Wednesday 20 June 2007

ရေကူးကြမယ်


Bagan မှာ Internet Bill ဆောင်ဖို့ တက္ကသိုလ်ရိပ်သာလမ်းသစ်အတိုင်း စီးတော်ယာဉ်လေးကို မောင်းလာခဲ့တယ် ။ မိုးတွေကလည်း ကိုဂျက်အိမ်ကထွက်ကတည်းကလိုက်လာလိုက်ကြတာ ခရီးတောင်တ၀က် မကျိုးသေးဘူး သူတို့က အုတ်လိုက်ကျင်းလိုက်နဲ့ ။မြောင်းတွေတောင် သူတို့ရဲ့ မရှိတရှိ ပါးစပ်လေးတွေနဲ့ မိုးရေတွေကို မျိုချနေလိုက်ကြတာ ပါးစပ်ကနေလျှံပြီး ကတ္တရာလမ်းပေါ်တောင် လွှမ်းနေပြီ ။

မှုန်ဝါးဝါး လေကာမှန်က ရေငွေ့တွေကို သတင်းစာ စက္ကူနဲ့ သုတ်လိုက်ရင်း ရှေ့ကမီးပွိုင့်လေးကို မျှော်ကြည့်မိတယ် ။ အဖွားကြီးလမ်းကို ပိတ်ထားပြန်တယ် ။ ဒါနဲ့ ကားဘယ်ကွေ့ အချက်ပြမီးကို ပြောင်းပြရင်း ကဘ္မာအေး ဘုရားလမ်းဘက်ကွေ့လိုက်တယ် ။် ထုံစံအတိုင်း ရွာထဲဖြတ်ပြီး ကားကိုရေကူးခိုင်းရအုံးမယ်။ ဖြတ်လမ်းဆိုလို့ ဒီတလမ်းဘဲရှိတယ်၊ တခြားတလမ်းကသွားလျှင်လည်း ဆီကုန်ပြီး လမ်းကြပ်။ sony showroom ရှေ့ရောက်တော့ ညာကွေ့ဖို့ အချက်ပြ ၊ ပြီးတော့ ရွှေတောင်ကြား ရွာထဲကွေ့ဝင်လိုက်တယ် ။

အတွေးတောင် မဆုံးသေးဘူး ရှေ့ကကားတွေက ရေကူးနေကြပြီ ။ ဟိုဘက် ကမ်းကနေ ဒီဘက်ကမ်းကိုကူးလာနေတဲ့ ကားသေးသေးလေးတွေကိုကြည့်ပြီး ငါးခူပြုံး ပြုံး မိတယ် ။ ဟိုးတုန်က ကိုဂျက်လည်း ကားသေးသေးလေးနဲ့ ဒီလိုဘဲ ရေကူးပြီးလာနေကြ ။ ကားကသေးတော့ တခါတလေ ရေစီးကြောင်းထဲမျောပြီး မြောင်းထဲကျလိုကျ တွေ့တာနဲ့ဝင်တိုက်ရင်တိုက် ။ ဟော ကိုဂျက် အခုကားကိုကြည့် ။ ပြည်တွင်းဖြစ်ကို အားပေးထားတာ ၊ စုပေါင်းစပ်ပေါင်းဂျစ်ကားကြီး ။ ရေကြီးလည်းမမျှော ၊ ကိုယ်မှားလို့ဘဲတိုက်တိုက် ၊ သူများမှားလို့ဘဲတိုက်တိုက် ၊ ဘာမှကြောက်စရာကိုမလိုဘူး ။

