ ဘာစာအုပ်များရှိမလဲလို့ရှာကြည့်မိတယ် ။ ရန်ကုန်ကက်သလစ် သာသနာပိုင်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်ဘို ရဲ့ တင်းတိမ်ရောင့်ရဲတတ်ရမယ် ဆိုတဲ့ စာအုပ်ကလေးကို ပထမဆုံးတွေတော့ သြော် ဘုရားသခင်က ကိုဂျက်ကို တခုခု ပြောစရာရှိလို့ ဒီစာအုပ်ကို ဖတ်ခိုင်းတာနဲ့တူတယ်ဆိုပြီးဖတ်ဖြစ်လိုက်တယ် ။ ဒီဆရာတော်က ကိုဂျက် တို့နဲ့ ရင်းရင်းနှီးနှီးရှိ တယ် ။ အပြောကောင်း အဟောကောင်းတယ် ။ အရမ်းလည်းကြိုးစားတယ် ။

ပထမဆုံးဖတ်ဖြစ်တာက CAT Philosophy ။ အသင်းအဖွဲ့တွေ ၊ မိသားစုတွေ ဘယ်လို စည်းလုံးညီညွတ် ရမယ် ဆိုတာကိုရေးထားတယ် ။

ကြောင်မလေးတကောင်က ကောလိပ်မှာ CAT Philosophy နဲ့ကျောင်းပြီးထားတယ် ။ တနေ့တော့ ကြောင်မလေးက သူ့အမြီးကို ပါးစပ်နဲ့ လိုက်ဟတ်ပြီး ပတ်ချာလှည့်ဆော့နေတယ်။ ဒါကို သူ့အမေက ဘာလုပ်နေတာလဲလို့မေးတော့ ကြောင်မလေးက CAT Philosophy ကျင့်နေတာလို့ပြောလိုက်တယ် ။ သူ့အမေက CAT Philosophy ဆိုတာဘာလဲ တဲ့ ၊ ဒါနဲ့ သူက ကြောင်တကောင် အတွက် အရေးအကြီးဆုံးအရာဟာ ပျော်ရွှင်ခြင်းတဲ့ ၊ အဲ့ဒီပျော်ရွှင်ခြင်း ကလည်း ကြောင်ရဲ့ အမြီး မှာရှိတယ်တဲ့ ။ Human Philosophy မှာ လည်းဒီလိုဘဲ ကျွန်တော်တို့ ပျော်ရွှင်တာ ၊ စိတ်ညစ်စရာတွေဟာ ကျွန်တော်တို့ဆီမှာပဲရှိတယ့်။ ဟုတ်တာပဲ ကျွန်တော်တို့ ပျော်ချင်ရင် ကြံဖန်ပြီး ပျော်လို့ ရသလို ၊ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကိုလည်း အချိန်ကုန်ခံပြီးစိတ်ညစ်လို့ရတာပဲ ။ ဒီလိုပဲ စည်းလုံးညီညွတ်ခြင်း ၊ စည်းလုံးညီညွတ်ခြင်းကို ဖျက်ဆီးနိုင်တဲ့ အရာအားလုံးဟာ ကျွန်တော်တို့ရင်တွင်းမှာ ပဲရှိတယ်။

စည်းလုံးညီညွတ်ခြင်းကိုတည်ဆောက်ပေးနိုင်တဲ့ (F.R.C) ဆိုတဲ့အချက်သုံးချက် နဲ့ စည်းလုံးညီညွတ်ခြင်းကို ပျက်စီးစေတတ်တဲ့ (F.R.C) ဆိုတဲ့အချက်သုံးချက် ကိုလည်းပြောပြ ထားသေးတယ် ။

ပထမအချက်က အခွင့်လွှတ်ခြင်း (F – Forgiveness) ။ အသင်းအဖွဲ့တွေ စည်းလုံးခြင်းရှိဖို့ အခွင့်လွှတ်ခြင်းကို ခု ၊ ဆယ် ၊ ရာ ထောင်ချီအောင် ပေးဆက်မှုပေါ်မူ တည်တယ်တဲ့ ။ အခွင့်လွှတ်ရုံသာမကဘူး “Healing of memory” နာကျည်း၊မုန်းတီးတာတွေ ကို သတိရနေတာတွေလည်း ကုသရမယ် ၊ ဆုပ်ကိုင်မထားနဲ့ အဝေးကို လွင့်ပစ်လိုက်တဲ့ ။ “Let go Spirituality” ဆိုတဲ့အတိုင်း လက်တွေကိုဖြေလျှော့လိုက် ၊ မကျေမနပ်ဖြစ်နေတာ တွေကို ပင်လယ်ထဲကို မျှောချလိုက်။ ကြောင်ရဲ့ပျော်ရွှင်ခြင်းဟာသူ့ရဲ့ အမြီး မှာရှိသလို အခွင့်လွှတ်ခြင်းဟာလည်း လူသားတွေအတွင်းမှာပဲရှိတယ်တဲ့။

မိမိကိုယ်ကို မျိုးချစ်စိတ်ရှိတယ်ဆိုပြီး သူတပါးကိုမုန်းတီးတာ ၊ ခါးသီးစွာအငြိုးထားတာ ၊ စက်ဆုတ်ရွံရှာတာဟာ မျိုးချစ်စိတ်မဟုတ်ဘူး ၊ အခွင့်မလွှတ်နိုင်ခြင်းပဲ။ ဒီလို စိတ်ထားတွေ ဟာ တင်းကျပ်ချုပ်နှောင်မှုကို ဖြစ်စေရုံမက ဦးဏှောက် မှာ အကြိတ်ပေါက်တဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ်တဲ့။

ဒုတိယအချက်ကတော့ ရိုသေတတ်ခြင်း (R – Respect) ။ ဒါကတော့ လူတယောက်နဲ့တယောက်တွေ့ရင် “နေကောင်းလား” ၊ “မင်္ဂလာပါ” ၊ “ဦးလေးစားဖို့ အသီးတွေဝယ်လာတယ်” အဲ့ဒီလိုလေးနှုတ်ဆက်သင့်တယ့် ။ ကြားရသူအတွက်လည် ကြည်နူးဝမ်းသာ တန်ဖိုးလည်းရှိတယ် ။ “အပိုတွေ မလိုအပ်ဘူး” ၊ “နေ့တိုင်း တွေ့နေတာတောင် ဘာကြောင့်နှုတ်ဆက်နေရတာလဲ” ။ ဒီလိုနှုတ်ဆက်လိုက်တာဟာ “Symbols of respect” ရိုသေခြင်း ၊ ချစ်ခြင်း ၊ ညီညွတ်ခြင်းတွေရဲ့ သင်္ကေတ ဖြစ်လို့ပဲ ။ တခါတရံမှာ လူသားတွေဟာ တဖက်သားရဲ့ ရိုသေလေးစားမှုကို အသိအမှတ်ပြုဖို့ လစ်ဟင်းတတ်တယ် ။ လပေါင်းများစွာ ကြာပြီးမှ မိသားစုတွေ တယောက်နဲ့တယောက် ပြန်တွေ့ရပေမဲ့ အေးအေးစက်စက် နဲ့ အသက်မပါသလို ၊ အသိအမှတ်ပြုဖို့ ၀န်လေးနေတတ်ကြတယ်။ဒီလိုအကြာကြီး ခွဲပြီးမှ ပြန်တွေ့ကြရင် အားပါးတရနှုတ်ဆက်တာ ၊ ပျော်ရွှင်စွာ ဟစ်အော်ရယ်မောလိုက်တာ ၊ အားရပါးရနမ်းရှံ့သင့်တာတို့ လုပ်သင့်တယ်။ သူတပါးကိုရိုသေတတ်ခြင်းဟာလည်း မိိမိထံမှာပဲ ရှိနေတယ်တဲ့။

စည်းလုံးညီညွတ်ခြင်းကို ခိုင်မာတည်ဆောက်ပေးတဲ့ တတိယ အချက်က ဘုရားကို အာရုံပြုခြင်း (C-Contemplation) တဲ့။ ဘုရားကိုအာရုံပြုတတ်တဲ့သူဟာ သူတပါးအပေါ်မှာ လည်း အာရုံပြုတတ်တယ် ။ Contemplation ဆိုတာက ဘုရားကို အချိန်ပေးတာ ၊ ရေမြှုပ်က ရေကို စုတ်ယူသလို မိမိတို့ကလည်း ဘုရားကို စုတ်ယူရမယ်၊ ဘုရားရဲ့ လမ်ညွှန်မှုကို ခံယူရမယ် ။ ဒီလိုလူမျိုးဟာ သူတပါးကိုသနားတတ်ပြီး ဘုရားစိတ် တရားစိတ်ရှိတယ်တဲ့။ မိမိမှားသလို သူတပါးလည်း မှားတတ်တယ် ၊၊ ဒါကြောင့်သနားတတ်ရမယ်။ သနားတတ်သူတွေဟာ မင်္ဂလာရှိတယ် ။ သနားတတ်တဲ့ အသင်းအဖွဲ့တွေက စည်းလုံးညီ ညွတ်ခြင်းရှိလာနိုင်တယ်။ အခြေနေမျိုးစုံပေါ်မူတည်ပြီး အတွင်းစိတ်ရဲ့ စစ်မှန်တဲ့ သနားခြင်းမျိုးလည်းဖြစ်ရမယ် ။ ဒီလိုသနားတတ်တာလည်း ကျွန်တော်တို့ ထံမှာပဲရှိနေတယ်တဲ့။

ဒါက စည်းလုံးညီညွတ်ခြင်ကို ခိုင်မာစေတဲ့ (F.R.C) ။ စည်းလုံးညီညွတ်ခြင်ကို ပျက်စီးစေနိုင်တဲ့ (F.R.C) လည်းရှိသေးတယ်။ ပထမဆုံးအချက်မှာပဲ (F- Fight & Flight) ဆိုပြီး နှစ်မျိုးရှိတယ်။

(F - Fight) ဆိုတာက အစွန်းရောက်နေသော ရန်လိုစိတ်ဓတ် ။ အငြင်းပွားမယ် ၊ တိုက်ခိုက်မယ် ၊ ထိုးကြိတ်မယ် ၊ အနိုင်အရှုံးတွက်ပြီး ရန်ပွားမယ်ဆိုရင် စည်းလုံးခြင်းနဲ့ ဝေးကွာသွားလိမ့်မယ်။ (F- Flight) ကတော့ ထွက်ပြေးခြင်း ။ ရှောင်လေလေ ဝေးလေလေ ၊ ဝေးလေလေ ကောင်းလေလေ ဆိုတဲ့ အမျိုးအစား ။ သူနဲ့တွေလျှင် ရန်ဖြစ်ရမယ် ၊စကားများရမယ် ။ ဒါကြောင့် မတွေ့ချင် ၊ မမြင်ချင် ၊အတွေ့မခံပဲ ရှောင်ပုန်းနေခြင်းမျိုး ။ အတူတကွ ဆုံစည်းပြီး ပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ ရှောင်ပုန်းနေတာမျိုးကိုခေါ်တာ။ အသင်းအဖွဲ့တွေမှာ ရန်ဆောင်တာ နဲ့ ရှောင်ဖယ်နေတာဟာ စည်းလုံးညီညွတ်ခြင်းကိုပျက်စေ နိုင်တယ် ။

နောက်တခုက (R-Revenge) ကလဲ့စားချေခြင်း။ လက်စားချေတတ်တဲ့စိတ် ၊ အခွင့်မလွှတ်တတ်သေးသော စိတိဓတ်ရှိနေသရွေ့တော့ အသင်းအဖွဲ့တွေ ၊ နိုင်ငံ တွေမှာ ၊ အသိုင်းအ၀ိုင်းတွေမှာ ငြိမ်သက်ခြင်းရှိမှာ မဟုတ်ဘူး။ လက်စားချေလိုတဲ့ စိတ်ရှိနေသရွေ့ လောကတခုလုံးဟာ (A passion like Hell.) ဆိုတဲ့အတိုင်းဖြစ်နေမယ် ။ လက်စားချေလိုတဲ့ စိတ် ဟာ ဘယ်သူမဆို တွေးရုံနဲ့ အလွယ်တကူ ပေါ်ပေါက်လာနိုင်တယ်။

နောက်ဆုံးတချက်က (C-Chatter Box) စကားများခြင်း ။ စကားများ ၊ လေပေါပြီး သူများအတင်းအဖျင်းပြောတာ ကို ခေါ်တာ ။ အသင်းအဖွဲ့တိုင်း အဲ့ဒီရောဂါရှိတယ် ။ လူတယောက် အတင်းကို တဦးကနေ တဦးကို ပြောတယ် ၊ တဖွဲ့အတင်းအဖျင်းကို တခြားတဖွဲ့ကပြောတတ်ကြတယ်။ တယောက်ကစ မြို့တွေ၊နယ်တွေအထိပြောကြတယ်။ အပြောခံရသူ တယောက်အနေနဲ့ ဘယ်လိုမှခုခံပိုင်ခွင့်မရှိ ။ဘယ်လိုမှ မကာကွယ်နိုင် ။ တကယ်တော့ အတင်းပြောတယ်ဆိုတာက အကြမ်းဖက်ဝါဒ၊ ယုတ်မာသောစိတ်ဓာတ် ၊ မတရားသောရက်စက်မှုပင်ဖြစ်တယ် ။အကြီးနဲ့အငယ် ၊ အာဏာရှိသူနဲ့ မရှိသူ ၊ လူကြီးနဲ့ လူငယ် တွေရဲ့ကြားမှာ အတင်းအဖျင်းပြောဖို့ အရမ်းလွယ်ပါတယ် ။

ရန်ဖြစ်မလား ၊ ရန်ရှောင်မလား ၊လက်စားချေမလား ၊ သူများကို အတင်းပြောမှာလား ။ ဒီအရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အထဲမှာပဲရှိတယ် ။ ဘယ်နေရာကိုရောက်ရောက် ၊ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဒီ ၃ ချက်က စည်းလုံးခြင်းကို တည်ဆောက်လို့ ရမှာမဟုတ်ဘူး။

တဦးကို တဦးကိုအခွင့်လွှတ်တာ ၊ ရိုသေတာ ၊ သနားကြင်နာတတ်တာတွေဟာလည်း ကျွန်တော်တို့ရဲ့ အထဲမှာပဲရှိတယ် ။ ဒါတွေကတော့ စည်းလုံးညီညွတ်စေမယ့် အချက်တွေပါပဲတဲ့ ။

ကိုဂျက်လည်း ဒါလေးဖတ်ပြီး တော်တော်နောင်တရပါတယ် ။ အရင်က ဖတ်ပြီးပေမဲ့ ဘာကို ပြောချင်တာဆိုတာကို သိပ်သဘောမပေါက်ခဲ့ဘူး ။ ခုတော့ အတွေ့အကြုံတွေအရ ၊ ပတ်ဝန်းကျင်မှာ ဖြစ်နေတာ လေးတွေနဲ့ ယှဉ်ပြီး နားလည်သွားပြီ ။ ဒါပေမဲ့ လူသားတယောက် အနေနဲ့ ကိုယ်တိုင်တော့ အားလုံးကို လိုက်နာနိုင်ဖို့ ခဲယဉ်းတယ် ။ မဖြစ်ဘူးဆိုတာတော့ မရှိဘူး ၊ မဖြစ်သေးတာပဲရှိတာ ။ ကိုဂျက်ကြိုက်လို့ ဒါလေးကို တင်လိုင်တာ ။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပေးပါ လို့ ကြိုတင် တောင်းပန်ပါရစေ။

အကျယ်ဖတ်ရန်...

