Monday 25 June 2007

ချစ်တယ်မီးရယ်

အမ မယ်လိုဒီ ရဲ့ ညည်းချင်လို့ပါ ဖတ်ပြီး ကိုဂျက်လည်း ညည်းချင်လာတယ် ။

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကတည်းက မီးပျက်လာလိုက်တာ ၂၀၀၇ လည်းရောက်ရော မီးပျက်ချိန်ဟာ စံချိန်ကျိုးလာပါတယ် ။ မီးလာလျှင်လည်း ဘာမှသုံးမရ ။ ၁၉၉၀ ခုနှစ် ကိုဂျက် ၂တန်းအရွယ် ရန်ကုန်ရောက်စကဆို မီးတော့ သိပ်မပျက်ဘူး ။ မီးအားအရမ်းနည်းတယ် ။ မီးချောင်းတွေက ရိုးရိုးချုပ်တွေဆိုတော့ မီးအ၀င် ၂၀၀-၂၂၀ V မရှိရင် မလင်းဘူး ။ အဲ့ဒီတုန်က မီးအ၀င်က ၆၀-၈၀ V ရှိတော့ ၆၀W မီးလုံးနဲ့စာကျက်ရတယ် ။ ဒါတောင် တခါတခါ မီးက ခရမ်းချဉ်သီး လောက်ဘဲ လင်းလို့ ဖယောင်းတိုင်နဲ့ဘဲစာကျက်ရတယ်။

ဒီတုန်းက လူတွေအားလုံး ရေရှည်မီးပျက်မယ်ဆိုတာ ဘယ်သူမှ မသိလို့ ၂နှစ်ကျော်ကျော် အမှောင်ထဲနေခဲ့ကြရတယ် ။ နောက်တော့ လူတွေက အသိဥာဏ် မြင့်လာကြတော့ မီးမြှင့်စက်တွေသုံး ၊ အော်တိုချုပ်တွေသုံး ၊ မီးတွေခိုးသွယ် ၊ အဲ့ဒီလို ကိုယ်ထူကိုယ်ထလုပ်လိုက်ကြတာ ကိုဂျက်တို့ရပ်ကွက် မီးပြန်လင်းလာ တယ်။

မီးတွေလင်းလာလိုက်တာ ၊ ပျော်လို့တောင်မဆုံးသေးဘူး သူကအချိုးပြောင်း သွားတယ် ။ မီးကနည်းနည်းကြီးကျယ်လာတယ် ၊ သူဟာသူ လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန် ဘယ်သူ့ကိုမှ အသိမပေးတော့ဘူး ။ လူတွေကလည်း မီးမလာတာ နေမကောင်းလို့လားဆိုပြီး EPC ကိုမေးရော ၊ မီးရဲ့လက်အောက်ခံ ၀န်ထမ်းတွေက သူတို့မသိကြောင်းပြောတော့ လူတွေဘာမှမတတ်နိုင်ကြဘူး ။ နောက်တော့ မီးလေး မလာရင် လူတွေက EPC ကိုဆက်ပြီး မီးလေးနေကောင်းစေဖို့ မေတ္တာပို့ကြတယ် ။ အဲ့ဒီတုန်က လမ်းဘေး PCO phone တွေမရှိသေးဘူး ။Phone ရှိတဲ့ လူတိုင်း မီးလေးနေကောင်းစေဖို့ phone ဆက်ပြီး မေတ္တာပို့ကြတယ် ။

နောက်တော့ မီးကတော်တော်နေမကောင်းဖြစ်လာလို့ ကိုဂျက်တို့၈ -၉တန်း မှာ inverter တွေသုံးလာကြတယ် ။ ဒါလည်း သိပ်အဆင်မပြေဘူး ။ အသစ်တုန်းက အသုံးခံပေမဲ့ ကြာတော့ battery က အားနည်းလာတယ်။ဒါကြောင့် မှောင်မြဲမှောင် နေပြန်ရော။

၁၀ တန်းလည်းရောက်ရော ပိုက်ပိုက်ရှိတဲ့လူတွေက လက်ဆွဲမီးစက် လေးသုံးလာကြတယ် ။ သူကျမှဘဲ မီးကိုဂရုစိုက်စရာမလို တော့ဘူး။ ဒါနဲ့ကိုဂျက် တို့ရပ်ကွက် ထဲမှာ မီးစက်သံနဲ့ ဆူညံနေပါရော ။ လူတွေက မီးစက်ကိုသိပ်ချစ်တယ်။ ဒါပေမဲ့ သူ့ကိုဘယ်လိုယုယရမလဲဆိုတာ မသိကြဘူး ။