ရွာထဲက တိုက်ကြီးတွေက ဟီးနေတာဘဲ ။ ခြံထဲကနွား အဲ့လေ ခြံထဲကကားတွေက လည်း အပျံစား ၊ ကားထဲကဆိုဖာကြီးတွေဆို ဖင်မချရဲစရာ ။ တစီးထည်းလည်းမဟုတ် ကားစုံ ကာလာစုံ ၊၊ တိုက်ပုံစံတွေကလည်း အာရှပုံစံ ၊အနောက်နိုင်ငံ ပုံစံ ၊ အစုံဘဲ ။ တိုက်ထဲက ကိုကို မမ တို့အတွက် မိုးတွင်းဆို ဒီအိမ်ဝင်းတွေက မြစ်ကမ်းဘေးကနွေရာသီ နန်းတော် ။ သူများလို တကူးတက ရှောက်ပြီးနွေရာသီနန်းတော် ရှာစရာမလို ။ အတော်ဟန်ကျနေကြတယ် ။

ဟော …ရှေ့မှာ နောက်ဆုံးအက္ခရာနံပါတ်နဲ့ မော်ဒယ်မြင့် ကားသစ်ကြီး ရေကူးလာနေတယ် ။ ကားမောင်းတဲ့ ဖိုးဖိုးကြီးတယောက် ရေတွေကြားထဲမောင်းလာရင်း ၊ လက်သီးဆုပ်လောက်ရှိတဲ့ အဆီတထပ် အသားတထပ်ရှိတဲ့ ၀က်သားကို စားရတော့မဲ့ လူတယောက်ရဲ့ အပြုံးမျိုးပြုံးနေလို့ အံ့သြမိတယ် ။ သူ့ဘေးမှာ မိန်းကလေးတယောက် ။ ဂါဝန်တိုတို နံ့နံ့လေးကိုဝတ်ထားတော့ နဂိုဖြူသူမို့ ပေါင်လေးတွေကဖေွးပြီးဆင်းနေသည် ။ အင်းကျီဂျိုင်းပြတ် ချက်ဖော်ဝတ်ထားတော့ ၊ ချမ်းတယ်လို့ထင်ပါရဲ့ ဖိုးဖိုးကြီးလက်မောင်းကို ဖက်တွယ်ထားလေရဲ့။

ကားတွေအားလုံး ရွာထဲမှာ ရေငုပ်လိုက် ကူးလိုက်မို့ထင်ပါရဲ့ တက္ကသိုလ်ရိပ်သာလမ်း သစ်ပေါ်တက်တော့ အမောဖောက်ကုန်ပြီ ။ကားတွေကိုလမ်းဘေးထိုး နှလုံးကို operation လုပ်နေသူတွေမရှား ။ မြင်ကွင်းတခု ၊ ကားစုတ်လေးကိုပြင်နေတဲ့ ကိုယ်ယောက်ျား ၊ မိုးစိုမှာစိုးလို့ နောက်ကနေထီးလိုက်မိုးပေးနေတဲ့ ဖွားဖွား၊ သူ့မှာလည်း တကိုယ်လုံးစိုရွှဲနေပြီ ။ ဖိုးဖိုးကလည်း မျက်မှန်က ရေတွေကိုသုတ်လိုက် ၊ နဖူးကစီးကျလာတဲ့ မိုးရေကိုသုတ်လိုက် ၊ မိုးမိမှာစိုးလို့ ကားထဲမှ အေးအေးဆေးဆေးထိုင်ခိုင်းတာကိုမရတဲ့ ဖွားဖွားကိုကြည့်လိုက် သောကတွေများနေလေရဲ့ ။

လွန်ခဲ့သော ၃ - ၄ နှစ်က ကိုဂျက်တို့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့  အချိန် ။ အဲ့ဒီအချိန်က ရန်ကုန်မှာ ပတ်ထဘီ (မိန်) ခောတ်စားတယ်။ တက္ကသိုလ်မမတွေ အများဆုံးဝတ်ကြတယ်။ ကားဂိတ်မှာ အဲ့ဒီမမတွေ ဒိုင်နာကားပေါ်တက်ရင် ကျားသတ္တ၀ါမှန်သမျှ လည်ပြန်ငေးကြည့်ရတဲ့ခောတ်။ တနေ့ ကိုဂျက်တို့ ကျောင်းဆင်းတော့ မိုးရွာနေပြီ ။ လေတွေကလည်းတိုက်လိုက်တာ ..ထီးတောင်ကောင်းကောင်းဆောင်းလို့မရဘူး။