Monday 25 June 2007

ချစ်တယ်မီးရယ်

အမ မယ်လိုဒီ ရဲ့ ညည်းချင်လို့ပါ ဖတ်ပြီး ကိုဂျက်လည်း ညည်းချင်လာတယ် ။

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကတည်းက မီးပျက်လာလိုက်တာ ၂၀၀၇ လည်းရောက်ရော မီးပျက်ချိန်ဟာ စံချိန်ကျိုးလာပါတယ် ။ မီးလာလျှင်လည်း ဘာမှသုံးမရ ။ ၁၉၉၀ ခုနှစ် ကိုဂျက် ၂တန်းအရွယ် ရန်ကုန်ရောက်စကဆို မီးတော့ သိပ်မပျက်ဘူး ။ မီးအားအရမ်းနည်းတယ် ။ မီးချောင်းတွေက ရိုးရိုးချုပ်တွေဆိုတော့ မီးအ၀င် ၂၀၀-၂၂၀ V မရှိရင် မလင်းဘူး ။ အဲ့ဒီတုန်က မီးအ၀င်က ၆၀-၈၀ V ရှိတော့ ၆၀W မီးလုံးနဲ့စာကျက်ရတယ် ။ ဒါတောင် တခါတခါ မီးက ခရမ်းချဉ်သီး လောက်ဘဲ လင်းလို့ ဖယောင်းတိုင်နဲ့ဘဲစာကျက်ရတယ်။

ဒီတုန်းက လူတွေအားလုံး ရေရှည်မီးပျက်မယ်ဆိုတာ ဘယ်သူမှ မသိလို့ ၂နှစ်ကျော်ကျော် အမှောင်ထဲနေခဲ့ကြရတယ် ။ နောက်တော့ လူတွေက အသိဥာဏ် မြင့်လာကြတော့ မီးမြှင့်စက်တွေသုံး ၊ အော်တိုချုပ်တွေသုံး ၊ မီးတွေခိုးသွယ် ၊ အဲ့ဒီလို ကိုယ်ထူကိုယ်ထလုပ်လိုက်ကြတာ ကိုဂျက်တို့ရပ်ကွက် မီးပြန်လင်းလာ တယ်။

မီးတွေလင်းလာလိုက်တာ ၊ ပျော်လို့တောင်မဆုံးသေးဘူး သူကအချိုးပြောင်း သွားတယ် ။ မီးကနည်းနည်းကြီးကျယ်လာတယ် ၊ သူဟာသူ လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန် ဘယ်သူ့ကိုမှ အသိမပေးတော့ဘူး ။ လူတွေကလည်း မီးမလာတာ နေမကောင်းလို့လားဆိုပြီး EPC ကိုမေးရော ၊ မီးရဲ့လက်အောက်ခံ ၀န်ထမ်းတွေက သူတို့မသိကြောင်းပြောတော့ လူတွေဘာမှမတတ်နိုင်ကြဘူး ။ နောက်တော့ မီးလေး မလာရင် လူတွေက EPC ကိုဆက်ပြီး မီးလေးနေကောင်းစေဖို့ မေတ္တာပို့ကြတယ် ။ အဲ့ဒီတုန်က လမ်းဘေး PCO phone တွေမရှိသေးဘူး ။Phone ရှိတဲ့ လူတိုင်း မီးလေးနေကောင်းစေဖို့ phone ဆက်ပြီး မေတ္တာပို့ကြတယ် ။

နောက်တော့ မီးကတော်တော်နေမကောင်းဖြစ်လာလို့ ကိုဂျက်တို့၈ -၉တန်း မှာ inverter တွေသုံးလာကြတယ် ။ ဒါလည်း သိပ်အဆင်မပြေဘူး ။ အသစ်တုန်းက အသုံးခံပေမဲ့ ကြာတော့ battery က အားနည်းလာတယ်။ဒါကြောင့် မှောင်မြဲမှောင် နေပြန်ရော။

၁၀ တန်းလည်းရောက်ရော ပိုက်ပိုက်ရှိတဲ့လူတွေက လက်ဆွဲမီးစက် လေးသုံးလာကြတယ် ။ သူကျမှဘဲ မီးကိုဂရုစိုက်စရာမလို တော့ဘူး။ ဒါနဲ့ကိုဂျက် တို့ရပ်ကွက် ထဲမှာ မီးစက်သံနဲ့ ဆူညံနေပါရော ။ လူတွေက မီးစက်ကိုသိပ်ချစ်တယ်။ ဒါပေမဲ့ သူ့ကိုဘယ်လိုယုယရမလဲဆိုတာ မသိကြဘူး ။

အင်ဗာတာတွေ ၊ မီးစက်တွေ မသုံးခင်က ဖယောင်းတိုင်ကိုသုံးကြတယ် ။ ဖယောင်းတိုင်သုံးတုန်က မီးလောင်တဲ့ သတင်းအမြဲကြားရတယ် ။ ဟော အင်ဗာတာ တွေသုံးတော့ရော ၊ ဘာထူးလည်း မကောင်းသတင်းကကြားမြဲ ကြားရတာဘဲ ။ Battery အက်ဆစ်ဖြည့်တာ ဖယောင်းတိုင်နဲ့ ကြည့်ပြီးဖြည့် လို့ ပေါက်ကွဲတာကတမျိုး ၊ battery အမျိုးအစားညံ့လို့ ပေါက်တာတမျိုး အမျိုးမျိုးကြား နေရတယ်။

အဲ မီးစက်ကြတော့ရော…။ ကောင်းတာတွေတော့ သိပြီးသားပါ။ လွန်ခဲ့တဲ့ ၇ နှစ၊် ၁၀ တန်း ကျောင်းသားဘ၀က အဖြစ်အပျက်တခုပါ ။ ဒီတုန်းက လက်ဆွဲ မီးစက်တွေ ပေါ်တာမကြာသေးဘူး ။ မိန်မတွေတောင် မနိုင် ၊ နှိုးနိုင် ၊ တိုက်ခန်း တွေမှာ သုံနိုင်တာဆိုတော့ လူကြိုက်များတယ် ။ ကိုဂျက် သူငယ်ချင်းတယောက် သူ့မှာ ညီအငယ်ဆုံးတယောက်ရှိတယ် ။ သူတို့က ညီအကို ၂ ယောက်ဘဲရှိတာ ။ အသက်ကလည်း ၁၀ နှစ်ကျော် ကွာတာဆို တော့ သူ့ညီကိုတော်တော်ချစ်တာ ။