အင်ဗာတာတွေ ၊ မီးစက်တွေ မသုံးခင်က ဖယောင်းတိုင်ကိုသုံးကြတယ် ။ ဖယောင်းတိုင်သုံးတုန်က မီးလောင်တဲ့ သတင်းအမြဲကြားရတယ် ။ ဟော အင်ဗာတာ တွေသုံးတော့ရော ၊ ဘာထူးလည်း မကောင်းသတင်းကကြားမြဲ ကြားရတာဘဲ ။ Battery အက်ဆစ်ဖြည့်တာ ဖယောင်းတိုင်နဲ့ ကြည့်ပြီးဖြည့် လို့ ပေါက်ကွဲတာကတမျိုး ၊ battery အမျိုးအစားညံ့လို့ ပေါက်တာတမျိုး အမျိုးမျိုးကြား နေရတယ်။

အဲ မီးစက်ကြတော့ရော…။ ကောင်းတာတွေတော့ သိပြီးသားပါ။ လွန်ခဲ့တဲ့ ၇ နှစ၊် ၁၀ တန်း ကျောင်းသားဘ၀က အဖြစ်အပျက်တခုပါ ။ ဒီတုန်းက လက်ဆွဲ မီးစက်တွေ ပေါ်တာမကြာသေးဘူး ။ မိန်မတွေတောင် မနိုင် ၊ နှိုးနိုင် ၊ တိုက်ခန်း တွေမှာ သုံနိုင်တာဆိုတော့ လူကြိုက်များတယ် ။ ကိုဂျက် သူငယ်ချင်းတယောက် သူ့မှာ ညီအငယ်ဆုံးတယောက်ရှိတယ် ။ သူတို့က ညီအကို ၂ ယောက်ဘဲရှိတာ ။ အသက်ကလည်း ၁၀ နှစ်ကျော် ကွာတာဆို တော့ သူ့ညီကိုတော်တော်ချစ်တာ ။

တနေ့ ဒီကောင်ရယ် ၊ သူ့အဖေရယ် ညဘက်အိမ်မှာမရှိဘူး ။ သူ့အမေရယ် သူ့ညီလေးရယ် အိမ်မှာကျန်ခဲ့တာ ။ သူ့အမေကလည်း မီးလည်းမလာ ၊ ပူလည်းပူ အိုက်လည်းအိုက်ဆိုတော့ လက်စွဲမီးစက်ကလေးကို အိမ်နောက်ဖေး မီးဖိုချောင်မှာ နှိုး ၊ မီးခိုးထွက်ဖို့ တခါးလေးဟထားခဲ့တယ် ။ ပြီးတော့မှ အိမ်ရှေ့မှာကလေးကို သိပ်ရင်း အိပ်ပျော်သွားတယ် ။ မနက်စောစောကျတော့ ဒီကောင်ပြန်ရောက်လာ တယ် ။ သူများအိမ်တွေ မီးလာနေပြီ ၊ သူ့အိမ်က ခုထိမီးစက်သံကြားနေရတယ် ၊ နောက်ပြီး ၊ ဘယ်သူမှလည်းတခါးလာမဖွင့်တော့ စိတ်ပူပြီး တခါးကို ဘေးတစောင်းတိုက်ပြီး ဖျက်ဝင်လိုက်တယ် ။ အိမ်ထဲရောက်တော့ မီးခိုးတွေမွှန်နေတယ် ။ အသက်တောင်ရှုလို့မရဘူး ။ အိမ်မှာရှိတဲ့တခါးတွေ အကုန်လိုက်ဖွင့် အမေနဲ့ ညီလေးကိုရှာတော့ ခုတင်ပေါ်မှာ မလှုပ်မရှား။ ဆေးရုံကို အမြန်ပို့တော့လည်း သူ့ညီရဲ့အသက်ကို ကယ်လို့မရတော့ဘူး ။ သူ့အမေကတော့ ၂ ရက်လောက်မေ့နေတယ် ။ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာ သတိမရဘူး ။ သူ့သားသေတာတောင်မသိ ၊ အလောင်းမြေချတာလည်းချက်ချင်းမသိသေးဘူး ။