ဒါနဲ့ ရှိသမျှ ရန်ကင်း ပြန်မဲ့ သူငယ်ချင်း ၅ ယောက် ကို super salon ကားထဲ ခေါ် ။ရှေ့မှာမိန်းကလေး ၂ ယောက် ၊ ကိုဂျက်က ကားမောင်း ၊ နောက်မှာ ယောက်ျားလေး၃ ယောက် ။ အားလုံးပျော်ပျော် ပါးပါး ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲကထွက်တာနဲ့ ကိုဂျက်က ရေရှိတဲ့ ပလက်ဖောင်း ဘက်ကမောင်းတယ် ။ ဘာလို့ဆို ကားတာယာကနေ ယက်ထုတ်လိုက်တဲ့ ရေပန်းကို ကိုဂျက်တအားသဘောကျတယ်။ အဲ့ဒီမှာ နိုင်ငံခြားဘာသာကမမတယောက် လက်တဘက်က စာအုတ်ကိုဂျိုင်းကြားညှပ် ခြင်းတောင်း ကိုဆွဲ ၊ နောက်တဘက်က ထီးကိုင်ရင်း လေတိုက်ရင် လွင့်လွင့်သွားတဲ့ ပတ်ထဘီ (မိန်) ကို စွဲစွဲဖုံး။ ဖုံးလိုက်ပေါ်လိုက်နဲ့ ခမျာ မှာ တော်တော် ဒုက္ခရောက်နေတယ် ။ ဒီကြားထဲ ကိုဂျက်ကားက ရေပန်းနဲ့တကွ မောင်းတော်မူလာတော့ သူ့ခမျာ မတတ်နိုင်တဲ့အဆုံး ၊ မဖုံးနိုင်တော့တဲ့အဆုံး ထိုင်ချလိုက်ပါတော့တယ် ။ ကိုဂျက်တို့က ကိုယ့်ဘာသာပျော်ရင်ပျော်မယ် ၊ ကိုယ်ပျော်ဖို့ သူများငိုရမယ့် အလုပ်မလုပ်ဘူး ။ အဲ့ဒါကြောင့် သူကိုတွေ့ကတည်းက ရေထည်းကိုဖြတ်မမောင်းတော့ဘူး ။

အဲ့ဒီနေ့က ရွာထဲမှာ ကားတွေရေနစ်တော့ နောက်ပြန်ကွေ့ မီးပွိုင့်ကနေ ဘုရားကျောင်းရှိတဲ့ဘက်ချိုးတော့လည်း ကားတွေရေနစ်လို့ဆိုပြီး နောက်ဆုတ်ပြီး ၆ မိုင်ဘက်ကနေ ရန်ကင်းပြန်ရတယ် ။ကျောင်းဆင်းတာ ညနေ ၃ နာရီ ။ အိမ်ရောက်တော့ ည ၆ နာရီ ခွဲ ။လမ်းမှာ တော်တော် အချိန်ကုန်သွားတယ် ။ ပိတ်ထားတဲ့လမ်းကသာလာရင် ၁၅ မိနစ်ဆိုအိမ်ရောက်ပြီ ။

Internet Bill သွင်းဖို့ တိုကင်နံပ္ပါတ်ကို ကောင်တာက ခေါ်မှဘဲ အတွေးလေးတွေပြတ်တော့တယ်။ အဲဒီနေ့ကတော့ 19.6.2007 ပါ ။ အဲဒီနေ့ဟိုလမ်းလေးသာမပိတ်ခဲ့ဘူးဆိုရင် အရင်ကအ ကြောင်း တွေ အဖြစ်အပျက်တွေကို တွေးမိမယ်လို့ မမျှော်လင့်မိဘူး………………

(ညောင်းပြီ)

No comments:

Powered By Blogger