တနေ့ ဒီကောင်ရယ် ၊ သူ့အဖေရယ် ညဘက်အိမ်မှာမရှိဘူး ။ သူ့အမေရယ် သူ့ညီလေးရယ် အိမ်မှာကျန်ခဲ့တာ ။ သူ့အမေကလည်း မီးလည်းမလာ ၊ ပူလည်းပူ အိုက်လည်းအိုက်ဆိုတော့ လက်စွဲမီးစက်ကလေးကို အိမ်နောက်ဖေး မီးဖိုချောင်မှာ နှိုး ၊ မီးခိုးထွက်ဖို့ တခါးလေးဟထားခဲ့တယ် ။ ပြီးတော့မှ အိမ်ရှေ့မှာကလေးကို သိပ်ရင်း အိပ်ပျော်သွားတယ် ။ မနက်စောစောကျတော့ ဒီကောင်ပြန်ရောက်လာ တယ် ။ သူများအိမ်တွေ မီးလာနေပြီ ၊ သူ့အိမ်က ခုထိမီးစက်သံကြားနေရတယ် ၊ နောက်ပြီး ၊ ဘယ်သူမှလည်းတခါးလာမဖွင့်တော့ စိတ်ပူပြီး တခါးကို ဘေးတစောင်းတိုက်ပြီး ဖျက်ဝင်လိုက်တယ် ။ အိမ်ထဲရောက်တော့ မီးခိုးတွေမွှန်နေတယ် ။ အသက်တောင်ရှုလို့မရဘူး ။ အိမ်မှာရှိတဲ့တခါးတွေ အကုန်လိုက်ဖွင့် အမေနဲ့ ညီလေးကိုရှာတော့ ခုတင်ပေါ်မှာ မလှုပ်မရှား။ ဆေးရုံကို အမြန်ပို့တော့လည်း သူ့ညီရဲ့အသက်ကို ကယ်လို့မရတော့ဘူး ။ သူ့အမေကတော့ ၂ ရက်လောက်မေ့နေတယ် ။ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာ သတိမရဘူး ။ သူ့သားသေတာတောင်မသိ ၊ အလောင်းမြေချတာလည်းချက်ချင်းမသိသေးဘူး ။

လေ၀င် လေထွက် နည်းတဲ့ ရန်ကုန်တိုက်ခန်းကျင်းကျင်းလေးထဲမှ မီးစက် ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် မိသားစုတွေ သေကွဲကွဲခဲ့ရတာတွေ ၊ မီးစက်အတွက် ကားကို စက်နှိုးရင်းဓာတ်ဆီထုတ်မိလို့ သေရသူတွေ ၊ လျှပ်စစ်မီးမရှိလို့ gas နဲ့ချက်ရင်း ပေါက်ကွဲလို့ လေးထပ်တိုက် ကနေဆင်းပြေးရတဲ့ သက်ကြားရွယ်အိုတွေ ၊ ဖယောင်းတိုင်နဲ့စာကျက်ရင်းအိပ်ပျော်သွားလို့ အိမ်မီး လောင်သွားတာတွေ ၊ ပြောမယ်ဆို မကုန်နိုင်တဲ့ အဖြစ်အပျက် တွေအ များကြီး ။ လူတွေဘယ်လောက် သတိကောင်း ကောင်း သတိပေါ့တာနဲ့လျှောတာဘဲ ။

၎ ပေ မီးချောင်းတချောင်းချွေတာရင် ၂၀ M W ဓာတ်အားပေးစက်ရုံဆောက် လို့ရတယ်ဆိုလို့ ကိုဂျက်တို့ ရန်ကုန်က လူလတ်တန်းစားတွေ မရှိတဲ့ မီးကို ချွေတာကြသေးတယ် ။ ရန်ကုန်မှာ ဓတ်အားခတွေ တအားလျော့ကျသွားလို့ တမြို့လုံးဝမ်းသာနေကြတယ် ။ မကြာခင် ဓာတ်အားပေးစက်ရုံဆောက်နိုင်တော့ မှာမို့ပါ ။ ဒါပေမဲ့ ကြာကြာဝမ်းမသာနိုင်ဘူး ။ ၂ လ လောက်ကြာတော့ ဓာတ်အားခကနေ ပိုက်ပိုက်အရနည်းလို့ဆိုပြီး မီတာထိန်းသိမ်းစောင့်ရှောက်ခတွေ ၂ ဆ တိုးလိုက်တယ် ။ ဒုန်ရင်း က ဒုန်ရင်းဘဲ ။

ဟော အခု ၂၀၀၇ လည်းရောက်ရော ၊ မြန်မာနိုင်ငံမှာ နှစ် ၁၀၀ ကျော်နေလာတဲ့ မီးလေးက နိုင်ငံခြားကို အရမ်းအထင်ကြီးနေတယ် ။ နိုင်ငံခြားသွားချင်တယ်ဆိုတာကြီးဘဲ ။ သူသာမရှိရင် ကိုဂျက်တို့ တော့ ရင်ကွဲနာကျမှာဘဲ ။ ချစ်တယ်မီးရယ် ၊ မီး အစားနောက်ဆိုရင် inverter တို့ generator တို့ မသုံးဆို မသုံးပါဘူး ။ ကိုဂျက်နဲ့ ရိုးမြေကျ နေပါဆိုတာကို မရဘူး ။ မီးပြောတဲ့ စကားတခွန်းရှိတယ် ။ သူကဒေါ်လာစားတဲ့ ။ သူဒေါ်လာဘဲလိုချင်တယ်ဆိုတော့ ကိုဂျက်လည်း သိပ် စိတ်ညစ်နေတယ် ။

ဒါကြောင့် အမ မယ်လိုဒီလိုပဲ ညည်းလိုက်ချင်ပါ တော့တယ်။

(မည်သူ တဦးတယောက်ကိုမျှ ရည်ညွှန်းရေးသားထားခြင်းမရှိပါ)

အကျယ်ဖတ်ရန်...

Wednesday 20 June 2007

ရေကူးကြမယ်


Bagan မှာ Internet Bill ဆောင်ဖို့ တက္ကသိုလ်ရိပ်သာလမ်းသစ်အတိုင်း စီးတော်ယာဉ်လေးကို မောင်းလာခဲ့တယ် ။ မိုးတွေကလည်း ကိုဂျက်အိမ်ကထွက်ကတည်းကလိုက်လာလိုက်ကြတာ ခရီးတောင်တ၀က် မကျိုးသေးဘူး သူတို့က အုတ်လိုက်ကျင်းလိုက်နဲ့ ။မြောင်းတွေတောင် သူတို့ရဲ့ မရှိတရှိ ပါးစပ်လေးတွေနဲ့ မိုးရေတွေကို မျိုချနေလိုက်ကြတာ ပါးစပ်ကနေလျှံပြီး ကတ္တရာလမ်းပေါ်တောင် လွှမ်းနေပြီ ။

မှုန်ဝါးဝါး လေကာမှန်က ရေငွေ့တွေကို သတင်းစာ စက္ကူနဲ့ သုတ်လိုက်ရင်း ရှေ့ကမီးပွိုင့်လေးကို မျှော်ကြည့်မိတယ် ။ အဖွားကြီးလမ်းကို ပိတ်ထားပြန်တယ် ။ ဒါနဲ့ ကားဘယ်ကွေ့ အချက်ပြမီးကို ပြောင်းပြရင်း ကဘ္မာအေး ဘုရားလမ်းဘက်ကွေ့လိုက်တယ် ။် ထုံစံအတိုင်း ရွာထဲဖြတ်ပြီး ကားကိုရေကူးခိုင်းရအုံးမယ်။ ဖြတ်လမ်းဆိုလို့ ဒီတလမ်းဘဲရှိတယ်၊ တခြားတလမ်းကသွားလျှင်လည်း ဆီကုန်ပြီး လမ်းကြပ်။ sony showroom ရှေ့ရောက်တော့ ညာကွေ့ဖို့ အချက်ပြ ၊ ပြီးတော့ ရွှေတောင်ကြား ရွာထဲကွေ့ဝင်လိုက်တယ် ။

