Wednesday 7 November 2007

ကူညီကြပါ

နိုဝင်ဘာ ၂ ရက်နေ့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်း ၀တ်ပြုဆုတောင်းပွဲလေ၊သေလွန် ပြီး ငရဲငယ်မှာ ကျခံနေရတဲ့ ၀ိညာဉ်တွေကို ဆုတောင်းပေးကြတာပါ။ ဒီနှစ်လည်း ကိုဂျက် တခေါက်ရောက်ခဲ့ပြန်ပီ။
ထာဝရဘုရားသခင်ဆီမှာ အိပ်ပျော်သွားကြတဲ့ အဘိုးတွေ ၊ အဘွားတွေ ၊ အကိုတွေ အတွက်ရယ် နောက်ပီး တခြားဝိညာဉ်တွေ အတွက်လည်း အထူးဆုတောင်းပေးခဲ့ပါတယ်။ ခါတိုင်းနှစ်တွေလိုပဲ ကိုဂျက်တို့ အမျိုး တွေစုပြီး မနက်အစောကြီးထပြီးသွားကြတယ်။ သင်္ချိုင်းရောက်တော့ တခါးကို ပိတ်ထားလို့ ကားကိုအပြင်မှာရပ်၊ ကားထဲက နှင်းဆီ၊စပယ်၊ဖယောင်းတိုင် ထုပ်တွေကို သယ်ပြီး အဘွားအုတ်ဂူကိုသွားကြတယ်။ သင်္ချိုင်း တံခါးပတ်ဝန်းကျင်မှာတော့ ပန်းရောင်းမယ့်သူတွေက ဈေးဆိုင်တွေပြင် ၊ သူတောင်းစားတချို့က တောင်းရမ်းဖို့ နေရာကောင်းတွေ ရွေးနေကြပါတယ်။ သူတို့ကိုကျော်ပြီးမှ သင်္ချိုင်းထဲရောက်တော့တယ်။ အထဲလည်း ရောက်ရော “ကိုယ်လည်း တနေ့ဒီနေရာရောက်မှာပါလား” ဆိုတဲ့ စိတ်ကလေးက မခေါ်ပဲနဲ့ အတင်း ၀င်လာတယ်။ အုတ်ဂူပေါင်းများစွာက မျက်စိတဆုံးပဲ ၊ အုတ်တံတိုင်းနဲ့ကတ်နေတဲ့ အုတ်ဂူလေးတွေကတော့ ရေနစ်နေလေရဲ့ ၊ ပြုပြင်ပေးမဲ့သူမရှိ ၊ ဂရုစိုက်မဲ့သူမရှိတဲ့ ဒီအုတ်ဂူုလေးတွေရဲ့ပိုင်ရှင် ၀ိညာဉ်တွေကတော့ ဘယ်လိုနေရှာမလည်းမသိ။ သင်္ချိုင်းလမ်းကြောင်းလေးအတိုင်းလျှောက်လာရင်း အဘွားဆုံးပြီး ၁ လအကြာ က အဖြစ်အပျက်လေးကို သတိရမိသေးတယ်။ ဒီတုန်းက အဘွားကို ကြံတော သင်္ချိုင်းမှာ သင်းဂျိုထားတာ၊ ကြံတောက အစိုးရသိမ်းတဲ့ထဲပါပြီး ရေဝေးကို ပို့ရတယ်။ ဒီတုန်းက ရေဝေးက စတည်ကာစဆိုတော့ ဘယ်စနစ်ကျမှာလည်း၊ ပိုင်ရှင်မဲ့အလောင်းတွေကိုကားနဲ့တင်လာပြီး ချစရာကျင်းမရှိသေးတော့ နေပူကျဲတဲ ကာထဲမှာ အလောင်းတွေထပ်ထားတော့ အပုတ်နံ့တွေ လှိုင်ထနေတာပဲ။ အဲ့နေ့ကဆို ကိုဂျက် ထမင်းစားလို့မရဘူး ၊လူသေကောင်က ထွက်လာတဲ့ အရိရွဲတွေ ၊ လောက်တွေနဲ့ အရိုးဖြူဖြူပေါ်နေတဲ့ အလောင်းတွေကို ခုထိ မျက်စိထဲက မထွက်ဘူး။ အဘွားအုတ်ဂုနားရောက်မှပဲ လွင့်ဝဲနေတဲ့စိတ်တွေ ရပ်နားသွားတော့တယ်။ အမေတို့က အုတ်ဂူဖြူဖြူလေးပေါ်မှာ ရောင်စုံပန်းပွင့်တွေကို ခင်းကျင်းနေတယ်။ နောက်အပေါ်ကနေ အဘွားကြိုက်တဲ့ စပယ်ပန်းလေးကို ဖြန့်ခင်းလိုက်တယ်၊နောက်ဆုံးတော့ အုတ်ဂူုပတ် ပတ်လည်ကို ဖယောင်းတိုင်း ၀တုတ်တုတ်လေးတွေကို လိုက်စိုက်ပြီး မီးထွန်းလိုက်တယ်။ ရုတ်တရက် လေအဝှေ့မှာ ပန်းရနံ့လေးတွေက လူကိုလန်းဆန်းသွားစေတယ်။ အားလုံးပြင်ဆင်ပြီးပီဆိုမှ ဦးလေးအငယ်ဆုံး ရောက်လာတယ်။ သူတို့လင်မယားနောက်မှာ မိန်းမကြီးတယောက်ပါလာတော့ သူတို့ အိမ်ဖော်လို့ထင်နေတာ။ နောက်တော့ ကိုဂျက်တို့နားထိလိုက်မလာပဲ အုတ်ဂူတခုပေါ်မှာ ထိုင်နေတော့မှပဲ သူတောင်းစားမှန်း သိလိုက်ရတယ်။ကိုဂျက်တို့လည်း ပုတီးစိတ်၊သေသူတွေရဲ့ ၀ိညာဉ်တွေကို ဆုတောင်းနဲ့ အတော်လေးကို ကြာသွားပါတယ်။ သင်္ချိုင်းစောင့်တွေက တချို့အုတ်ဂူတွေနားက မြက်တွေရှင်း ၊ ရေကျဲကျဲနဲ့ အရောင်ရောထားတဲ့အရည်တွေကို အုတ်ဂူမှာသုတ်ရင်း ကိုဂျက်တို့ကို ချောင်းချောင်းကြည့်နေတယ်။ သူတို့ကြည့်တာတော့ သိတယ်၊ ဒါပေမဲ့ အမှတ်တမဲ့ပေါ့။ ကိုဂျက်တို့ဆုတောင်းပွဲပြီးတော့ အဘွားကို ကန်တော့ ၊ မေတ္တာရေဖြန်းပြီး ပြန်ဖို့ပြင်ကြတယ်။ ဦးလေးအငယ်ဆုံးကတော့ အုတ်ဂူကို ပိုက်ဆံပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းပေမဲ့ မလုပ်တဲ့ သင်္ချိုင်းစောင့်တွေကို ကျိန်ဆဲရင်း သူ့မိန်းမ အမျိုးတွေရဲ့ အုတ်ဂူတွေဖက်ကို ထွက်သွားလိုက်တယ်။ ခုဏက သူတို့နောက်ကလိုက်လာတဲ့ အဘွားကြီးက အမဲကိုတွေ့တဲ့ ခြင်္သေ့တကောင်လို မြန်ဆန်လှတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ ကိုဂျက်တို့ကို ပိုက်ဆံတောင်းပါလေရော၊ ကိုဂျက်တို့သားအမိက လက်မြန်တယ်။ သူများမတောင်းခင်ကတည်းက ပိုက်ဆံအိတ်နှိက်ပီးသား၊ လက်မဖြန့်ခင်ကတည်းက ပေးပြီးသား၊ ပေးပြီးတော့လည်း သေသူအတွက် ကုသိုလ်လို့ ပြိုင်တူပြောတာပဲ။ ကိုဂျက်တို့လည်း ဆုတောင်းချင်းပီးတော့ အိမ်ပြန်ဖို့ ကားဆီထွက်လာခဲ့တယ်လေ။ သင်္ချိုင်းတံခါးအပြင်ရောက်တော့ အာလာလား၊ နည်းတဲ့သူတောင်းစာအုပ်ကြီး၊ ဘုစုခရုကနေ အဘွားကြီးတွေအထိပဲ။ ပန်းဆိုင်တွေကလည်း အများကြီးပဲ။ သူတို့ကိုကျော်ခွပြီး ကားကိုမောင်းထွက်လာတယ်။ သူတို့ကိုရှောင်ရတာမျိုး ၊ အင်းမတန် စောက်နက်တဲ့ ကျင်းခွက်ကြီးတွေကို ရှောင်ရတာတမျိုး၊ နောက်ဆုံး သချို င်္းကထွက်တော့ အတော်မူးနေပီ။