လေ၀င် လေထွက် နည်းတဲ့ ရန်ကုန်တိုက်ခန်းကျင်းကျင်းလေးထဲမှ မီးစက် ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် မိသားစုတွေ သေကွဲကွဲခဲ့ရတာတွေ ၊ မီးစက်အတွက် ကားကို စက်နှိုးရင်းဓာတ်ဆီထုတ်မိလို့ သေရသူတွေ ၊ လျှပ်စစ်မီးမရှိလို့ gas နဲ့ချက်ရင်း ပေါက်ကွဲလို့ လေးထပ်တိုက် ကနေဆင်းပြေးရတဲ့ သက်ကြားရွယ်အိုတွေ ၊ ဖယောင်းတိုင်နဲ့စာကျက်ရင်းအိပ်ပျော်သွားလို့ အိမ်မီး လောင်သွားတာတွေ ၊ ပြောမယ်ဆို မကုန်နိုင်တဲ့ အဖြစ်အပျက် တွေအ များကြီး ။ လူတွေဘယ်လောက် သတိကောင်း ကောင်း သတိပေါ့တာနဲ့လျှောတာဘဲ ။

၎ ပေ မီးချောင်းတချောင်းချွေတာရင် ၂၀ M W ဓာတ်အားပေးစက်ရုံဆောက် လို့ရတယ်ဆိုလို့ ကိုဂျက်တို့ ရန်ကုန်က လူလတ်တန်းစားတွေ မရှိတဲ့ မီးကို ချွေတာကြသေးတယ် ။ ရန်ကုန်မှာ ဓတ်အားခတွေ တအားလျော့ကျသွားလို့ တမြို့လုံးဝမ်းသာနေကြတယ် ။ မကြာခင် ဓာတ်အားပေးစက်ရုံဆောက်နိုင်တော့ မှာမို့ပါ ။ ဒါပေမဲ့ ကြာကြာဝမ်းမသာနိုင်ဘူး ။ ၂ လ လောက်ကြာတော့ ဓာတ်အားခကနေ ပိုက်ပိုက်အရနည်းလို့ဆိုပြီး မီတာထိန်းသိမ်းစောင့်ရှောက်ခတွေ ၂ ဆ တိုးလိုက်တယ် ။ ဒုန်ရင်း က ဒုန်ရင်းဘဲ ။

ဟော အခု ၂၀၀၇ လည်းရောက်ရော ၊ မြန်မာနိုင်ငံမှာ နှစ် ၁၀၀ ကျော်နေလာတဲ့ မီးလေးက နိုင်ငံခြားကို အရမ်းအထင်ကြီးနေတယ် ။ နိုင်ငံခြားသွားချင်တယ်ဆိုတာကြီးဘဲ ။ သူသာမရှိရင် ကိုဂျက်တို့ တော့ ရင်ကွဲနာကျမှာဘဲ ။ ချစ်တယ်မီးရယ် ၊ မီး အစားနောက်ဆိုရင် inverter တို့ generator တို့ မသုံးဆို မသုံးပါဘူး ။ ကိုဂျက်နဲ့ ရိုးမြေကျ နေပါဆိုတာကို မရဘူး ။ မီးပြောတဲ့ စကားတခွန်းရှိတယ် ။ သူကဒေါ်လာစားတဲ့ ။ သူဒေါ်လာဘဲလိုချင်တယ်ဆိုတော့ ကိုဂျက်လည်း သိပ် စိတ်ညစ်နေတယ် ။

ဒါကြောင့် အမ မယ်လိုဒီလိုပဲ ညည်းလိုက်ချင်ပါ တော့တယ်။

(မည်သူ တဦးတယောက်ကိုမျှ ရည်ညွှန်းရေးသားထားခြင်းမရှိပါ)

2 comments:

Ko Nay Gyi said...

ကိုဂျက်ရေ တစ်ကယ်ခံစားရတယ်...။ ကိုယ်လည်း မီးကို စိတ်နာနေတဲ့သူပါပဲ...။

Hteink Min said...

သူများတွေ နိုင်ငံခြားသွားသွားနေတော့ မီးလည်း သွားချင်မှာပေါ့..ဟုတ်ဘူးလား...ဟား၃၃၃

Powered By Blogger