အတွေးတောင် မဆုံးသေးဘူး ရှေ့ကကားတွေက ရေကူးနေကြပြီ ။ ဟိုဘက် ကမ်းကနေ ဒီဘက်ကမ်းကိုကူးလာနေတဲ့ ကားသေးသေးလေးတွေကိုကြည့်ပြီး ငါးခူပြုံး ပြုံး မိတယ် ။ ဟိုးတုန်က ကိုဂျက်လည်း ကားသေးသေးလေးနဲ့ ဒီလိုဘဲ ရေကူးပြီးလာနေကြ ။ ကားကသေးတော့ တခါတလေ ရေစီးကြောင်းထဲမျောပြီး မြောင်းထဲကျလိုကျ တွေ့တာနဲ့ဝင်တိုက်ရင်တိုက် ။ ဟော ကိုဂျက် အခုကားကိုကြည့် ။ ပြည်တွင်းဖြစ်ကို အားပေးထားတာ ၊ စုပေါင်းစပ်ပေါင်းဂျစ်ကားကြီး ။ ရေကြီးလည်းမမျှော ၊ ကိုယ်မှားလို့ဘဲတိုက်တိုက် ၊ သူများမှားလို့ဘဲတိုက်တိုက် ၊ ဘာမှကြောက်စရာကိုမလိုဘူး ။

ရွာထဲက တိုက်ကြီးတွေက ဟီးနေတာဘဲ ။ ခြံထဲကနွား အဲ့လေ ခြံထဲကကားတွေက လည်း အပျံစား ၊ ကားထဲကဆိုဖာကြီးတွေဆို ဖင်မချရဲစရာ ။ တစီးထည်းလည်းမဟုတ် ကားစုံ ကာလာစုံ ၊၊ တိုက်ပုံစံတွေကလည်း အာရှပုံစံ ၊အနောက်နိုင်ငံ ပုံစံ ၊ အစုံဘဲ ။ တိုက်ထဲက ကိုကို မမ တို့အတွက် မိုးတွင်းဆို ဒီအိမ်ဝင်းတွေက မြစ်ကမ်းဘေးကနွေရာသီ နန်းတော် ။ သူများလို တကူးတက ရှောက်ပြီးနွေရာသီနန်းတော် ရှာစရာမလို ။ အတော်ဟန်ကျနေကြတယ် ။

ဟော …ရှေ့မှာ နောက်ဆုံးအက္ခရာနံပါတ်နဲ့ မော်ဒယ်မြင့် ကားသစ်ကြီး ရေကူးလာနေတယ် ။ ကားမောင်းတဲ့ ဖိုးဖိုးကြီးတယောက် ရေတွေကြားထဲမောင်းလာရင်း ၊ လက်သီးဆုပ်လောက်ရှိတဲ့ အဆီတထပ် အသားတထပ်ရှိတဲ့ ၀က်သားကို စားရတော့မဲ့ လူတယောက်ရဲ့ အပြုံးမျိုးပြုံးနေလို့ အံ့သြမိတယ် ။ သူ့ဘေးမှာ မိန်းကလေးတယောက် ။ ဂါဝန်တိုတို နံ့နံ့လေးကိုဝတ်ထားတော့ နဂိုဖြူသူမို့ ပေါင်လေးတွေကဖေွးပြီးဆင်းနေသည် ။ အင်းကျီဂျိုင်းပြတ် ချက်ဖော်ဝတ်ထားတော့ ၊ ချမ်းတယ်လို့ထင်ပါရဲ့ ဖိုးဖိုးကြီးလက်မောင်းကို ဖက်တွယ်ထားလေရဲ့။

ကားတွေအားလုံး ရွာထဲမှာ ရေငုပ်လိုက် ကူးလိုက်မို့ထင်ပါရဲ့ တက္ကသိုလ်ရိပ်သာလမ်း သစ်ပေါ်တက်တော့ အမောဖောက်ကုန်ပြီ ။ကားတွေကိုလမ်းဘေးထိုး နှလုံးကို operation လုပ်နေသူတွေမရှား ။ မြင်ကွင်းတခု ၊ ကားစုတ်လေးကိုပြင်နေတဲ့ ကိုယ်ယောက်ျား ၊ မိုးစိုမှာစိုးလို့ နောက်ကနေထီးလိုက်မိုးပေးနေတဲ့ ဖွားဖွား၊ သူ့မှာလည်း တကိုယ်လုံးစိုရွှဲနေပြီ ။ ဖိုးဖိုးကလည်း မျက်မှန်က ရေတွေကိုသုတ်လိုက် ၊ နဖူးကစီးကျလာတဲ့ မိုးရေကိုသုတ်လိုက် ၊ မိုးမိမှာစိုးလို့ ကားထဲမှ အေးအေးဆေးဆေးထိုင်ခိုင်းတာကိုမရတဲ့ ဖွားဖွားကိုကြည့်လိုက် သောကတွေများနေလေရဲ့ ။

လွန်ခဲ့သော ၃ - ၄ နှစ်က ကိုဂျက်တို့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့  အချိန် ။ အဲ့ဒီအချိန်က ရန်ကုန်မှာ ပတ်ထဘီ (မိန်) ခောတ်စားတယ်။ တက္ကသိုလ်မမတွေ အများဆုံးဝတ်ကြတယ်။ ကားဂိတ်မှာ အဲ့ဒီမမတွေ ဒိုင်နာကားပေါ်တက်ရင် ကျားသတ္တ၀ါမှန်သမျှ လည်ပြန်ငေးကြည့်ရတဲ့ခောတ်။ တနေ့ ကိုဂျက်တို့ ကျောင်းဆင်းတော့ မိုးရွာနေပြီ ။ လေတွေကလည်းတိုက်လိုက်တာ ..ထီးတောင်ကောင်းကောင်းဆောင်းလို့မရဘူး။

ဒါနဲ့ ရှိသမျှ ရန်ကင်း ပြန်မဲ့ သူငယ်ချင်း ၅ ယောက် ကို super salon ကားထဲ ခေါ် ။ရှေ့မှာမိန်းကလေး ၂ ယောက် ၊ ကိုဂျက်က ကားမောင်း ၊ နောက်မှာ ယောက်ျားလေး၃ ယောက် ။ အားလုံးပျော်ပျော် ပါးပါး ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲကထွက်တာနဲ့ ကိုဂျက်က ရေရှိတဲ့ ပလက်ဖောင်း ဘက်ကမောင်းတယ် ။ ဘာလို့ဆို ကားတာယာကနေ ယက်ထုတ်လိုက်တဲ့ ရေပန်းကို ကိုဂျက်တအားသဘောကျတယ်။ အဲ့ဒီမှာ နိုင်ငံခြားဘာသာကမမတယောက် လက်တဘက်က စာအုတ်ကိုဂျိုင်းကြားညှပ် ခြင်းတောင်း ကိုဆွဲ ၊ နောက်တဘက်က ထီးကိုင်ရင်း လေတိုက်ရင် လွင့်လွင့်သွားတဲ့ ပတ်ထဘီ (မိန်) ကို စွဲစွဲဖုံး။ ဖုံးလိုက်ပေါ်လိုက်နဲ့ ခမျာ မှာ တော်တော် ဒုက္ခရောက်နေတယ် ။ ဒီကြားထဲ ကိုဂျက်ကားက ရေပန်းနဲ့တကွ မောင်းတော်မူလာတော့ သူ့ခမျာ မတတ်နိုင်တဲ့အဆုံး ၊ မဖုံးနိုင်တော့တဲ့အဆုံး ထိုင်ချလိုက်ပါတော့တယ် ။ ကိုဂျက်တို့က ကိုယ့်ဘာသာပျော်ရင်ပျော်မယ် ၊ ကိုယ်ပျော်ဖို့ သူများငိုရမယ့် အလုပ်မလုပ်ဘူး ။ အဲ့ဒါကြောင့် သူကိုတွေ့ကတည်းက ရေထည်းကိုဖြတ်မမောင်းတော့ဘူး ။

