Thursday 14 February 2008

တွေးမိတွေးရာ

အင်တာနက်ထဲက ကိုယ့်အိမ်ကိုပြန်လာတော့ အတော်လေးပျင်းစရာကောင်းနေသည်။ ကိုယ်တိုင်တည် ဆောက်ထားတဲ့ အိမ်းလေးက ခနော်ခနဲ့ ပျင်းခြောက်ခြောက် ။ တပင်တိုင်နေသည်ဆိုတော့ ဧည့်သည်အလာနည်းသည် ။ ကိုယ်လည်း သွားမလည်အား၊ သူလည်းမလာအား ။ ဒီလိုနဲ့အိမ်းလေးက ဖုန်တွေနဲ့ ။ လမ်းမှားရောက်လာတဲ့ ရွှေဧည့်သည်တွေကိုတောင်အားနာသည်။ တိုက်စရာ ဘီယာမရှိ။ ကျွေးစရာ ကြက်ကင်မရှိ ။

လာလည်တဲ့သူတွေက ဇွဲကောင်းသည် ။ ရောက်လာတယ်ဆိုတဲ့ အကြောင်းကိုတော့ ဧည့်ခန်းထောင့်မှာရှိတဲ့ ဆီဗုံးထဲ ရေးသွားကြသည်။ နည်းနည်းလေးခံစားလိုက်ရသည်။ ရုတ်တရက် ပါးပြင်ပေါ်သို ရေလုံးလေးများ လိမ့်ဆင်းသွားသည် ။ ကိုဂျက်မျက်ရည်ကျသည်ဟုထင်လိုက်သည် ။ သို့သော် မဟုတ် ဘုရားပန်းအိုးအောက်မှာထိုင်နေတော့ ပန်းမှ ရေများကျလာခြင်းသာဖြစ်သည်။ ဘယ်က အော်လိုက်မှန်းမသိသော အိမ်မြှောင်က ကိုဂျက်ကို သနားလို့ ကျွတ်ကျွတ် တဲ့။
တရက် ။ အမကြီးမမီ က အော်လန်ကိုင်ပြီး ဆီးဗုံးမှာ အော်သွားသည်။ ဘလော်ဂါတွေ အလွတ်သဘော တွေ့ကြမည်တဲ့။ မန်းရွှေပြည်ကလည်း ဘလော်ဂါတွေ လာမည်ဆိုတော့ အတော်စိတ်ဝင်စားသွားသည်။ အချိန် ။ တရုတ်အချိန်မဟုတ် ။ အချိန်နာရီက တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ။ ကိုယ်ကအဲ့ဒီအချိန်သင်တန်းထဲမှာ။ တော်သေးသည် ညနေ ၅ နာရီထိ ဆိုတော့ သင်တန်းပြီးတာနဲ့ service + ကိုပြေး။ ဟိုရောက်တော့ ၄နာရီကျော်။ ကားထိုးပြီး လမ်းလျှောက်လာတော့ ပတ်ဝန်းကျင်ကို နည်းနည်း မျက်စိကစားလိုက်သည်။ လူတစု ခုံပုလေးတွေမှာထိုင်ရင်း လေတွေထန်နေသည်။ သူတို့မျက်နှာတွေကတော့ မကြာခင် အောင်မြင်တော့မယ် စစ်သူကြီး တယောက်ရဲ့ အပြုံးရိပ်တွေကို တွေ့လိုက်ရသည်။ ဘာတွေကြံစည်ထားသည်တော့မသိ ။သေချာကြည့်တော့ သူတို့ကို သိသလိုရှိနေသည် ။ ရုတ်တရက် အလွန်ချိုသာသော အသံတသံကိုကြားလိုက်ရသည်။ မှတ်မိလိုက်သည် မမမီ အသံ ။ ဒီတခါ မမှတ်မိလို့မဖြစ် ။ ဘလော်ဂါဒေးမတိုင်ခင်တုန်းက service + မှာ မမမီနဲ့ ကိုဂျက် ၊ တယောက်နဲ့ တယောက် အရှေ့မှာထိုင်းရင်းမသိကြ။ နောက်တော့မှ မမမီ က ကိုဂျက်ကို ဖုန်းဆက်ခေါ်မှ မှတ်မိကြတော့သည်။ ဒီတခေါက်တော့ မှတ်မိနေသည်။ မမီက သူ့ဝတ္တရားမပျက် ဘလော်ဂါ အားလုံးနှင့်လိုက်မိတ်ဆက်ပေးသည်။ တချို့ကို သိသည်။ မန္တလေးကတော့မသိ။ ကိုဂျက်လည်း နီးရာ ခုံပုလေးပေါ်ထိုင်ချလိုက်သည်။ ဒီတော့မှ လ္ဘက်ရည်ဆိုင်မှန်းသိလိုက်ရသည်။ အားလုံး ကပျော်ရွှင်နေသည်။ အသံကြီးကြီးနဲ့ အားရအောင် စကားတွေပြောနေသော မိန်းကလေးကို သတိထားမိလိုက်သည်။ သူကငွေစရင်းမင်းကြီး ပင့်ဂိုးလ် ။ ကိုမျက်လုံးကို ချက်ခြင်မမှတ်မိ။ သူ့ဘေးက ကိုညီလင်းဆက်ကိုတော့ မင်းသားကြီးမို့မှတ်မိလိုက်သည်။ ၀ိုင်းထဲတွင် ရုပ်ချောချောလေးကောင်မလေးတယောက်ကိုလည်းသတိထားမိသည်။ သူကတော့ မြို့စားကြီးလက်မောင်းကို အားကိုးကြီစွားဖက်တွယ်ထားသည်။ သူချစ်သူမြို့စားကြီး မျက်လုံးထဲက စကားလုံးပေါင်းများစွာကို လိုက်ဖတ်နေသည်။ မြို့စားကြီး စိတ်ကတော့ တခါတခါ အဝေးကို ပြေးထွက်သလို ၊ တခုခုကို စဉ်းစားနေသလို။ ဝေခွဲမရအောင်ကို ဖြစ်နေသည်။ ကိုဂျက် ဒီဝိုင်းထဲသို့ အချိန်းကောင်းရောက်သွားသည်။ အသင်းမတည်ငွေအတွက် အားလုံးက ဆွေးနွေးနေကြသည်။ မန်းက ဘလော်ဂါတွေလည်း အတော်ပျော်နေကြသည်။ ခေါင်းထဲ အတွေးတခု မခေါ်ပဲနှင့် အပြေးဝင်လာသည် ။ လူ၅ ယောက်နှင့်အထက်ပို မစုရတဲ့။ အားလုံးပေါင်းရင် ၀ိုင်းထဲမှာ လူက ၁၀ ယောက်။ ဒီကြားထဲအမှတ်တရ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်လိုက်သေးသည်။ နောက်တော့ ကို လည်း အလုပ်ရှိသေးသည်မို့ အားလုံးကို နှုတ်ဆက်ပြီး စောစောပြန်လာခဲ့သည်။ အားလုံးက ဒုတိယပိုင်းရှိသေးသည်ဆိုပေမဲ့ ကိုယ်နဲ့က မဖြစ်။
ကိုဂျက်အတွေးတွေ ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဖတ်နေတဲ့သူတွေကို အားနာလို့ အတွေးတွေကို ဒီမှာပဲရက်နားလိုက်သည်။

No comments:

Powered By Blogger