သူတောင်းစားတွေများလာလိုက်တာ တနေ့ထက်တနေ့ များများလာတယ်။ ခန္ဓာကိုယ် အကောင်းပကတိ သန်သန်မာမာကြီးတွေကလည်းတောင်းရမ်းနေတာပဲ၊ ကလေးတွေက ကလေးတွေချီပီး တောင်းရမ်းနေတာ မမြင်ချင်မှအဆုံး၊ သူတို့ဒီလိုတောင်းနေတာတွေ့တော့ ဘ၀ကို အနိုင်မခံ အရှုံးမပေးပဲတိုက်ပွဲဝင်နေတဲ့ ခြေနှစ်ဖက်မရှိလို့ ဘီးတပ်ကလားထိုင်လေးမှာ စပယ်ပန်းရောင်းတဲ့ ဒုက္ခတိ၊ လေဖြတ်နေပေမယ့် ပန်းလိုက်ရောင်းနေတဲ့ သူတွေကို ပိုလေးစားမိတယ်။ တောင်းစားတဲ့ အလုပ်က ဒီခောတ်ကြီးမှာ ပိုတွင်ကျယ်လာတယ်။ အလွယ်တကူရတယ်လေ။ နောက်ပီး ကလေးတွေ မီးပွိင့်တွေကြားမှာ တောင်းနေတာ အရမ်းအန္တရယ်များတယ်။ဘယ်မီးပွိုင့်မဆို သူတို့ချည်းပဲ။ တိုင်းပြည်ဆင်းရဲလို့ သူတောင်းစားတွေ များလာတယ်လို့ ကိုဂျက်မြင်တယ်။ သူတောင်းစားတွေ အချင်းချင်း သတင်းဖြန့်ဝေမှုက အရမ်းမြန်တယ်လို့ ကိုဂျက်ထင်တယ်၊ ဘာလို့ဆို ရန်ကုန်မြို့တွင်း ဘယ်နေရာမှာ အလှူရှိတယ်၊ပွဲရှိတယ်ဆိုတာနဲ့ တမြို့လုံးက သူတောင်းစားတွေ အဲ့ဒီနေရာရောက်ကုန်တာပဲ။ အဲ့ဒီလိုနေ့မျိုးဆို မြို့ထဲမှာ သူတောင်းစား သိပ်မတွေ့ရတော့ဘူး။ သင်္ချိုင်းကပြန်လာပြီးတော့ သိပ်မကြာဘူး၊ ဦးလေးအငယ်ဆီက ဖုန်းဝင်လာတယ်။ သင်္ချိုင်းမှာ သူ့မိန်းမအမျိုးတွေလိုက်ဆုတောင်းပြီးတော့ အဘွားအုတ်ဂူဆီကို ပြန်သွားတယ်တဲ့။ အဲ့ဒီမှာ လွန်ခဲ့တဲ့ ၁၅ မိနစ်က ထားခဲ့တဲ့ပန်းတွေ ၊ ဖယောင်းတိုင်တွေ အားလုံး ၊ဘာမှမကျန်အောင်ကို ပျောက်သွားတယ်တဲ့ဗျာ။ သေသူအတွက်ထားပေးတဲ့ ပစ္စည်းတွေကို လျှင်တဲ့သူတွေက ယူရောင်းတယ်ဆိုတာသိပေမဲ့ စိတ်ထဲတော့ အတော်မကောင်းဘူးပေါ့။ တိုင်းပြည်ကဆင်းရဲလို့ ဒီလိုဖြစ်ရတာဆိုတဲ့စိတ်ကလေးနဲ့ပဲ ခွင့်လွတ်လိုက်ရတယ်။ ဒါကြောင့် ကိုယ့်ဘ၀ကို မနည်းရုန်းကန်နေရတဲ့ ဒီခောတ်ကြီးထဲမှာ မရှိတဲ့အထဲက တတ်နိုင်သလောက် မရှိဆင်းရဲတဲ့ သူတွေကိုကူညီရအောင်လားဗျာ။

No comments:

Powered By Blogger