အဲ့ဒီနေ့က ရွာထဲမှာ ကားတွေရေနစ်တော့ နောက်ပြန်ကွေ့ မီးပွိုင့်ကနေ ဘုရားကျောင်းရှိတဲ့ဘက်ချိုးတော့လည်း ကားတွေရေနစ်လို့ဆိုပြီး နောက်ဆုတ်ပြီး ၆ မိုင်ဘက်ကနေ ရန်ကင်းပြန်ရတယ် ။ကျောင်းဆင်းတာ ညနေ ၃ နာရီ ။ အိမ်ရောက်တော့ ည ၆ နာရီ ခွဲ ။လမ်းမှာ တော်တော် အချိန်ကုန်သွားတယ် ။ ပိတ်ထားတဲ့လမ်းကသာလာရင် ၁၅ မိနစ်ဆိုအိမ်ရောက်ပြီ ။

Internet Bill သွင်းဖို့ တိုကင်နံပ္ပါတ်ကို ကောင်တာက ခေါ်မှဘဲ အတွေးလေးတွေပြတ်တော့တယ်။ အဲဒီနေ့ကတော့ 19.6.2007 ပါ ။ အဲဒီနေ့ဟိုလမ်းလေးသာမပိတ်ခဲ့ဘူးဆိုရင် အရင်ကအ ကြောင်း တွေ အဖြစ်အပျက်တွေကို တွေးမိမယ်လို့ မမျှော်လင့်မိဘူး………………

(ညောင်းပြီ)

အကျယ်ဖတ်ရန်...

Monday 11 June 2007

မထည့်ရ မနေနိုင်ပေါင်

ကလေးတွေဆိုတာ အပေါက်တွေ့ရင် တခုခုတော့ အမြဲထည့်တတ်တယ်။ ထည်စရာ အပေါက် မတွေ့ရင်လည်း ကိုယ့်ဟာကိုဘဲ တခု မဟုတ် တခု တော့ ထည့်ကြရော ။ ဟုတ်မဟုတ် သိချင်ရင် ကိုယ့်ကလေးဘ၀ ကို ပြန်စဉ်းစား ကြည့်ကြပေါ့ ။ နောက်ပြီး သူတို့က ထည့်ပြီး ဘယ်တော့ မှ ပြန်မထုတ်တတ်ကြဘူး ။ အဲ ဘယ်လို ထုတ်ရမလဲဆို မိဘတွေလည်း မသိရင် ဆရာဝန်ဆီ ပြေးကြရော ။ အခန့်မသင့်ရင် ကလေးတွေရဲ့ အသက် ကို ပါ ထိခိုက်သွားပါတယ်။

ကိုဂျက်တို့ မလယ်မှာနေတုန်းကရော နောက် အညိုရောင် နယ်မြေမှာ နေစဉ်ကရော ဒီလို case တွေ တွေ့ဘူးတယ် ။ ကိုဂျက် လည်း အဲ့ဒီတုန်းက ကလေးဆိုတော့ ဆော့ရင်းနဲ့ ထည့် ဖူးတာဘဲ။

မလယ်က ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ ရွှေကျင်လို့ ရသလို အလှကျောက်တွေ ကလည်း မရှားဘူး ။ အလှကျောက်တွေက ကလေးတွေ အတွက် ဆော့စရာဘဲ ။ နောက်ပြီး ရွာမှာက ကလေးအကြီးဆုံးက အငယ်လေးတွေကို ထိန်းရတော့ ကလေး က ကလေးပြန်ထိန်း သလိုဖြစ်နေတယ် ။ အကြီးက ၄ နှစ်ဆိုရင် အငယ်က ၁ နှစ် ပေါ့။ အကြီးကလည်း ကလည်း ကလေးဆိုတော့ သူငယ်ချင်းတွေနဲ့ဆော့ချင်တယ်လေ ။ ဒီတော့ အငယ်လေးကို မြေကြီးပေါ် ဒီအတိုင်းချထားတတ်ကြတယ် ၊ မငိုရင်ပြီးရော သူ့ဘာသူဘာလုတ်လုတ် ။ ကလေးငယ်ဆိုပြီး အင်းကျီပါမယ် မထင်နဲ့ ။ နှပ်ချီးတွဲလောင်း ဂျီးအထပ်ထပ် မိမွေး ဖမွေး အတိုင်း မြေကြီးပေါ်မှာ မှောက်ရက်ကလေး ။

အကြီးက သူ့သူငယ်ချင်းတွေနဲ့ ဇယ်ကောက်တမ်းဆော့ ၊ ရလာတာ ဘေးမှာချ ၊ ကလေးပေါက်စက တွေ့တာအကုန် သူ့ပါးစပ်ပေါက်ထဲထည့် ။ သူ့ထက်နည်နည်းကြီးတဲ့ ကလေးကြတော့ နှာခေါင်းထဲ သြဇာစေ့ ထည်ပြီး ပြန့်မှုတ်ထုတ်တမ်း ကစား။

အဲ့ဒါနဲ့ သြဇာစေ့ကနှာခေါင်းထည်း ရောက်ပြီး ပြန်မထွက်တော့ဘူး ။ မှုတ်ထုတ်လို့လည်း မရတော့ အရပ်ကူပါလူ ၀ိုင်းပါပေါ့ ။ ကလေးကိုထိန်းတဲ့ သူကိုလည်းရိုက်ထားလိုက်ကြတာ အရပ်ကဆွဲမှဘဲ ရပ်တော့တယ် ။ သြဇာစေ့ ထုတ်ဖို့တော့ ဘယ်သူမှ ခေါင်းထည်း မထည့်ထားကြဘုး ။ သူဟာသူထွက်ဖို့ အတွက် ရေမန်း ၊ ဆီမန်း ၊ လုပ် ရတရာချေ ၊ သြဇာစေ့ ကမထွက် ။အားလုံးကလည်း ချွေးပြန်နေပြီ ၊ ဆရာဝန်ဆီပြေးဖို့တော့ ဘယ်သူမှ စိတ်မကူးဘူး ။ နောက်တော့ ကလေးမျက်ဖြူဆိုက်မှ ဘဲ ဆရာဝန်ဆီပြေးတော့တယ် ။ ဆရာဝန်ဆီရောက်တော့ ကလေးကမျှော့နေပြီ ။ ဆရာဝန်က ကလေးကို ညိမ်အောင်ချုတ်ခိုင်း ၊ခေါင်းမော့ထားခိုင်း ပြီးမှ ဇာဂနာအရှည် နဲ့ အသာဆွဲထုတ်မှဘဲ သြဇာစေ့ ကထွက်လာတော့တယ်။ အဲ့ဒီကလေးလည်း နှာခေါင်းနည်းနည်းပွ သွားတယ် ။

ပုံပြင်တခုလည်း ရှိသေးတယ် ။ ဒီကလေး ကလည်း သြဇာစေ့ကို နှာခေါင်းထဲထည့် လိုက်တာ ဆရာဝန်က ခက်ရခက်ဆစ်ပြန်ထုတ်ပေးလိုက်ပြိး “ကလေး ဘယ်လိုများ နှာခေါင်း ထဲထည့်လိုက်တာလည်း “ လို့မေးရော ။ အဲဒါနဲ့ ချာတိတ် က “သားကဒီလိုဘဲ ထည်လိုက်” တာဆိုပြီး နှာခေါင်းထဲပြန်ထည့် လိုက်တယ်တဲ့ ။

ကိုဂျက်ကြတော့ တမျိုး ။ အိမ်ပေါ်တက်တဲ့ လှေခါးကြားကို ခေါင်းဆောင်းပြီးထည့် လိုက်တာပြန်ထုတ်မရတော့ဘူး ။ လူကြီးတွေလာ ထုတ်ပေးမှဘဲ ရတော့တယ် ။

နောက်တခါကြတော့ ပါးစပ်ထဲ မီးခဲထည့်တာ ၊ အဲ့ဒါ ကိုယ့်ဟာကို ထည့်တာမဟုတ်ဘူး ။ ကိုဂျက်တို့ ရွာမှာက ကလေးပိစိလေးကစပြီး လူကြီးအထိ မအေ ၊ နှမ ကိုင်ဆဲတတ်ကြတယ် ။ ဒီလိုဆဲလို့လည်း ဘယ်သူမှ နာရကောင်းမှန်းမသိဘူး ။ ခလုပ်တိုက်လည်ဆဲ ၊ဘုရားရှိခိုးရင်း ရောင်ရင်လည်းဆဲ ၊ တရွာလုံးမဆဲတတ်သူမရှိဘူး ။ ကိုဂျက်တို့ အိမ်ရှေ့မှာ အရက်သမားလင်မယားရှိတယ် ၊ သူတို့ ကညနေတိုင်း အရက်မူးပြီးရန်ဖြစ် ၊ မိုးမွန်အောင်ဆဲ ။ ကြာတော့လည်း ကိုဂျက်က သူတို့ဆဲတာအလွတ်ရလာတယ် ။ ပေါင်းတဲ့ သူငယ်ချင်တွေက လည်း အကုန်ဆဲတတ်ကြယ် ။ ကို ကလည်း ဒါတွေကို ဆဲတယ်လို့မထင် ။ သူပြောလို့ ကိုယ်ပြောတာလို့ဘံထင်နေတာ။

အဲ့လို ဆဲနည်းပေါင်းစုံကို ၄ - ၅ နှစ်သား မှာ ကိုဂျက် အာဂုံဆောင်နိုင်ခဲ့တယ် ။ နောက်တော့ ဖခမည်းတော် ရွှေနားတော်ပေါက်ကြးသွားတော့ ၊ ကြိမ်မကူဘဲ မီးဖိုဆောင်ကို တရွတ်တိုက်ဆွဲခေါ်သွားတယ် ၊၊ အဆောင်တခါးကိုပိတ် ။ ကိုဂျက်ကို ပေါင်ကြားမှာညှပ်ပြီး ဆဲအုန်း ဒီပါးစပ်ဆိုပြီး ရဲရဲနီနေနဲ့ မီးသွေးခဲကို မီးညှပ်နဲ့ ယူပြီး ပါးစပ် နားတေ့ထားတယ် ။ ဘာပြောကောင်းမှာလည်း ကိုဂျက်တို့ က ဆဲတာအကျင့်ပါနေတော့ ငိုရင်းဆဲရင်းပေါ့ ။ အဲ့ဒါနဲ့ အဖေကဒေါသပိုထွက် ပိုရိုက် ပိုလုပ် ၊ သားအဖနှစ်ယောက်ထည်း ငရဲခန်း ရောက်နေသလိုဘဲ ။ နောက်တော့ ကိုဂျက်လည် ငိုလွန်းလို့မောပြီး စကားမပြောနိုင်တော့မှ မီးဖိုဆောင်မှာ တယောက်တည်း သော့ခတ်ပြီးထားခဲ့တယ်။

အဲ့ဒါပြီးတော့ နောက်ပိုင်လည်း ကိုဂျက်လည်း မဆဲရဲတော့ပါဘူး။

ဒါကြောင့်ပြောတာ ကလေးတွေက အပေါက်တွေ့ရင် တခုခု ထိုးထည့်ချင်ကြတယ်။ ကြမ်းပေါက်တွေ့လည်း ခြေထောက်လေးထိုးထည့်လိုက်ရမှ ။ အပေါက်တွေ့လည်း ကြည့်လိုက်ရမှ ၊ လက်ထဲ ထီးကိုင်ထားလည်း ပါးစပ်ထဲ ထိုးထည့်လိုက်ရမှ ၊ နှခေါင်းထည်းလည်း လက်နှိုက်လိုက်ရမှ ကလေးတိုင်းကြေနပ်ကြတယ်။ ဒီလိုမှ မလုပ်ရင် ကလေး မပီသတော့ သလိုဘဲ…

အကျယ်ဖတ်ရန်...

Sunday 3 June 2007

ခံလိုက်ကြရအောင်

ကားအာမခံကြေးပေးဖို့ရုံးကိုရောက်တော့ မနက် ၉း၃၀ ခွဲ ။ ကားပေါ်ကဆင်းဆင်းချင်း ပွဲစားတွေက လုပ်ပေးရမလား ၊ မုန့်ဖိုး ၅၀၀ ဘဲပေးပါ။ ဒါနဲ့ ကိုဂျက်လည်း တချက်ပြူးကြည့် လိုက်တော့ နဲနဲရှိန်ကုန်တာပေါ့။ သူတို့အချင်းချင်း လက်တို့ပြီး အရာရှိလားမသိဘူးဆိုပြီး ၊ ပျောက်ကုန်ကြတော့တာဘဲ ။ သူတို့ပြောမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတယ် ။ အင်ကျီအဖြူ နဲ့ ပုဆိုးအပြာ ၊ လက်ထဲမှာလည်း လက်ဆွဲအိတ်နဲ့ ။ ရုပ်ကလည်း တလောကလုံး တင်ကျွေးထား တဲ့ ရုပ်ဆိုတော့ သူတို့ထင်လည်း မမှားဘူးပေါ့။
ရုံးက ၁၀နာရီမှ ဖွင့်မှာဆိုတော့ တန်းစီရ ၊ ၀င်လို့ရတော့လည်း ၀င်ချိန် ၊ ထွက်ချိန်တွေကို တခါတည်း လက်မှတ်ထိုး ၊ ပြီးမှဘဲ အပေါ်တက်လို့ရတယ်။ အာမခံကြေးသွင်းတဲ့ စာအုပ်ကိုထပ်ပြီးတော့ သူတို့က စလစ်စာရွက်နဲ့ စာအုပ်တအုပ်ကို ပေးတယ် ။ ကိုဂျက်တို့က ၁၀၀၀ ကျပ်ကို သူတို့ကို ပြန်ပေးရတယ်။ အဲ့ဒါပြီးမှဘဲ ကိုဂျက်လည်း ထိုင်ဖို့နေရာရှာ ၊ ရလာတဲ့စာအုပ်ကို အေးအေးဆေးဆေး ဖတ်နေမိတယ်။
ကိုဂျက်က အာမခံကြေး အကြောင်း သိပ်မသိတော့ ဘာတွေအာမခံလို့ရလဲဆိုတာ ဖတ်ကြည့်နေမိတယ် ။ မီးအာမခံ ၊ ရေ / လေ အာမခံ ၊ နောက်တော့ အသက်အာမခံ ၊ သူတပါးထိခိုက်မှုအာမခံ ။ တော်တော်လေးပြည့်ပြည့်စုံစုံ အာမခံပေးထားတယ် ။ ကိုဂျက် ကားတိုက် ကတည်းက အာမခံကို စိတ်ဝင်စားနေတာ ၊ ဘာလို့ဆို အာမခံကြေးမထုတ်ပါဘူးဆိုပြီး လက်မှတ်ထိုး လိုက်ရလို့လေ။
ရန်သူမျိုး ၅ ပါးထဲမှာ ရေ၊ လေ၊ မီးတော့ အာမခံလို့တယ်ဆိုတော့ နောက်၂မျိုးကရော အာမခံလို့မရဘူးလားလို့စဉ်းစားမိတယ်။ မစဉ်းစားဘဲ ဘယ်နေနိုင်မလဲ ။ သူတို့ကပြောထား တယ် ဟိုတခါလေဘေးထိတော့ သူတို့က ဘယ်လောက် ပေးရတယ် ။ဘာညာပေါ့ ။ သိန်းသန်းချီပြီးပြောတော့အားကျတာပေါ့ ။ နောက်ပြီး ကိုဂျက်က ကားကိုလည်း ရေ /လေ အာမခံထားချင်တယ်လေ ။ ကိုယ်ရဲ့ကားလေး မြို့လယ်ကောင်ရေနစ်ရင် ပြင်ဆင်စရိတ်ကကြီးတယ်မဟုတ်လား ။ ဒါ့ကြောင့်ထားချင်တာ။ ရန်သူမျိုး ၅ ပါးထဲက နောက် ၁ မျိုးကို စိတ်ဝင်စားတယ် ။ ဒါကတော့ အခုမရှိတော့ပါဘူး ။ ဘာလဲဆိုတော့ တိုင်းပြည်အုပ်ချုပ် တဲ့ မင်းတွေကိုပေါ့ ။ သူတို့ ဖျက်ဆီးရင် ကုန်းကောက်စရာမရှိအောင် ပြောင်တယ်ဆိုတော့ သူတို့အာမခံလေးထားရရင်ကောင်းမလားလို့ ။ တော်သေးတယ် ဒီခောတ်ကြီးထဲမှာ မင်းတွေမရှိတော့လို့ ။ နို့မဟုတ်ရင် ကိုဂျက်က ဒီအာမခံချက်ကို သူများတွေထက် ဦးအောင်ကို ထားပစ်လိုက်မှာ ။ နောက်တမျိုးတော့ ကိုဂျက် လည်းမေ့နေပြီ ၊
ကိုဂျက်တို့ကရှင်းတယ် ခံစရာရှိ အကုန်ခံမှာဘဲ ။ ရှောက်မတွေးနဲ့ အာမခံကိုပြောနေတာ။ သူများနိုင်ငံတွေတောင် အာမခံ အမျိုးမျိုးရှိတာ ။ ရန်ကုန်မြို့က ကားရှိတဲ့သူတွေ ကိုယ့်ကားလေး ရေနှစ်မှာဆိုး ရေ၊မီး အာမခံ ၊ လူနေထူထပ်တဲ့နေရာ ၊ မီးအပျက်များတဲ့နေရာတွေမှာ မီးခဏ ခဏ လောင်တတ်လို့ မီးအာမခံ ၊ ရေလျှံတတ်တဲ့နေရာတွေမှာ မြွေအာမခံ ၊ရေအာမခံ ၊ရေလျှံပြီး အသက်သေမှာဆိုးရင် အသက်အာမခံ လုပ်ထား ဖို့လိုတယ် ။
ကိုဂျက် လျှောက်ပြီးတွေးနေလိုက်တာ ၊ တယောက်ထဲ ပြုံးလိုက် ရယ်လိုက်နဲ့ဆိုတော.စာရေးမက ကားနံပ္ပါတ်ကို ခေါ်တော့မှ ကိုဂျက်တွေးနေတာလေးတွေပျောက်ကုန်တော့တယ်။ ပေးစရာရှိပေးပြီး ယူစရာရှိတာယူပြီး ကိုဂျက်လည်း ရုံးပေါ်ကဆင်းလာတော့ ၁၁ နာရီ ။ အပြင်ကို ရောက်ရောက်ချင်း မိုးရနံ့ နဲ့ လေပြေအေးလေးတိုက်ခတ်လိုက်တော့မှဘဲ ခုဏကအတွေးတွေ အကုန်ပျောက်ပြီး လန်းဆန်းလာ ပါတော့ တယ်။

အကျယ်ဖတ်ရန်...

Friday 1 June 2007

သမိုင်းထဲက သီချင်း တပုဒ်

(၁၉၄၂ ခု စက်တင်ဘာလ ၆ ရက် နေ့လည် ၂ နာရီ အချိန် ဗိုလ်တေဇ နဲ့ ဒေါ်ခင်ကြည် တို့ ရဲ့ လက်ထပ်ပွဲမှာဆရာရွှေပြည်အေးကိုယ်တိုင် ရေးသားသီကုံးခဲ့သော သီချင်း )

မင်းကပ္ပိန္ဒနဲ့ အနော်ဇာ ပုံပမာ ဘိသိက် လောင်းကာ …ပေါင်းသဟာ အောင်ကြောင်းနဲ့ ဖြင့် ဆုတောင်းမယ်သည်အခါ ရတနာရွှေမိုးရွာ ၊ ရက်မြတ်မှာ အထက်နတ်ပါ၊လက်ထပ်ပွဲကို နွှဲမယ်လာ နှစ်ဦးမကွာ-ရွှေဖူးစာဆုံကြတာ..။

ရွှေနဲ့မြပမာ ၊ ဂဟေဆက်ပေတာ ကြက်သရေဖြာ ၊ ပတ္တမြား ကျောက်မျက်ရွဲနဲ့သာ ချယ်လှယ်စီကာ မြရေခွက်မှာ ညီညာလှ ရွှေသက်လျာ တူနှစ်ဖြာ….လနေထွက်တဲ့ပုံပမာ ၊ ရေဖြန်းမင်္ဂလာ ပြုမယ်သည်ချိန်ခါ..။

(ဗိုလ်တေဇရဲ့ ကုသိုလ်ထူးတာ သူဇာယမင်းလို ၀င်းကြည်ပတာ အလှထိပ်တင် မခင်ကြည်ပါ၊တူနှစ်ဖြာတွဲလို့ နွှဲယှဉ်ကာ ရှေးရေစက်ပေါင်း အကြောင်းဆုံလာ ငွေခရုသင်းနဲ့ သာယာညှင်းကာ အောင်ဇေယျတုသဗ္ဗ အောင်မင်္ဂလာ)၂

ရပ်ရွာဆွေမျိုး မိဘစုံစွာအပ်ခဲ့ပါတော့မှာ ကိုမောင်အေးက အထူးဘဲကူညီတာ ၊ ၀ိုင်းဝန်းလို့သာ အားထုတ်ာကာ ၊ ဗိုလ်တေဇရဲ့ ဂုဏ်ရည်ကိုသာ အထူးပင်ပြောကာပြမှာ တကယ်ဘဲ နားဆင် တော်မူပါ ၊ ဥာဏ်ပညာ ပြည့်စုံစွာ သဘောထားလည်းကောင်းပေတာ အသက်ငယ်ပေမယ့်လို့သာ မြင့်မြတ်တဲ့ စိတ်သဘောထားဟာ မိတ်များစွာ အားလုံးယုံ ကြည်ပါ။

အကျယ်ဖတ်ရန်...

Powered By Blogger